- By CNI
- Category: အားကစား
- Hits: 1287
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၂
လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က ဖူလ်ဟမ်အသင်းကို အနိုင်ရပြီးနောက် သူတို့ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ပြိုင်ပွဲမှာ ဆက်ရှိချင်တယ်လို့ ပြောကာ အာဆင်နယ်နဲ့ မန်စီးတီးအသင်းကို သတိပေး လိုက်ပါတယ်။
ကလော့ပ်က “ကျနော်တို့ ဒီပြိုင်ပွဲမှာ ဆက်ရှိချင်တယ်ဆိုတာ ရှင်းပါတယ်။ အာဆင်နယ်အသင်းဟာ မနေ့က အနိုင်ရခဲ့ပြီး မန်စီးတီးအသင်းဆိုရင် သူတို့လက်ထဲမှာရှိနေတဲ့ ပွဲကိုအနိုင်ယူပါလိမ့်မယ်။ ဒါကြောင့် ကျနော်တို့ လည်း ပွဲတွေကို အနိုင်ယူရမှာဖြစ်ပြီး ဒီလိုလုပ်နိုင်ဖို့ ကြိုးစားသွားရမှာပါ။ ကျနော်တို့ဟာ မိနစ် ၈၀ လုံး အလွန် ကောင်းမွန်တဲ့ပွဲကို ကစားနိုင်ခဲ့ပေမယ့် ပထမပိုင်းရဲ့ နောက်ဆုံး ၁၀ မိနစ်ကိုတော့ ကျနော်မကြိုက်ပါဘူး။ ဂိုး လည်း ပေးခဲ့ရပေမယ့် ဒုတိယပိုင်းကိုတော့ အလွန်နှစ်သက်ပါတယ်” လို့ BBC Match of the Day ကို ပြောပါ တယ်။
လီဗာပူးလ်အသင်းဟာ ဖူလ်ဟမ်အသင်းနဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
လီဗာပူးလ်အသင်းအတွက် ဂိုးတွေကို အာနိုးလ်၊ ဂရာဗန်ဘာချ်နဲ့ ဂျိုတာတို့က သွင်းယူခဲ့ပြီး ဖူလ်ဟမ်အသင်း အတွက် ချေပဂိုးကို ကာစတာနီက သွင်းယူခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်နဲ့ ဖူလ်ဟမ်အသင်း ယှဉ်ပြိုင်နေစဉ်
လီဗာပူးလ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပဲလေ့စ်အသင်းကို အရေးနိမ့်ခဲ့ပေမယ့် ဖူလ်ဟမ်အသင်းကို အနိုင်ရခဲ့တာကြောင့် ချန်ပီယံဆုအတွက်ပြိုင်ပွဲမှာ ဆက်ပြီးရှိနေခဲ့တာပါ။
အန်ဖီးလ်ကလပ်ဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်အဆင့် ၁ နေရာက အာဆင်နယ်အသင်းနဲ့ ရမှတ်တူ ဂိုး ကွာခြားချက်ကြောင့် အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး မန်စီးတီးအသင်းက တစ်ပွဲလျော့ ၁ မှတ်အကွာနဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ဖူလ်ဟမ်အသင်းနဲ့ပွဲစဉ်မှာ ဆာလက်၊ မက်အယ်လစ္စတာတို့ကို ပွဲထွက်လူစာရင်းမှာ အနား ပေးခဲ့ပြီး ဒုတိယပိုင်းရောက်မှသာ လူစားဝင်အဖြစ် အသုံးပြုခဲ့တာပါ။
ကလော့ပ်ကတော့ သူတို့ဟာ လာမယ့် ရက်တွေမှာလည်း ပရီးမီးယားလိဂ်ပွဲတွေ ကစားဖို့ရှိနေတာကြောင့် လူစာရင်း အပြောင်းအလဲ ပြုလုပ်ဖို့ လိုအပ်တယ်လို့ ပွဲအပြီးအင်တာဗျူးမှာ ပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဧပြီ ၂၅ ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 1358
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၂
ကိုဗင်ထရီအသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရပြီး FA ဖလားဗိုလ်လုပွဲ တက်နိုင်ခဲ့ပြီးနောက် ယူနိုက်တက် အသင်းနည်းပြ အဲရစ်တန်ဟတ်က FA ဖလားဗိုလ်လုပွဲကို ၂ ကြိမ်ဆက် တက်နိုင်တာက အောင်မြင်မှုလို့ ပြောခဲ့ပါတယ်။
