- By CNI
- Category: အားကစား
- Hits: 925
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၃၀
ဘရာဇီးလ်ဂန္ထဝင် ရော်နယ်ဒိုဟာ ငယ်ဘဝကလပ် ခရူဇီယိုအသင်းမှာ သူပိုင်ဆိုင်ထားတဲ့ ရှယ်ယာအများစုကို ရောင်းချဖို့ သဘောတူညီခဲ့တယ်လို့ ဘရာဇီးလ်စီးရီးအေကလပ်က ကြေညာခဲ့ပါတယ်။
ရော်နယ်ဒိုဟာ သူ့ရဲ့ကုမ္ပဏီဖြစ်တဲ့ Tara Sports Brazil ကနေ ၂၀၂၁ ခုနှစ်က ဒေါ်လာသန်း ၇၀ နဲ့ ဝယ်ယူခဲ့တဲ့ ရှယ်ယာ ၉၀ ရာခိုင်နှုန်းကို Bpw Sports ကုမ္ပဏီထံ ရောင်းချဖို့ သဘောတူညီခဲ့တာပါ။
Bpw Sports ဟာ ဒီအစုရှယ်ယာတွေအတွက် ဘယ်လောက် ပေးချေခဲ့ရလဲဆိုတဲ့ အသေးစိတ်ကို ပြောထားခြင်း မရှိပေမယ့် ထွက်ပေါ်နေတဲ့ သတင်းတွေမှာ ဒေါ်လာသန်း ၁၀၀ ကျော် ပေးချေခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ရော်နယ်ဒိုဟာ ခရူဇီယိုအသင်း တင်ရှိနေတဲ့ ကြွေးမြီ ဒေါ်လာ ၁၉၅ သန်းကို ရှင်းလင်းသွားအောင် ကူညီပေးခဲ့သလို အသင်းဟာလည်း စီးရီးဘီမှာ ၃ ရာသီကြာပြီးနောက် ၂၀၂၂ ခုနှစ်မှာ ထိပ်တန်းလိဂ်ကို ပြန်ရောက်ရှိလာခဲ့တာပါ။

ခရူဇီယိုအသင်းကို တွေ့ရစဉ်
ဒါပေမယ့် မကြာသေးခင်က အသင်းရဲ့ ဆိုးရွားနေတဲ့ ရလဒ်တွေကြောင့် ဝေဖန်မှုတွေခံခဲ့ရပြီး ရော်နယ်ဒိုကိုလည်း ထွက်ခွာဖို့ ပရိသတ်အချို့က တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဘရာဇီးလ်အသင်းနဲ့အတူ ၁၉၉၄ နဲ့ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ ခရူဇီယိုအသင်းရဲ့ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်အဖြစ် ဆက်လက်ရှိနေမယ်လို့ ကလပ်အသင်းက ပြောထားတာပါ။
ရော်နယ်ဒိုဟာ ၁၉၉၃ ခုနှစ် အသက် ၁၆ နှစ်အရွယ်မှာ ခရူဇီယိုအသင်းနဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ပွဲဦးထွက်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ခရူဇီယိုအသင်းမှာ ၂ ရာသီကြာ ကစားပြီးနောက် PSV၊ ဘာစီလိုနာ၊ အင်တာမီလန်၊ ရီးရယ်လ်နဲ့ အေစီမီလန်အသင်းတွေမှာ ကစားကာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ကြောင်း သက်သေ ပြသနိုင်ခဲ့တာပါ။
အသက် ၄၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ စပိန်ဒုတိယတန်းကလပ် ဗယ်လာဒိုးလစ် အသင်းမှာလည်း သူပိုင်ဆိုင် ထားတဲ့ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ရောင်းချဖို့ ရှိနေတယ်လို့ ပြောထားတာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 1165
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၃၀
လက်စတာအသင်းကို ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ချန်ပီယံအဖြစ်နဲ့ ပရီးမီးယားလိဂ်ကို တိုက်ရိုက်တန်းတက်ခွင့် ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ တိုက်စစ်မှူး ဗာဒီက ကစားသမားဘဝကနေ အနားယူဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ပြောခဲ့ပါတယ်။
