- By CNI
- Category: အားကစား
- Hits: 1991
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၆
ယူရို ၂၀၂၄ ပြိုင်ပွဲမှာ စွမ်းဆောင်ရည်ကောင်းတွေ မပြသနိုင်လို့ ဝေဖန်မှုတွေ ခံခဲ့ရတဲ့ ဟာရီကိန်းက အင်္ဂလန် အင်္ကျီနဲ့ တိုက်ပွဲထပ်ဝင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။
ဟာရီကိန်းက “ကျနော်တို့ အလွန်ကြိုးစားပြီး မအောင်မြင်ခဲ့တဲ့အတွက် ကြေကွဲရပါတယ်။ ဒီပြိုင်ပွဲက ရှည်လျား ခက်ခဲတဲ့ ပြိုင်ပွဲဖြစ်ပြီး ဗိုလ်လုပွဲကို တက်နိုင်ခဲ့တဲ့အတွက် အသင်းဖော်တွေနဲ့ နည်းပြအဖွဲ့ဝင်တွေကို ဂုဏ်ယူပါ တယ်။ ကျနော်တို့ရဲ့ပစ်မှတ် ပျက်ပြယ်သွားခဲ့ပေမယ့် ကျနော်တို့ အမြဲတမ်း လုပ်ဆောင်နေတဲ့ အရာအတိုင်း လုပ်ဆောင်သွားမှာပါ။ ကျနော်ဟာ အင်္ဂလန်အင်္ကျီနဲ့ တိုက်ပွဲထပ်ဝင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ”လို့ သူ့ရဲ့ ဆိုရှယ် မီဒီယာမှာ ရေးသားခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး ဟာရီကိန်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ၃ ဂိုး သွင်းယူပြီး ရွှေဖိနပ်ဆုကို အခြားကစားသမား ၅ ဦးနဲ့ ပူးတွဲရရှိခဲ့တာ ဖြစ်ပါတယ်။
ဟာရီကိန်းဟာ အင်္ဂလန်အသင်းကို ယူရိုဗိုလ်လုပွဲ ၂ ကြိမ်ဆက် တက်နိုင်အောင် ကူညီပေးခဲ့ပေမယ့် ချန်ပီယံဆု ရရှိအောင်တော့ စွမ်းဆောင် ပေးနိုင်ခဲ့ခြင်း မရှိပါဘူး။
ဟာရီကိန်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပုံစံကောင်း ပျောက်ဆုံးခဲ့လို့ ဝေဖန်မှုတွေ ခံခဲ့ရပြီး အင်္ဂလန်အသင်းရဲ့ ရှုံးထွက်အဆင့်ပွဲစဉ်တွေမှာ လူစားလဲခြင်းကို ခံခဲ့ရတာပါ။

ဟာရီကိန်းကို တွေ့ရစဉ်
ဒါပေမယ့် ဟာရီကိန်းကတော့ အင်္ဂလန်အသင်းအတွက် ဆက်ပြီးတိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။
ဟာရီကိန်းဟာ အင်္ဂလန်အသင်းအတွက် ၉၈ ပွဲ ကစားထားပြီး ၆၆ ဂိုးသွင်းယူကာ နိုင်ငံအသင်းရဲ့ ဂိုးသွင်း အများဆုံးကစားသမားအဖြစ် ထိပ်ဆုံးက ရပ်တည်နေတာပါ။
ဟာရီကိန်းဟာ ရာသီသစ်အတွက် ဘိုင်ယန်မြူးနစ်အသင်းနဲ့ မပူးပေါင်းခင် အားလပ်ရက်အနားယူဖို့ ရှိနေတာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဇူလိုင် ၂၄ ရက်က စတင်ကာ ရာသီကြို ခြေစမ်းပွဲစဉ်တွေ စတင်ယှဉ်ပြိုင်မှာဖြစ်ပြီး ဘွန်ဒစ်လီဂါ အဖွင့်ပွဲစဉ်အဖြစ် ဝုလ်ဖ်ဘတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 1407