အဲရစ်တန်ဟတ်က “ခံစားချက်တွေ ရောထွေးနေတယ်ဆိုတာ ရှင်းပါတယ်။ ဒါပေမယ့် ၂ နှစ်အတွင်း FA ဖလား ဗိုလ်လုပွဲကို ၂ ကြိမ် တက်နိုင်တာက အောင်မြင်မှုပါပဲ။ ကျနော်တို့ဟာ ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး ၃ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်ခဲ့တာကြောင့် အနိုင်ရသင့်ပါတယ်။ ကျနော်တို့ဟာ မိနစ် ၇၀ ကနေ ပွဲပြီးတဲ့အထိ အမှားတွေလုပ်ခဲ့ ကြပါတယ်။ ကျနော်တို့လုပ်ခဲ့တဲ့ အမှားတွေကို မြင်ပေမယ့် ဒါက ရှက်စရာတော့ မဟုတ်ပါဘူး။ ကျနော်တို့ အောင်မြင်မှုတွေ အများကြီးရယူချင်တယ်”လို့ ပြောပါတယ်။
FA ဖလားဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ယူနိုက်တက်အသင်းနဲ့ ကိုဗင်ထရီအသင်းတို့ပွဲစဉ်မှာ ယူနိုက်တက် အသင်းက ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရပြီး ဗိုလ်လုပွဲတက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲစဉ်မှာ ယူနိုက်တက်အသင်းဟာ ပွဲချိန်မိနစ် ၇၀ အထိ ကိုဗင်ထရီအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်နိုင် ခဲ့ပေမယ့် ဒီနောက်ပိုင်းမှာ ချေပဂိုးတွေ ဆက်တိုက် ခွင့်ပြုခဲ့ရတာကြောင့် ၃ ဂိုးစီသရေကျပြီး အချိန်ပို ဆက်လက် ယှဉ်ပြိုင်ခဲ့ရတာပါ။

အဲရစ်တန်ဟတ်ကို တွေ့ရစဉ်
အချိန်ပို နောက်ဆုံးမိနစ်မှာ ကိုဗင်ထရီအသင်း အနိုင်ဂိုးရခဲ့ပေမယ့် လူကျွံနေတာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတာ ဖြစ်ပါတယ်။
ပင်နယ်တီ အဆုံးအဖြတ်မှာ ယူနိုက်တက်အသင်းက ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး FA ဖလားဗိုလ်လုပွဲကို ၂ နှစ် ဆက်တိုက် တက်နိုင်ခဲ့တာပါ။
ယူနိုက်တက်အသင်း ခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က သူတို့အနေနဲ့ အသင်းရဲ့ အဆင့်အတန်းအတွက် ဒီထက် ပိုကောင်းအောင် လုပ်ရမယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်က “FA ဖလားတစ်ခု ရခဲ့ရင်တောင် ကျနော်တို့အောင်မြင်မှာ မဟုတ်ပါဘူး။ ကလပ်ရဲ့ အဆင့်အတန်းက ကျနော်တို့ လုပ်ခဲ့တာထက် အများကြီး ပိုမြင့်ပါတယ်။ ကျနော်တို့ဟာ ပရီးမီးယားလိဂ်၊ ကာရာဘောင်းဖလားနဲ့ ဥရောပပြိုင်ပွဲတွေမှာ ဒီထက်ပိုပြီး ကောင်းအောင်လုပ်ရမှာပါ”လို့ ပြောပါတယ်။
FA ဖလားဗိုလ်လုပွဲအဖြစ် မန်စီးတီးအသင်းနဲ့ ယူနိုက်တက်အသင်းတို့ဟာ မေလ ၂၅ ရက် ဝင်ဘာလေကွင်းမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 841
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၁၉
လီဗာပူးလ်အသင်းဟာ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ အတ္တလန်တာအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် ပထမအကျော့က ဂိုးပြတ် အရေးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။