ဗာဒီက “နားထောင်ပါ၊ ကျနော်ဟာ အနားယူဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ ခြေထောက်တွေက ကောင်းမွန်တယ် လို့ ခံစားနေရပြီး ကျနော့်မှာရှိသင့်တဲ့ ကြံ့ခိုင်မှုလည်း ရှိပါတယ်။ အဲဒါကြောင့် ဘာဖြစ်သွားမလဲဆိုတာ ဆက်ကြည့် တာပေါ့” လို့ အနာဂတ်နဲ့ပတ်သက်တဲ့ မေးခွန်းကို ဖြေခဲ့တာပါ။
လက်စတာအသင်းက ပရက်စတန်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံအဖြစ် အောင်ပွဲခံခဲ့တဲ့ပွဲမှာ ဗာဒီဟာ အသင်းအတွက် ၂ ဂိုးသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ ဗာဒီဟာ ဒီရာသီ လက်စတာအသင်းအတွက် ချန်ပီယံရှစ်ပြိုင်ပွဲမှာ ၁၈ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာပါ။
ဒါပေမယ့် ဗာဒီနဲ့ လက်စတာအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်လို့ ကစားသမားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ထင်ကြေးတွေ အမျိုးမျိုး ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဗာဒီကို တွေ့ရစဉ်
အင်္ဂလန်ကစားသမားဟောင်းကတော့ ကစားသမားဘဝက အနားယူဦးမှာ မဟုတ်ဘဲ ဆက်ပြီး ကစားသွားမယ်လို့ ထင်ကြေးတွေကို တုန့်ပြန်ခဲ့တာပါ။
ဗာဒီဟာ လက်စတာအသင်းနဲ့ နောက်ထပ် တစ်ရာသီ စာချုပ်သစ်ချုပ်ဆိုပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ လိုက်ပါလာဖွယ် ရှိနေပါတယ်။
ဗာဒီဟာ ၂၀၁၂-၁၃ ရာသီ လက်စတာအသင်း ချန်ပီယံရှစ်ပြိုင်ပွဲမှာ ရှိကတည်းက ပါဝင်ကစားခဲ့တာဖြစ်ပြီး အခုဆိုရင် အသင်းမှာ ၁၂ ရာသီကြာအထိ ရှိနေခဲ့တာပါ။
ဗာဒီဟာ လက်စတာအသင်းနဲ့အတူ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံဆု ၂ ကြိမ်၊ ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ ကွန်မြူနတီဒိုင်းတို့မှာ ချန်ပီယံဆု ၁ ကြိမ်စီ ရယူနိုင်ခဲ့ပါတယ်။
ဗာဒီဟာ လက်စတာအသင်းအတွက် ၄၆၃ ပွဲ ပါဝင်ကစားထားပြီး ၁၉၀ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 1318
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၃၀
နွေရာသီမှာ မေဂျာလိဂ် ဒါမှမဟုတ် ဆော်ဒီလိဂ်ကို ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ တိုက်စစ်မှူး လီဝန်ဒေါစကီးက ဘာစီလိုနာအသင်းမှာ ဆက်ရှိမယ်လို့ အတည်ပြုသွားခဲ့ပါတယ်။
လီဝန်ဒေါစကီးက “နွေရာသီမှာ ဘာစီလိုနာကို နှုတ်ဆက်ဖို့ဆိုတာ ကျနော့်အတွက် မေးခွန်းထုတ်စရာ မဟုတ်ပါ ဘူး။ ပထမရာသီဝက်မှာ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေရှိခဲ့ပေမယ့် အခုအချိန်မှာတော့ ကောင်းမွန်လာတယ်လို့ ခံစားရပါတယ်။ ကျနော်ဟာ အနည်းဆုံးနောက်ထပ် ၂ နှစ်ကြာတဲ့အထိ ဆက်ရှိနေဦးမှာဖြစ်ပြီး ထိပ်တန်းအဆင့်မှာ မကစားနိုင်တော့ဘူးလို့ ခံစားရရင်တော့ ထွက်ခွာမယ့် အကြောင်းကို စဉ်းစားမှာပါ”လို့ Sport Bild ကို ပြောပါ တယ်။
၂၀၂၂ ခုနှစ်က ဘိုင်ယန်မြူးနစ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ လီဝန်ဒေါစကီးနဲ့ ဘာစီလိုနာအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂ နှစ်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။