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၆
အေစီမီလန်အသင်း တိုက်စစ်မှူးဟောင်း ဂီရော့ဒ်ဟာ ပြင်သစ်လက်ရွေးစင် ကစားသမားဘဝက အနားယူပြီလို့ ကြေညာခဲ့ပါတယ်။
ဂီရော့ဒ်က “စာမျက်နှာတစ်ခုပြောင်းပြီး အခြားစွန့်စားခန်းတွေဆီကို ကျနော် သွားရောက်နေပါပြီ။ ကျနော်ဟာ အခုအချိန်ကစပြီး ပြင်သစ်အသင်းကို အားပေးတဲ့သူ ဖြစ်လာပါပြီ။ ၁၃ နှစ်ကြာ ကစားခဲ့တဲ့ ပြင်သစ်အသင်းဟာ ကျနော့် နှလုံးသားထဲမှာ အမြဲတမ်းရှိနေမှာပါ။ ဒါဟာ ကျနော့်အတွက် အကြီးမားဆုံးဂုဏ်ယူမှုနဲ့ အလှပဆုံး အမှတ်တရပါပဲ”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့တာပါ။
အသက် ၃၇ နှစ်အရွယ်ရှိ ဂီရော့ဒ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲ မတိုင်ခင်ကတည်းက ဒီပြိုင်ပွဲဟာ သူ့ရဲ့နောက်ဆုံး နိုင်ငံတကာပြိုင်ပွဲ ဖြစ်မယ်လို့ ပြောထားတာ ဖြစ်ပါတယ်။
ဂီရော့ဒ်ဟာ စပိန်အသင်းကို အရေးနိမ့်ခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပြင်သစ်ကစားသမားဘဝ သူ့ရဲ့နောက်ဆုံး ပွဲစဉ်အဖြစ် လူစားဝင် ပါဝင်ကစားခဲ့တာပါ။

ဂီရော့ဒ်ကို တွေ့ရစဉ်
ဂီရော့ဒ်ဟာ ပြင်သစ်အသင်းအတွက် ၅၇ ဂိုး သွင်းယူခဲ့ပြီး နိုင်ငံအသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်ခဲ့ပါတယ်။
ဒါအပြင် ဂီရော့ဒ်ဟာ ပြင်သစ်အသင်းရဲ့ ပွဲအရေအတွက် အများဆုံး ကစားထားတဲ့ ကစားသမားစာရင်းမှာ ၁၃၇ ပွဲနဲ့ လိုရစ်၊ သူရမ်တို့ရဲ့နောက် တတိယနေရာမှာ ရပ်တည်နေတာပါ။
ဂီရော့ဒ်ဟာ ပြင်သစ်အသင်းနဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ၂၀၂၀-၂၁ UEFA နေးရှင်းလိဂ်ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အေစီမီလန်အသင်းနဲ့ စာချုပ် ကုန်ဆုံးခဲ့ပြီဖြစ်တဲ့ ဂီရော့ဒ်ဟာ သူ့ရဲ့ ဥရောပ ကစားသမားဘဝကို အဆုံးသတ်ကာ မေဂျာလိဂ်ကလပ် LAFC အသင်းမှာ သွားရောက် ကစားတော့မှာပါ။
ဂီရော့ဒ်ဟာ LAFC အသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးဖို့အတွက် ရွေးချယ်ခွင့်ရှိနေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 3117
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၆