ဒီပွဲမှာ လီဗာပူးလ်အသင်းဟာ အတ္တလန်တာအသင်းကို တစ်ပွဲလုံးဖိကစားနိုင်ခဲ့ပြီး ပွဲချိန် ၇ မိနစ်မှာကတည်းက ဆာလက်က ပင်နယ်တီကနေ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် နောက်ထပ် သွင်းဂိုးတွေကိုတော့ ရယူနိုင်ခဲ့ခြင်းမရှိတာပါ။
ဒီနှစ်သင်းရဲ့ ပထမအကျော့ပွဲစဉ်မှာ အတ္တလန်တာအသင်းက ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၃ ဂိုး-၁ ဂိုးနဲ့ အတ္တလန်တာအသင်း အနိုင်ရပြီး ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီရာသီအကုန်မှာ ထွက်ခွာမယ့် နည်းပြ ကလော့ပ်ကို ဆုဖလား ၄ လုံး ရယူပေးပြီး နှုတ်ဆက်ဖို့ ရည်မှန်းထားပေမယ့် ကာရာဘောင်းဖလား တစ်လုံးသာ ရယူထားနိုင်ခဲ့သလို ပရီးမီးယားလိဂ် ရယူဖို့လည်း သေချာမှုမရှိတာပါ။
ကလော့ပ်ဟာ လီဗာပူးလ်အသင်း နည်းပြဘဝမှာ ယူရိုပါလိဂ်ဖလားက လွဲပြီး ဆုဖလားအားလုံး ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
အတ္တလန်တာအသင်းအပြင် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ကို ရိုးမား၊ လေဗာကူဆင်နဲ့ မာဆေးလ်အသင်းတို့လည်း တက်နိုင်ခဲ့တာပါ။
အဲဒါကြောင့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်တွေအဖြစ် မာဆေးလ်နဲ့ အတ္တလန်တာ၊ ရိုးမားနဲ့လေဗာကူဆင် အသင်းတို့ လာမယ့် မေလထဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 836
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၁၇
ဧပြီ ၁၇ ရက် မနက်ပိုင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တွေအပြီးမှာ ပီအက်စ်ဂျီနဲ့ ဒေါ့မွန်အသင်းတို့ ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းနဲ့ ဘာစီလိုနာအသင်းတို့ပွဲမှာ ပီအက်စ်ဂျီအသင်းက ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ဒီပွဲမှာ ရာဖင်ဟာက ဘာစီလိုနာအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ပေမယ့် နောက်ခံလူ အာရူဟို အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတာက ပွဲကို အလှည့်အပြောင်း ဖြစ်သွားစေခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ဒမ်ဘီလီ၊ ဗီတင်ဟာနဲ့ ဘတ်ပီက ၂ ဂိုးသွင်းယူခဲ့တာပါ။

ဒေါ့မွန်အသင်းကို တွေ့ရစဉ်
ဒီနှစ်သင်းရဲ့ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဘာစီလိုနာအသင်းက ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် နှစ်ကျော့ ပေါင်းရလဒ် ၆ ဂိုး- ၄ ဂိုးနဲ့ ပီအက်စ်ဂျီအသင်း အနိုင်ရပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ၂၀၂၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