လီဝန်ဒေါစကီးဟာ ဒီရာသီအစပိုင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ သွင်းဂိုးတွေ ပြန်လည်ရယူနိုင်ခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ ဗလင်စီယာအသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဘာစီလိုနာ အသင်းအတွက် ဟက်ထရစ် ဂိုးသွင်းယူနိုင်ခဲ့တာပါ။

လီဝန်ဒေါစကီးကို တွေ့ရစဉ်
အဲဒါကြောင့် လီဝန်ဒေါစကီးဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ၄၄ ပွဲ ပါဝင်ကစားအပြီးမှာ ၂၃ ဂိုး အထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၅ နှစ်အရွယ်ရှိ လီဝန်ဒေါစကီးဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာပြီး မေဂျာလိဂ် ဒါမှမဟုတ် ဆော်ဒီပရိုလိဂ်မှာ ကစားဖို့က သူ့အတွက် အဓိပ္ပါယ်မရှိဘူးလို့လည်း အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းနဲ့အတူ လာလီဂါ၊ စပိန်စူပါဖလားတို့ကို ရယူနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ဆုဖလားလက်မဲ့နဲ့ ရာသီအဆုံးသတ်ရတော့မှာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ဗလင်စီယာအသင်းကို အနိုင်ရသွားပြီးနောက် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ လာလီဂါ လက်ကျန်ပွဲစဉ်တွေအဖြစ် ဂျီရိုနာ၊ ဆိုစီဒက်၊ အယ်လ်မီရီးယား၊ ဗယ်လက်ကာနို၊ ဆီဗီလာအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 1258
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၃၀
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီပြည်တွင်း ပြိုင်ပွဲတွေမှာ ရလဒ်တွေ ဆိုးနေပေမယ့် ရီးရယ်လ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သူတို့ကို လျှော့တွက်သွားမှာ မဟုတ်ဘူးလို့ နည်းပြ အန်ဆယ်လော့တီက ပြောခဲ့ပါတယ်။
အန်ဆယ်လော့တီက “အရည်အသွေးတွေ အများကြီးရှိတဲ့ အသင်းကြီးတစ်သင်းနဲ့ ကစားဖို့ ကျနော်တို့ ပြင်ဆင် ထားပါတယ်။ ကျနော်တို့ဟာ ယုံကြည်မှုတွေရှိပေမယ့် ဘိုင်ယန်မြူးနစ်ကို လေးစားမှုရှိပါတယ်။ သူတို့ဟာ ဘွန်ဒက်လီဂါမှာ ကောင်းမွန်တဲ့ ရာသီမဖြစ်ခဲ့ပေမယ့် အာဆင်နယ်နဲ့ ၂ ပွဲစလုံး ကောင်းမွန်စွာ ကစားနိုင်ခဲ့ပါတယ်။ သူတို့ဟာ အလွန်အန္တရာယ်ရှိတဲ့ အသင်းပါ။ ကျနော်တို့ဟာ ကိုယ့်ကိုယ်ကို အာရုံစိုက်ပြီး ဗိုလ်လုပွဲရောက်အောင် ကြိုးစားသွားမယ်”လို့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပေမယ့် ၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဘွန်ဒက်လီဂါဖလားကို လက်လွှတ်ခဲ့ရပြီး ပိုကယ်ဖလား ပြိုင်ပွဲကနေလည်း စောစီးစွာ ထွက်ခွာ ခဲ့ရတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီအကုန်မှာ နည်းပြ တူချယ်လ်နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာပါ။

အန်ဆယ်လော့တီကို တွေ့ရစဉ်
ဘိုင်ယန်မြူးနစ်နဲ့ ရီးရယ်လ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ရီးရယ်လ်အသင်းဟာ ဗိုလ်လုပွဲတက်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။
ရီးရယ်လ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ၁၄ ကြိမ်နဲ့ အများဆုံး ရရှိထားပြီး ဘိုင်ယန်မြူးနစ် အသင်းက ၆ ကြိမ်နဲ့ တတိယနေရာမှာ ရပ်တည်နေတာပါ။
