CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၄

ယူရို ၂၀၂၄ ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဂျာမနီအသင်းကို အနိုင်ယူပြီး သူ့ကို အနားယူစေချင်နေတဲ့ စပိန် တိုက်စစ်မှူး ဟိုဆေးလူရဲ့ ပြောဆိုမှုကို ဝါရင့်ကွင်းလယ်လူ တိုနီကရူးစ်က တုန့်ပြန်ခဲ့ပါတယ်။

တိုနီကရူးစ်က “သူတို့က ဒီပြိုင်ပွဲကို အနိုင်ယူချင်တာကြောင့် သူဒီလိုပြောတာက ပုံမှန်ပါပဲ။ ကျနော်ကလည်း ဒီလိုဖြစ်မလာအောင် တတ်နိုင်သမျှ အရာအားလုံးကို လုပ်သွားမှာပါ။ သူတို့ကလည်း အနိုင်ရဖို့ ဒီမှာရှိနေသလို ကျနော်တို့ကလည်း အနိုင်ရဖို့ဒီမှာရှိနေတာပါ။ သူတို့တွေဟာ ကျနော့်ကို မက်ဒရစ်မှာပဲ အနားယူစေချင်ခဲ့တာပါ၊ သူတို့က ကျနော့်ရဲ့ သူငယ်ချင်းတွေပါ”လို့ ပြောခဲ့တာပါ။

အသက် ၃၄ နှစ်အရွယ်ရှိ တိုနီကရူးစ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးမှာ ကစားသမားဘဝက အနားယူမယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ဒီပြိုင်ပွဲဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ နောက်ဆုံးပြိုင်ပွဲလည်း ဖြစ်ပါတယ်။ 

ဟိုဆေးလူနဲ့တိုနီကရူးစ်ကို တွေ့ရစဉ်

ဒီအချိန်မှာ တိုနီကရူးစ်ရဲ့ ရီးရယ်လ်အသင်းဖော်ဟောင်းဖြစ်တဲ့ စပိန်အသင်းတိုက်စစ်မှူး ဟိုဆေးလူက သူတို့ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဂျာမနီအသင်းကို အနိုင်ယူပြီး တိုနီကရူးစ်ကို အနားယူအောင် ပြုလုပ် မယ်လို့ ပြောခဲ့တာပါ။

ဟိုဆေးလူက “ဒီပွဲက သူ့ရဲ့ နောက်ဆုံးပွဲဖြစ်ဖို့ ကျနော်မျှော်လင့်ပါတယ်။ ကျနော်သူနဲ့ စကားတွေ အများကြီး ပြောခဲ့ပြီး ကျနော့်ကို အကြံတွေလည်း အများကြီးပေးခဲ့ပါတယ်။ သူဟာ ဂျာမနီအတွက်ရော ရီးရယ်လ်အသင်း အတွက်ပါ အဓိကကျတဲ့သူ ဖြစ်ပါတယ်။ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ကျနော်တို့ သူ့ကို သတိထားရပါမယ်”လို့ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်ပြောခဲ့ပါတယ်။

စပိန်နဲ့ ဂျာမနီအသင်းတို့ ယှဉ်ပြိုင်ရမယ့် ဒီပွဲမှာ တိုနီကရူးစ်ဟာ ဟိုဆေးလူအပြင် ရီးရယ်လ်အသင်း ဖော်ဟောင်း တွေဖြစ်တဲ့ ကာဗာဂျယ်လ်၊ နာချိုတို့နဲ့လည်း ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမှာပါ။ စပိန်နဲ့ ဂျာမနီအသင်းတို့ရဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်ကို ဇူလိုင် ၅ ရက်မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

Source: Besoccer