နောက်ထပ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာတော့ ဒေါ့မွန်အသင်းက အသလက်တီကို အသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ဒီပွဲမှာ ဒေါ့မွန်အသင်းအတွက် ဂိုးတွေကို ဘရန့်၊ မက်ဆန်၊ ဖူလ်ခရက်ချ်နဲ့ ဆာဘစ်ဇာတို့က သွင်းယူခဲ့ပြီး အက်သလက်တီကို အသင်းအတွက် ဂိုးတွေကို ကော်ရီယာနဲ့ ဒေါ့မွန်အသင်းနောက်ခံလူ ဟမ်းမဲလ်ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဒီနှစ်သင်းရဲ့ ပထမအကျော့ပွဲစဉ်မှာ အသလက်တီကိုအသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် နှစ်ကျော့ပေါင်း ရလဒ် ၅ ဂိုး-၄ ဂိုးနဲ့ ဒေါ့မွန်အသင်း အနိုင်ရပြီး ဆီမီးဖိုင်နယ်တက်နိုင်ခဲ့တာပါ။
ဒီပွဲစဉ်တွေမှာ အနိုင်ရခဲ့တဲ့ ပီအက်စ်ဂျီနဲ့ ဒေါ့မွန်အသင်းတို့ဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ တွေ့ဆုံကြရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 1068
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၁၆
ပရီးမီးယားလိဂ်ပွဲစဉ် ၃၃ အဖြစ် ကစားခဲ့တဲ့ ချယ်လ်ဆီးအသင်းက အဲဗာတန်အသင်းကို ၆ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရတဲ့ပွဲမှာ ကိုးလ်ပါလ်မာဟာ ချယ်လ်ဆီးအသင်းအတွက် ၄ ဂိုးသွင်းပြီး ခြေစွမ်းပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကိုးလ်ပါလ်မာဟာ ဒီပွဲမှာ သွင်းယူတဲ့ဂိုးတွေကြောင့် ဒီရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၂၀ အထိ ရှိလာခဲ့ပြီဖြစ်ပြီး မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းနဲ့အတူ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ပူးတွဲရပ်တည်နေတာပါ။
အဲဗာတန်အသင်းနဲ့ပွဲမှာ ၄ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ကိုးလ်ပါလ်မာဟာ ၂၀၁၀ ခုနှစ်၊မတ်လက ဖရန့်လမ်းပတ် နောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းအတွက် တစ်ပွဲတည်း ၄ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက မန်စီးတီးအသင်းကနေ ရောက်ရှိလာပြီးကတည်းက ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြသ နေတဲ့ ကိုးလ်ပါလ်မာဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဟက်ထရစ် ၂ ကြိမ် ရယူထားတာ ဖြစ်ပါတယ်။
အသက် ၂၁ နှစ်အရွယ်ရှိ ကစားသမားဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ၃၈ ပွဲ ပါဝင်ကစား ထားပြီး ၂၃ ဂိုးသွင်းယူထားတာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၉ နေရာမှာ ရပ်တည်နေပေမယ့် အဆင့် ၆ နေရာက နယူးကာဆယ်အသင်းထက် ၁ ပွဲလျော့ ကစားထားပြီး ၃ မှတ်သာ ကွာဟတော့တာ ဖြစ်ပါ တယ်။
ချယ်လ်ဆီးအသင်းဟာ ဧပြီ ၂၀ ရက်မှာ FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 730
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၁၅
လေဗာကူဆင်အသင်းဟာ ဝါဒါဘရီမင်အသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရပြီးနောက် အသင်းရဲ့နှစ်ပေါင်း ၁၂၀ သမိုင်းတစ်လျှောက်မှာ ပထမဆုံးအကြိမ် ဘွန်ဒစ်လီဂါဆုဖလားကို ရရှိသွားခဲ့ပါတယ်။