ရီးရယ်လ်အသင်း ကွင်းလယ်လူ ဗယ်လ်ဗာဒီက ဘိုင်ယန်မြူးနစ်အသင်းကို လေးစားပေမယ့် သူတို့ရဲ့ ရည်မှန်းချက် က ဗိုလ်လုပွဲတက်ပြီး ချန်ပီယံဆုကို ရယူဖို့လို့ ပြောခဲ့ပါတယ်။
ဗယ်လ်ဗာဒီက “ကျနော်တို့ဟာ မန်စီးတီးကို လေးစားသလိုပဲ ဘိုင်ယန်မြူးနစ်ကိုလည်း လေးစားပါတယ်။ ကျနော်တို့ဟာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသပြီး ဆုဖလားကို ရရှိချင်ပါတယ်။ ဒီအတွက် ကျနော်တို့ ယုံကြည်မှုရှိဖို့ လိုအပ်ပြီး ဗိုလ်လုပွဲ ရောက်ရှိအောင် တိုက်ပွဲဝင်သွားမှာပါ”လို့ ပြောပါတယ်။
ဘိုင်ယန်မြူးနစ်နဲ့ ရီးရယ်လ်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို မေလ ၁ ရက် မြူးနစ်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 1267
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၉
ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး ဟာရီကိန်းက လီဝန်ဒေါစကီးရဲ့ ဘွန်ဒက်လီဂါ တစ်ရာသီ ဂိုးသွင်းအများဆုံး စံချိန်ကို ချိုးဖျက်နိုင်ဖို့ ပစ်မှတ်ထားတယ်လို့ ပြောခဲ့ပါတယ်။
ဟာရီကိန်းက “ဒီစံချိန်ကို ချိုးဖျက်ဖို့ ဖြစ်နိုင်ပေမယ့် ကျနော်ရှေ့ဆက် ပြီးသွားရမှာပါ။ လာမယ့် အပတ်ထဲမှာ ကျနော် ဂိုးအနည်းငယ် သွင်းယူရပါမယ်။ ဂိုးတွေ သွင်းယူနိုင်ဖို့ကလည်း နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်တွေအပေါ်မှာ မူတည်ပါတယ်။ ပြီးခဲ့တဲ့ပွဲမှာ ဂိုး ၂ ဂိုး ထပ်သွင်းပြီးအသင်းကို အနိုင်ရအောင် ကူညီနိုင်ခဲ့တာကြောင့် ဝမ်းသာတယ်” လို့ ပြောပါတယ်။
ဟာရီကိန်းဟာ ပြီးခဲ့တဲ့ ဖရန့်ဖတ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၂ ဂိုးသွင်းယူပြီးနောက် ဒီရာသီ ဘွန်ဒက်လီဂါပွဲစဉ် ၃၁ ပွဲ ကစားအပြီးမှာ ၃၅ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
ဘွန်ဒက်လီဂါပြိုင်ပွဲမှာ တစ်ရာသီ ဂိုးသွင်း အများဆုံး စံချိန်တင်ထားတဲ့ လီဝန်ဒေါစကီးဟာ ၂၀၂၀-၂၁ ရာသီ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၄၁ ဂိုး သွင်းယူနိုင်ခဲ့တာပါ။
အဲဒါကြောင့် ဟာရီကိန်းဟာ လီဝန်ဒေါစကီးရဲ့ ဂိုးသွင်းစံချိန်နဲ့ တူညီဖို့ နောက်ထပ် ၆ ဂိုး သွင်းယူရမှာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကို တွေ့ရစဉ်
ဒီရာသီ ဘွန်ဒက်လီဂါပြိုင်ပွဲဟာ ပွဲစဉ် ၃ ပွဲပဲ ကစားဖို့ ကျန်ရှိတော့ပေမယ့် ဟာရီကိန်းကတော့ ဒီစံချိန်ကို ချိုးဖျက် ပြီး စံချိန်သစ် တင်နိုင်တယ်လို့ ယုံကြည်မှုရှိနေတာပါ။
အင်္ဂလန်အသင်း ခေါင်းဆောင် ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ် အသင်းကစားသမားဘဝ ပထမဆုံးရာသီမှာ အသင်းအတွက် ၄၂ ပွဲ ကစားထားပြီး ၄၂ ဂိုး သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဟာရီကိန်းဟာ လက်ရှိအချိန်မှာ အသင်းကြီး ကစားသမားဘဝ ကလပ်နဲ့ နိုင်ငံအသင်းအတွက် သွင်းဂိုး ၄၀၀ ပြည့်မြောက်သွားပြီဖြစ်ပါတယ်။