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ဟာ ရိုစင်ဘော့အသင်းကို အရေးနိမ့်ခဲ့တဲ့ ရာသီသစ် မတိုင်ခင် ပထမဆုံး ခြေစမ်းပွဲမှာ အသင်းရဲ့ စွမ်းဆောင်ရည်ကို ဝေဖန်မှုပြု လုပ်သွားခဲ့ပါတယ်။
အဲရစ်တန်ဟတ်က “ရလဒ်က အဓိကမဟုတ်ပါဘူး။ ကျနော်တို့ဟာ ရာသီကြို ခြေစမ်းပွဲကစားနေတာ ဖြစ်ပေမယ့် ယူနိုက်တက်အသင်းရဲ့ စံနှုန်းက ပွဲတွေကို အနိုင်ရဖို့ဖြစ်ပြီး ရှုံးနိမ့်ဖို့မဟုတ်ပါဘူး။ ဒါကြောင့် အနိုင်မရရင်တောင် နောက်ဆုံးစက္ကန့်မှာ လုပ်ခဲ့သလိုမျိုး ပွဲကို ရှုံးလို့မရပါဘူး။ ကျနော်တို့ရဲ့ စွမ်းဆောင်ရည်က စံနှုန်းတွေရဲ့အောက်ကို ရောက်ရှိနေပါတယ်။ ပြိုင်ဘက်က ပိုကောင်းတဲ့ ကြံ့ခိုင်မှုအဆင့်မှာရှိနေပေမယ့် ကျနော်တို့က ယူနိုက်တက်ဖြစ်တဲ့ အတွက် ပိုကောင်းအောင်လုပ်သင့်တယ်”လို့ MUTV ကိုပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ရိုစင်ဘော့အသင်းနဲ့ ကစားခဲ့တဲ့ခြေစမ်းပွဲမှာ ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ အဓိက ကစားသမား အများအပြားကို အနားပေးထားရလို့ ဒီပွဲစဉ်မှာ လူငယ် ကစားသမားတွေကို အသုံးပြုခဲ့ရတာပါ။
ယူနိုက်တက်အသင်းဟာ ပထမပိုင်းမှာ ကတ်စ်မဲရိုး၊ ရက်ရှ်ဖို့ဒ်၊ မေဆန်မောင့်၊ အီဗန်စ်နဲ့ ဝမ်ဘစ်စကာတို့ကို လူငယ်ကစားသမားတွေနဲ့ တွဲဖက်အသုံးပြုခဲ့ပြီး ဒုတိယပိုင်းမှာတော့ လူငယ်ကစားသမားတွေနဲ့သာ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲရစ်တန်ဟတ်ကိုတွေ့ရစဉ်
ဒီပွဲစဉ်မှာ ယူနိုက်တက်အသင်းဟာ ရိုစင်ဘော့အသင်းကို ဂိုးပေါက်ကန်သွင်းမှု ၂၂ ကြိမ်အထိ ခွင့်ပြုခဲ့ရပြီး လူငယ် ဂိုးသမား ဗီတက် လက်စွမ်းပြ ကာကွယ်နိုင်ခဲ့လို့သာ ဂိုးအများအပြား မပေးခဲ့ရတာပါ။
ယူနိုက်တက်အသင်းကတော့ ဂိုးပေါက်ကန်သွင်းမှု ၅ ကြိမ်သာရှိခဲ့ပြီး ခြေစွမ်းပိုင်းဆိုးရွားခဲ့တာကြောင့် နည်းပြ အဲရစ်တန်ဟတ်က ပွဲအပြီးမှာ ဝေဖန်မှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဇူလိုင် ၂၀ ရက်မှာ နောက်ထပ် ခြေစမ်းပွဲအဖြစ် ရိန်းဂျားစ်အသင်းနဲ့ ယှဉ်ပြိုင်ဖို့ စီစဉ်ထား ပြီး နည်းပြ အဲရစ်တန်ဟတ်ကတော့ အဓိက ကစားသမားအချို့ ပါဝင်နိုင်လာဖို့ မျှော်လင့်နေတာပါ။
ယူနိုက်တက်အသင်းဟာ ရိန်းဂျားစ်အသင်းနဲ့ ပွဲစဉ်ပြီးရင် အာဆင်နယ်၊ ဘက်တစ်၊ လီဗာပူးလ်အသင်းတို့နဲ့ ခြေစမ်းပွဲကစားဖို့ ရှိနေတာဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 1713