လေဗာကူဆင်အသင်းဟာ ဒီနိုင်ပွဲကြောင့် အဆင့် ၂ နေရာက ဘိုင်ယန်မြူးနစ်အသင်းကို ၁၆ မှတ်အထိ ဖြတ်ထား နိုင်ခဲ့ပြီး ဒီရာသီ ဘွန်ဒစ်လီဂါပွဲကစားဖို့ ၅ ပွဲသာ ကျန်ရှိတော့ချိန်မှာ ဆုဖလားရရှိသွားခဲ့တာပါ။
ပွဲအပြီးမှာ လေဗာကူဆင်အသင်း ပရိသတ်တွေဟာ ကွင်းအတွင်း ဆင်းလာခဲ့ပြီး ကစားသမားတွေနဲ့အတူ အောင်ပွဲခံမှု ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။

ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ချန်ပီယံဆုကို ၁၁ ကြိမ်ဆက်တိုက် ရယူထားတဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကြီးစိုးနေမှုကို အဆုံးသတ်ပေးခဲ့တဲ့ လေဗာကူဆင်အသင်းနည်းပြ ဇာဘီအလွန်ဆိုက ဒီခံစားချက်က မယုံနိုင်လောက်အောင်ပဲလို့ ပြောခဲ့တာပါ။
ဇာဘီအလွန်ဆိုက "ကျနော်တို့ဟာ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ ပရိသတ်တွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် အောင်ပွဲ ခံမှုပြုလုပ်ရမှာပါ။ ဒါက နည်းပြတစ်ဦးအနေနဲ့ ကျနော့်အတွက် ပထမဆုံးရာသီ အပြည့်အဝ ကိုင်တွယ်ရတာဖြစ်ပြီး ခံစားချက်က မယုံနိုင်လောက်အောင်ပါပဲ။ ကျနော်အားလုံးကို ဂုဏ်ယူတယ်"လို့ ပြောခဲ့တာပါ။
လေဗာကူဆင်အသင်းဟာ လက်ရှိအချိန်မှာ ပြိုင်ပွဲစုံရှုံးပွဲမရှိ စံချိန်ကို တင်ထားပြီး ဂျာမန်ပိုကယ်ဖလားနဲ့ ယူရိုပါလိဂ် ပြိုင်ပွဲမှာလည်း ချန်ပီယံဆု ရယူနိုင်မယ့် လမ်းကြောင်းမှာ ရှိနေပါတယ်။
အဲဒါကြောင့် လေဗာကူဆင် အသင်းအနေနဲ့ တစ်ရာသီအတွင်း ရှုံးပွဲမရှိစံချိန်နဲ့ ဆုဖလား ၃ လုံးစလုံး ရယူသွားနိုင် မလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 852
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၁၂
ဒီရာသီမှာ လေဗာကူဆင်အသင်းကို ရလဒ်ကောင်းတွေရရှိအောင် ကိုင်တွယ်ထားတဲ့ ဇာဘီအလွန်ဆိုဟာ အနာဂတ်မှာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေကို ကိုင်တွယ်ဖို့နဲ့ ပတ်သက်ပြီး ငြင်းဆန်ခြင်းမရှိတာဖြစ်ပါတယ်။
ဇာဘီအလွန်ဆိုက”အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်တော့မှမသိနိုင်ပါဘူး။ အခုအချိန်မှာတော့ ဒါကို မစဉ်းစားသေးပါဘူး။ လက်ရှိအချိန်မှာ ကျွန်တော်ဟာ ငယ်ရွယ်တဲ့ နည်းပြတစ်ဦးအဖြစ်ရှိနေပါတယ်။ ပရီးမီးယား လိဂ်က နာမည်ကြီးကစားသမားတွေ၊နည်းပြတွေ၊အသင်းတွေနဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ပြိုင်ပွဲပါ”လို့ ပြောခဲ့ တာပါ။
ဇာဘီအလွန်ဆိုဟာ ဒီရာသီအကုန်မှာ လီဗာပူးလ်အသင်းကနေ ထွက်ခွာမယ့် နည်းပြကလော့ပ်နေရာမှာ အစားထိုးဖို့ ပစ်မှတ်ထားခြင်းခံခဲ့ရသလို ဘိုင်ယန်မြူးနစ်အသင်းနည်းပြ တူချယ်လ်ရဲ့နေရာမှာ အစားထိုး ဝင်ရောက်ဖို့ ချိတ်ဆက်ခံခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့် ဇာဘီအလွန်ဆိုဟာ လေဗာကူဆင်အသင်းမှာ အနည်းဆုံးနောက်ထပ်တစ်ရာသီအထိ ဆက်ရှိမယ်လို့ ကြေညာသွားခဲ့တာဖြစ်ပါတယ်။