ဟာရီကိန်းဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ် အသင်းနဲ့အတူ ပြည်တွင်း ဖလားတွေကို လက်လွှတ်ခဲ့ရပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ကြားရက်ထဲမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ရီးရယ်လ် အသင်းနဲ့ အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 1649
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၉
ယူနိုက်တက်အသင်းဟာ ဒီရာသီထိပ်ဆုံး ၄ သင်းထဲဝင်ရောက်ပြီး ရာသီအဆုံးသတ်နိုင်မယ့် မျှော်လင့်ချက် အဆုံးသတ်ခဲ့ပြီးနောက် နည်းပြအဲရစ်တန်ဟတ်က စိတ်ရှည်ပေးဖို့ တောင်းဆိုသွားခဲ့ပါတယ်။
အဲရစ်တန်ဟတ်က “ကျနော်တို့မှာ အလွန်ငယ်တဲ့ကစားသမားတွေရှိတာကြောင့် ဒီကလပ်ကို ပြန်တည်ဆောက်ပြီး အချိန်ယူရမှာပါ။ ကျနော်တို့ဟာ ဂါနာချို၊ဟော့ဂျ်လန်း၊ကိုဘီမိုင်နူးတို့လို လူငယ်တွေနဲ့ တည်ဆောက်နေပြီး သူတို့တွေအတွက် ဒါက ပထမဆုံးပရီးမီးယားလိဂ်ရာသီပါ။ ပရီးမီးယားလိဂ်က တစ်ရာသီပြီးတစ်ရာသီ ပိုပြင်းထန် လာပါတယ်။ ကျနော်ဟာ အလွန်စိတ်မရှည်တတ်ပေမယ့် ကျနော်တို့ စိတ်ရှည်ဖို့လိုပါတယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘန်လေအသင်းနဲ့ ၁ ဂိုးစီသရေကျပြီး အဆင့် ၄ နေရာက အက်စတွန်ဗီလာအသင်းက ချယ်လ်ဆီးအသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့တာကြောင့် ချန်ပီယံလိဂ် မျှော်လင့်ချက်အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်ကစားဖို့ ၄ ပွဲကျန်ရှိ နေသေးပေမယ့် အဆင့် ၄ နေရာက အက်စတွန်ဗီလာအသင်းနဲ့ ၁၃ မှတ်အထိကွာဟသွားခဲ့တာပါ။
အဲဒါကြောင့် လာမယ့်ရာသီ ယူရိုပါလိဂ်ဝင်ခွင့်ရယူနိုင်ဖို့ကိုသာ ယူနိုက်တက်အသင်း အာရုံစိုက်ရတော့မှာဖြစ်ပါတယ်။

အဲရစ်တန်ဟတ်ဟာ ဒီရာသီ ယူနိုက်တက်အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် ရာသီကုန်ရင် ထုတ်ပယ်ခံရမယ့် ဖိအား ဒဏ်တွေကို ပိုမိုခံစားနေရတာပါ။
ယူနိုက်တက်အသင်းတာဝန်ရှိသူတွေဟာ အဲရစ်တန်ဟတ်ရဲ့နေရာမှာ အစားထိုး မယ့် နည်းပြသစ်တွေကို ရှာဖွေနေပြီး ဘိုင်ယန်မြူးနစ်အသင်းနည်းပြ တူချယ်လ်ကို ခန့်အပ်ဖို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ မန်စီးတီးအသင်းနဲ့ ကစားမယ့် FA ဖလားဗိုလ်လုပွဲမှာ အနိုင်မရခဲ့ရင် အဲရစ်တန်ဟတ်ဟာ နည်းပြရာထူးက ထုတ်ပယ်ခံရလိမ့်မယ်လို့ သုံးသပ်နေကြတာပါ။
ယူနိုက်တက်အသင်းဟာ ဘန်လေအသင်းနဲ့ သရေကျပြီးနောက် ပရီးမီးယားလိဂ်အဆင့် ၆ နေရာမှာ ရပ်တည် နေပေမယ့် အဆင့် ၇ နေရာက နယူးကာဆယ်အသင်းနဲ့ ၁ မှတ်သာ ကွာဟတော့တာဖြစ်ပါတယ်။
အဲဒါကြောင့် ယူနိုက်တက်အသင်းအနေနဲ့ လာမယ့်ရာသီဥရောပဝင်ခွင့်မဆုံးရှုံးအောင် လာမယ့်ပွဲတွေမှာ နိုင်ပွဲတွေ ပြန်လည် ရယူနိုင်ဖို့ လိုအပ်နေတာပါ။ ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:ESPN
- By CNI
- Category: အားကစား
- Hits: 1244
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၉