ဇာဘီအလွန်ဆိုဟာ လေဗာကူဆင်အသင်းကို မကိုင်တွယ်ခင် ဆိုစီဒက်ဘီအသင်းကို စတင်ကိုင်တွယ်ခဲ့တာပါ။
စပိန်လူမျိုးနည်းပြဟာ ၂၀၂၂ ခုနှစ်၊နိုဝင်ဘာမှာ လေဗာကူဆင်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး မနှစ်ကရာသီက တန်းဆင်းဇုန်နားကနေ အဆင့် ၆ နေရာရပ်တည်နိုင်အောင် ဦးဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
လေဗာကူဆင်အသင်းဟာ ဒီရာသီမှာတော့ ပြိုင်ပွဲစုံ ၄၂ ပွဲအထိ ရှုံးပွဲမရှိသေးဘဲ ဆုဖလား ၃ လုံးရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေတာပါ။
လေဗာကူဆင်အသင်းနဲ့ ဇာဘီအလွန်ဆိုတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိနေတာ ဖြစ်ပါတယ်။
Source:Sportsmole
- By CNI
- Category: အားကစား
- Hits: 844
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၁၂
ပြီးခဲ့ရက်ပိုင်းက ချယ်လ်ဆီးအသင်းကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကြွက်သားဒဏ်ရာရရှိခဲ့တဲ့ နောက်ခံလူ ဗာရန်းဟာ ရက်သတ္တပတ်အနည်းငယ်အနားယူရမယ်လို့ ယူနိုက်တက်အသင်းက အတည်ပြု ခဲ့ပါတယ်။
ဗာရန်းဟာ ချယ်လ်ဆီးအသင်းကို ၄ ဂိုး-၃ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရပြီး လီဗာပူးလ်အသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် ပါဝင်နိုင်ခဲ့ခြင်းမရှိတာပါ။
ယူနိုက်တက်အသင်းကတော့ ဗာရန်းဟာ ဧပြီလအတွင်း ကစားမယ့် ပွဲတွေမှာ ပါဝင်နိုင်ဖို့ မရှိပေမယ့် မေလမှာပြန်လည်ပါဝင်နိုင်ဖို့ မျှော်လင့်တယ်လို့ အတည်ပြုထားတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ကစားဖို့ (၇)ပွဲသာ ကျန်ရှိတော့သလို FA ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ကိုဗင်ထရီအသင်းနဲ့ ကစားရဖို့ ရှိနေတာပါ။

ဗာရန်းနဲ့ ယူနိုက်တက်အသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ် ဟာ ဒီရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး မန်ချက်စတာကလပ်ကတော့ သူ့ကို လက်ရှိပေးချေနေရတဲ့ လုပ်ခလစာ ထက်လျော့နည်းပြီး စာချုပ်သစ်ကမ်းလှမ်းဖို့ ရှိနေတာဖြစ်ပါတယ်။
သတင်းတွေမှာတော့ ဗာရန်းဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သစ်ချုပ်မှာမဟုတ်ဘဲ ထွက်ခွာဖွယ်ရှိနေတယ်လို့ ဖော်ပြထားတာပါ။ ဗာရန်းအပြင် ဒဏ်ရာရရှိနေတဲ့ နောက်ခံလူ ဂျွန်နီအီဗန်စ်လည်း ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်ကို လွဲချော်မယ်လို့ သိရပါတယ်။
ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ သူတို့ နှစ်ဦးအပြင် နောက်ခံလူတွေဖြစ်တဲ့ လီဆန်ဒရိုမာတီနက်စ်၊လင်ဒီလော့ဖ်၊မာလာစီယာနဲ့ လုပ်ခ်ရှောတို့ကို ဒဏ်ရာတွေကြောင့် အနားပေးထားရတာပါ။