မိုနာကိုအသင်းက လိုင်ယွန်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်လီဂူးဝမ်း ဖလားကို ၁၂ ကြိမ်မြောက် ရရှိသွားခဲ့ပြီဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်မှာ လီဟာဗရီအသင်းနဲ့ ၃ ဂိုးစီ သရေကျခဲ့ပေမယ့် မိုနာကိုအသင်း အရေးနိမ့်ခဲ့တာကြောင့် ဒီရာသီအမှတ်ပေးဖလားကို ရယူနိုင်ဖို့ သေချာသွားခဲ့တာပါ။
ဒီရာသီ ပြင်သစ်လီဂူးဝမ်း ပွဲစဉ်ပြီးဆုံးဖို့ ၃ ပွဲသာ ကျန်ရှိတော့တဲ့အချိန်မှာ ပီအက်စ်ဂျီအသင်းဟာ ၁၂ မှတ်အထိ ဖြတ်ပြီး ဦးဆောင်ထားတာကြောင့် ပြင်သစ်လီဂူးဝမ်းဖလားကို ၃ နှစ်ဆက်တိုက် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါအပြင် ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်လီဂူးဝမ်းဖလားကို နောက်ဆုံး ၁၁ နှစ်အတွင်း ၁၀ ကြိမ်အထိ ရယူနိုင်ခဲ့ တာပါ။
ပီအက်စ်ဂျီအသင်းဟာ လီဂူးဝမ်းပြိုင်ပွဲမှာ ချန်ပီယံဆုကို အကြိမ်အရေအတွက် အများဆုံးရယူထားနိုင်တဲ့ အသင်း အဖြစ်လည်း စံချိန်တင်ထားပါတယ်။

ပီအက်စ်ဂျီအသင်းကို တွေ့ရစဉ်
ပြင်သစ်ကလပ်ဟာ ဒီရာသီ နည်းပြလူးဝစ်အင်းနရစ် လက်အောက်မှာ ပြင်သစ်လီဂူးဝမ်းဖလားနဲ့ ပြင်သစ်စူပါ ဖလားတို့ကို ရယူထားပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်နဲ့ ပြင်သစ်ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲ ရောက်ရှိ နေတာပါ။
အဲဒါကြောင့် ပီအက်စ်ဂျီအသင်းဟာ ဒီရာသီမှာ ဆုဖလား ၄ လုံး ရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေတာ ဖြစ်ပါတယ်။
ဒီရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာတော့မယ့် ဘတ်ပီဟာ အသင်းမှာကစားခဲ့တဲ့ ၇ ရာသီအတွင်း မှာ ပြင်သစ်လီဂူးဝမ်းဖလားကို ၆ ကြိမ်မြောက်အထိ ရယူနိုင်ခဲ့တာပါ။
ဘတ်ပီကတော့ ပီအက်စ်ဂျီအသင်းက မထွက်ခွာခင် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေသလို ပီအက်စ်ဂျီ အသင်းကလည်း အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖလားကို ရယူချင်နေပါ တယ်။
ပီအက်စ်ဂျီအသင်းဟာ ကြားရက်ထဲမှာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ဒေါ့မွန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 1258
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၉
အာဆင်နယ်အသင်းဟာ ဒီရာသီရဲ့ နောက်ဆုံးနေ့အထိ မန်စီးတီးအသင်းကို တွန်းအားပေးသွားဖို့ အဆင်သင့် ဖြစ်နေပြီလို့ နည်းပြ အာတီတာက စပါးအသင်းကို အနိုင်ရတဲ့ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
အာတီတာက “ကျနော်တို့ဟာ ရာသီရဲ့ နောက်ဆုံးမိနစ်အထိ တိုက်ပွဲဝင်သွားမယ်ဆိုတာ ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်။ ဒါကို တစ်ရာသီလုံး ကျနော်မြင်တွေ့နေရတာပါ။ သူတို့ဟာ ကျနော်တို့ကို နေ့တိုင်း ယုံကြည်မှု ရှိနေဖို့ အကြောင်းပြချက်တွေ ပေးပါတယ်။ ရှေ့ဆက်သွားမယ့် အရာတွေအတွက် တွန်းအားပေးတာတွေက လှပပါတယ်။ ကျနော်ဟာ ကစားသမားတွေအပေါ်မှာ အများကြီးယုံကြည်မှုရှိတယ်”လို့ ပြောပါတယ်။
အာဆင်နယ်အသင်းဟာ စပါးအသင်းနဲ့ ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နေတာပါ။
ဒါပေမယ့် မန်စီးတီးအသင်းကလည်း နော်တင်ဟမ်ဖောရက်စ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် အာဆင်နယ်နဲ့ မန်စီးတီးအသင်းတို့ကြားမှာ ရမှတ်ကွာဟမှုက ၁ မှတ်သာရှိတော့တာ ဖြစ်ပါတယ်။

အာဆင်နယ်နဲ့ စပါး အသင်းယှဉ်ပြိုင်နေစဉ်
ဒါအပြင် မန်စီးတီးအသင်းက ပွဲကျန် တစ်ပွဲကစားဖို့ ကျန်ရှိနေသေးတာကြောင့် ထိပ်ဆုံးနေရာကို ပြန်တက်နိုင်ဖို့ အခွင့်အရေး ရှိနေပါတယ်။
အာတီတာဟာ စပါးအသင်းကို အနိုင်ရအောင် ကိုင်တွယ်နိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နည်းပြဘဝ နိုင်ပွဲ ၁၀၀ ပြည့်သွားခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်း တောင်ပံကစားသမား ဆာကာက ပရီးမီးယားလိဂ် ချန်ပီယံပြိုင်ပွဲမှာ မန်စီးတီးအသင်း အမှတ်လျော့ သွားနိုင်တယ်လို့ ပွဲအပြီး Sky Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
ဆာကာက “မန်စီးတီးက အံ့သြစရာကောင်းတဲ့ အသင်းဖြစ်ပေမယ့် သူတို့ဟာ ပြီးပြည့်စုံခြင်း မရှိပါဘူး။ ဘယ်သူမှ ပြီးပြည့်စုံတာ မရှိတဲ့အတွက် သူတို့အမှတ်တွေ လျော့နိုင်ပါတယ်။ ကျနော်တို့ဟာ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံး လုပ်သွားမှာဖြစ်ပြီး လက်ကျန်ပွဲတွေမှာ အရာအားလုံးပေးသွားမယ်”လို့ ပြောပါတယ်။
ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအဖြစ် အာဆင်နယ်အသင်းက ဘုန်းမောက်အသင်း၊ မန်စီးတီးအသင်းက ဝုလ်ဗ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 902
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၇
စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် လန်ဒန်ဒါဘီပွဲစဉ်မှာ အာဆင်နယ် အသင်းရဲ့ပရီးမီးယားလိဂ် ချန်ပီယံမျှော်လင့်ချက်ကို ရပ်တန့်မယ်လို့ ပြောခဲ့ပါတယ်။
ပိုစတီကိုဂလူးက “ဒီပွဲရဲ့ အရေးပါမှုကို ကျနော်တို့ နားလည်ပါတယ်။ ကျနော်တို့ရဲ့ အကြီးမားဆုံး ဒါဘီပွဲစဉ်မှာ အကြီးမားဆုံး ဒါဘီပြိုင်ဘက်ကို ကျနော်တို့ထက် အသာမရအောင် လုပ်ရမယ်ဆိုတာ နားလည်ပါတယ်။ ဖြစ်လာမယ့် အကျိုးဆက်တွေကိုလည်း သိပြီး အာဆင်နယ်ကို ရပ်တန့်သွားမယ်”လို့ ပြောခဲ့တာပါ။
ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လန်ဒန်ဒါဘီ ပွဲစဉ်ဖြစ်သလို ဒီပွဲစဉ်ဟာ ၂ သင်းစလုံးအတွက် အရေးကြီးတဲ့ပွဲ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ဆက်လက် ဦးဆောင်နိုင်ဖို့အတွက် အမှားခံလို့ မရသလို စပါးအသင်းကလည်း ချန်ပီယံလိဂ် ဝင်ခွင့်မျှော်လင့်ချက်အတွက် အာဆင်နယ်အသင်းကို အနိုင်ယူဖို့ လိုအပ်နေတာပါ။
အဲဒါကြောင့် ၂ သင်းစလုံးဟာ ဒီပွဲကို အနိုင်ရယူဖို့ မျှော်လင့်နေကြတာဖြစ်ပါတယ်။

စပါးနဲ့အာဆင်နယ်အသင်း ယှဉ်ပြိုင်နေစဉ်
အာဆင်နယ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ ချယ်လ်ဆီးအသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တာကြောင့် စပါးအသင်းနဲ့ ကစားမယ့် လန်ဒန်ဒါဘီပွဲစဉ်မှာလည်း ထပ်ပြီးအနိုင်ယူဖို့ ပစ်မှတ်ထားနေ တာပါ။
အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ ကစားသမားအားလုံး ဒဏ်ရာကင်းစင်နေပြီး နောက်ခံလူ တင်ဘာလည်း ဒီပွဲမှာ အသင်းလူစာရင်းထဲ ပါဝင်လာဖွယ်ရှိနေပါတယ်။
စပါးအသင်းမှာလည်း ရစ်ချာလီဆန်နဲ့ ပေါ်ရိုတို့ အာဆင်နယ် အသင်းနဲ့ပွဲစဉ်မှာ ပါဝင်နိုင်မယ်လို့ နည်းပြ ပိုစတီကိုဂလူးက အတည်ပြုထားခဲ့တာပါ။
အာဆင်နယ်အသင်း အိမ်ကွင်းမှာ ကစားခဲ့တဲ့ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်နဲ့ စပါးအသင်း ၂ ဂိုးစီ သရေရလဒ်နဲ့ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။
Source: Sportskeeda
- By CNI
- Category: အားကစား
- Hits: 1140
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၇
ဘရာဇီးလ်ဂန္ထဝင် အမျိုးသမီးကစားသမား မာတာဟာ ဒီနှစ်ထဲမှာ နိုင်ငံတကာ ဘောလုံးလောကကနေ အနားယူ မယ်လို့ ပဲရစ်အိုလံပစ်ပြိုင်ပွဲမတိုင်ခင် ပြောခဲ့ပါတယ်။
မာတာက “အိုလံပစ်ပြိုင်ပွဲကို သွားရမယ်ဆိုရင် ကျမ အချိန်တိုင်းကို ပျော်ရွှင်နေမှာပါ။ အိုလံပစ်ပြိုင်ပွဲကို သွားရသည်ဖြစ်စေ၊ မသွားရသည်ဖြစ်စေ ဒီနှစ်ဟာ နိုင်ငံအသင်းနဲ့ ကျမရဲ့ နောက်ဆုံးနှစ်ပါ။ မာတာဟာ ၂၀၂၅ ခုနှစ်မှာ အားကစားသမားအဖြစ် နိုင်ငံအသင်းမှာ မရှိတော့ဘူး”လို့ CNN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့ပါ တယ်။
အသက် ၃၈ နှစ်အရွယ်ရှိ မာတာဟာ ဘရာဇီးလ်အသင်းအတွက် ၁၇၅ ပွဲ ပါဝင်ကစားထားပြီး ၁၁၆ ဂိုး သွင်းယူကာ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာပါ။
မာတာဟာ နွေရာသီမှာ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲဝင် ဘရာဇီးလ်အသင်း လူစာရင်းမှာ ရွေးချယ်ခံရမယ်ဆိုရင် အိုလံပစ်ပြိုင်ပွဲမှာ ၆ ကြိမ်မြောက်အဖြစ် ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
မာတာဟာ ၂၀၀၄ အေသင်အိုလံပစ်နဲ့ ၂၀၀၈ ဘေဂျင်းအိုလံပစ်ပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းနဲ့အတူ ငွေတံဆိပ် ရယူနိုင်ခဲ့တာပါ။

မာတာကို တွေ့ရစဉ်
မာတာဟာ ပြီးခဲ့တဲ့ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်း အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပြီးနောက် သူမအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲ မရှိတော့ဘူးလို့ ပြောခဲ့ပါတယ်။
မာတာဟာ ဘရာဇီးလ်အသင်းနဲ့ ၂၀၀၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲ တက်နိုင်ခဲ့တာက သူမအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမြင့်ဆုံး အောင်မြင်မှု ဖြစ်ခဲ့တာပါ။
မာတာဟာ ဖီဖာရဲ့ တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီး ကစားသမားဆုကို ၆ ကြိမ်အထိ ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
မာတာဟာ လက်ရှိအချိန်မှာ ၂၀၁၇ ကတည်းက ကစားနေတဲ့ အော်လန်ဒိုပရိုက် အသင်းမှာ ကစားနေပြီး ဒီရာသီ ၄ ပွဲ ကစားထားတာမှာ ၂ ဂိုး သွင်းယူထားတာပါ။
အော်လန်ဒိုပရိုက်အသင်းဟာ NWSL လိဂ်ပြိုင်ပွဲမှာ ဒီရာသီ ၆ ပွဲ ကစားထားအပြီး ရမှတ် ၁၂ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: CNA