ယူနိုက်တက်အသင်းဟာ ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်မှာ ပြီးခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်လိုပဲ မက်ဂွဲယားနဲ့ လူငယ်နောက်ခံလူ ကမ်ဘွာလာတို့ကို တွဲဖက်အသုံးပြုဖို့ ရှိနေတာဖြစ်ပါတယ်။
Source:Metro
- By CNI
- Category: အားကစား
- Hits: 1072
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၁၂
ဝက်စ်ဟမ်းအသင်းဟာ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ လေဗာကူဆင်အသင်းကို အရေးနိမ့် ခဲ့ပေမယ့် ဆီမီးဖိုင်နယ်တက်ဖို့ အခွင့်အရေး တစ်ဝက်ရှိသေးတယ်လို့ နည်းပြ ဒေးဗစ်မိုယက်စ်က ပြောခဲ့ပါတယ်။
ဒေးဗစ်မိုယက်စ်က “လေဗာကူဆင်ဟာ နောက်ကျ သွင်းဂိုးတွေအတွက် စံချိန်မှတ်တမ်းကောင်းရှိပါတယ်။ ကျနော် တို့ဟာ ဒီပွဲမှာ ကောင်းမွန်စွာ လုပ်နိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်အသင်းနဲ့ ကစားခဲ့ရတာပါ။ ကျနော်တို့ဟာ ဒီအဆင့်ကို မရောက်ရှိသေးပေမယ့် နောက်တစ်ပွဲကစားဖို့ ကျန်ရှိနေသေးတဲ့အတွက် ဒုတိယအကျော့မှာ အခွင့်အရေး တစ်ဝက်ရှိပါတယ်။ ကျနော်တို့လိုချင်တဲ့ ရလဒ်ကို ရယူနိုင်ဖို့အတွက် ထူးခြားကောင်းမွန်စွာ လုပ်ဆောင်ရပါလိမ့် မယ် “လို့ TNT Sports ကို ပြောပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ အဝေးကွင်းမှာ ကစားခဲ့ရတဲ့ ဒီပွဲစဉ်မှာ ဟော့ဖ်မန်း၊ ဘိုနီဖေ့စ်တို့ရဲ့ သွင်းဂိုးတွေကြောင့် လေဗာကူဆင်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ လေဗာကူဆင်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၇၃ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၃၃ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၁၃ ကြိမ်အထိ ရှိခဲ့တာပါ။

ဒေးဗစ်မိုယက်စ်ကို တွေ့ရစဉ်
ဝက်စ်ဟမ်းအသင်းကတော့ ဘောလုံးပိုင်ဆိုင်မှု ၂၇ ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းမှုနဲ့ ဂိုးပေါက်တည့်မှု ၁ ကြိမ်သာ ရှိခဲ့တာဖြစ်ပါတယ်။
ဒီရာသီ နည်းပြ ဇာဘီအလွန်ဆို လက်ထက်မှာ အကောင်းဆုံး ပုံစံရရှိနေတဲ့ လေဗာကူဆင်အသင်းဟာ အခုဆိုရင် ပြိုင်ပွဲစုံ ရှုံးပွဲမရှိတာ ၄၂ ပွဲအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
လေဗာကူဆင်အသင်းဟာ ဒီရာသီ ဆုဖလား ၃ လုံး ရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေတာဖြစ်ပြီး ကွင်းလယ် လူ ရှာကာကတော့ အသင်းဟာ မိနစ်တိုင်း ဂိုးသွင်းနိုင်တဲ့ အရည်အသွေး ရှိတယ်ဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတယ်လို့ ပွဲအပြီး အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
လေဗာကူဆင်အသင်းဟာ လာမယ့် ဘွန်ဒစ်လီဂါပွဲစဉ်အဖြစ် ဝါဒါဘရီမင်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲမှာ အနိုင်ရခဲ့ရင် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဂျာမန်အမှတ်ပေးဖလားကို ရရှိတော့မှာပါ။
ဝက်စ်ဟမ်းအသင်းကတော့ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: beinsports
- By CNI
- Category: အားကစား
- Hits: 753
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၁၂
လီဗာပူးလ်အသင်းဟာ အိမ်ကွင်းမှာကစားခဲ့တဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အတ္တလန်တာ အသင်းကို အရေးနိမ့်ပြီးနောက် နည်းပြ ကလော့ပ်က အသင်းအနေနဲ့ ဒီပွဲမှာရှုံးနိမ့်ဖို့ ထိုက်တန်တယ်လို့ ပြောခဲ့ပါ တယ်။
ကလော့ပ်က “ကျနော်တို့ ဆိုးရွားတဲ့ ပွဲတစ်ပွဲ ကစားခဲ့ပြီး ရှုံးနိမ့်ဖို့ ထိုက်တန်တာကြောင့် ဒါကို ကျနော်တို့ ခံစားရ ပါမယ်။ ဒီပွဲနဲ့ ပတ်သက်ပြီး တကယ်ကို အပြုသဘောဆောင်တဲ့ ပြောစရာ ဘာမှမရှိပါဘူး။ ကျနော်တို့ အဝေးကွင်း မှာ ပြန်နိုင်မလားဆိုရင်တော့ ကောင်းမွန်စွာ ကစားခဲ့ရင် အနိုင်ရနိုင်ပါတယ်။ ၃ ဂိုး- ဂိုးမရှိနဲ့ ပြန်အနိုင်ရမလား ဆိုတာတော့ မပြောတက်ပါဘူး။ အခုကတော့ ဆိုးဆိုးရွားရွား ခံစားနေရပြီး ဒါက အရေးကြီးပါတယ်”လို့ TNT Sports ကို ပြောပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီပွဲစဉ်မှာ အတ္တလန်တာအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
အတ္တလန်တာအသင်းအတွက် ဂိုးတွေကို ဆကာမာကာက ၂ ဂိုးနဲ့ ပါဆာလစ်က ၁ ဂိုးသွင်းယူခဲ့တာပါ။
လီဗာပူးလ်အသင်း အတွက်တော့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီက ရီးရယ်လ်အသင်းကို ၅ ဂိုး-၂ ဂိုးနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ မှာ အရေးနိမ့်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အန်ဖီးလ်မှာ ရှုံးပွဲပြန်လည် ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

အတ္တလန်တာအသင်းနဲ့ လီဗာပူးလ်အသင်း ယှဉ်ပြိုင်နေစဉ်
အတ္တလန်တာအသင်းကို အရေးနိမ့်ခဲ့တာကြောင့် နည်းပြ ကလော့ပ်ရဲ့ နောက်ဆုံးရာသီမှာ ဆုဖလား ၃ လုံး ရယူချင်နေတဲ့ လီဗာပူးလ်အသင်းရဲ့ မျှော်လင့်ချက်ကို အနည်းငယ် ထိခိုက်စေခဲ့တာပါ။
လီဗာပူးလ်အသင်း ခေါင်းဆောင် ဗန်ဒိုက်က သူတို့ဟာ ပေါ့လျော့ခဲ့တဲ့ အမှားတွေကြောင့် အပြစ်ပေးခံခဲ့ရတယ်လို့ ပွဲအပြီး အင်တာဗျူးမှာ ဝန်ခံခဲ့ပါတယ်။
ဗန်ဒိုက်က “အလွန်စိတ်ပျက်ဖို့ ကောင်းခဲ့ပါတယ်။ တစ်ဦးချင်း အမှားတွေများခဲ့လို့ ကျနော်တို့ အပြစ်ပေးခံခဲ့ရပါ တယ်။ ခံစားချက် မကောင်းပေမယ့် ရလဒ်ကောင်းတွေ ပြန်ရအောင် ကျနော်တို့ လုပ်ရမှာပါ။ ဒီပွဲမှာ ကျနော်တို့ ၁ ဂိုး ဒါမှမဟုတ် ၂ ဂိုးလောက်သွင်းဖို့ အခွင့်အရေး ရှိခဲ့ပေမယ့် မလုပ်နိုင်ခဲ့ပါဘူး။ အန်ဖီးလ်မှာ မရှုံးတာကြာပြီဖြစ်လို့ ဒီရှုံးပွဲကြောင့် နာကျင်တယ်”လို့ ပြောပါတယ်။
အတ္တလန်တာနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်ကို ဧပြီ ၁၉ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: ESPN