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၆
ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရရှိခဲ့တဲ့ စပိန်အသင်းဟာ နိုင်ငံရဲ့ ဘုရင်နဲ့ တွေ့ဆုံပြီးနောက် အမိုးဖွင့် ဘတ်စ်ကားကြီးနဲ့ အောင်ပွဲခံမှု ပြုလုပ်ခဲ့ပါတယ်။
စပိန်အသင်းဟာ ဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းကို လူစားဝင်တိုက်စစ်မှူး အိုယာဇာဘယ်လ်ရဲ့ နောက်ကျသွင်းဂိုး ကြောင့် ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။
စပိန်အသင်းဟာ ယူရိုချန်ပီယံဆုကို ၁၉၆၄၊ ၂၀၀၈၊ ၂၀၁၂ ခုနှစ်တွေမှာ ရယူထားနိုင်ခဲ့တာကြောင့် အခုတစ်ကြိမ် ဟာ သူတို့အတွက် ယူရိုချန်ပီယံဆုကို ၄ ကြိမ်မြှောက် ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
စပိန်အသင်းသားတွေဟာ နိုင်ငံအတွင်းကို ပြန်ရောက်ပြီးနောက် နာရီပိုင်းအကြာမှာ စပိန်ဘုရင် ဖိလစ်ပီ VI ရဲ့ နေအိမ်ဖြစ်တဲ့ Zarzuela နန်းတော်ကို သွားရောက်လည်ပတ်ခဲ့တာပါ။
ဒီနောက်မှာ စပိန်အသင်းသားတွေဟာ စပိန်ဝန်ကြီးချုပ်ရဲ့ နေအိမ်ကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

စပိန်အသင်း အောင်ပွဲခံနေစဉ်
စပိန်အသင်းသားတွေဟာ ဘုရင်၊ ဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံအပြီးမှာ မက်ဒရစ်မြို့ကနေ အမိုးဖွင့်ဘတ်စ်ကားနဲ့ အောင်ပွဲခံ အခမ်းအနား ကျင်းပခဲ့တာပါ။
စပိန်အစိုးရက လက်ရွေးစင်အသင်းရဲ့ အောင်ပွဲခံ အခမ်းအနားကို လူဦးရေ တစ်သန်းခွဲကျော် တက်ရောက် ခဲ့တယ်လို့ ပြောထားပါတယ်။
စပိန်အသင်းခေါင်းဆောင် မိုရာတာက “ကျနော်တို့ဟာ ဥရောပရဲ့ချန်ပီယံတွေပါ။ ဒီအသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်ခွင့်ရတဲ့အတွက် ကျနော် ဂုဏ်ယူပါတယ်။ တစ်ခါတစ်ရံမှာ ဂိုးသွင်းပြီး တစ်ခါတစ်ရံမှာ ဂိုးမသွင်းနိုင်ပေမယ့် ဥရောပဖလား ဆွတ်ခူးနိုင်ဖို့အတွက် ကျနော်ဟာ အရာအားလုံးပေးခဲ့ပါတယ်။ ကျနော်တို့
လုပ်ဆောင်ခဲ့တဲ့ အရာ တွေကို ခင်ဗျားတို့ ပျော်ရွှင်မယ်လို့ မျှော်လင့်ကြောင်း”ပရိသတ်တွေကို ပြောခဲ့ပါတယ်။
စပိန်အသင်းနည်းပြ ဒယ်လာဖွန်တေက ဒီအစုအဖွဲ့ကို နည်းပြခွင့်ရတဲ့အတွက် ဂုဏ်ယူပြီး နောက်ထပ်ဆက်ပြီး မျှော်လင့်ကြဖို့ ပြောခဲ့တာပါ။
စပိန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ကစားခဲ့တဲ့ ၇ ပွဲစလုံး အနိုင်ရခဲ့တာဖြစ်ပြီး ကွင်းလယ်လူ ရိုဒရီက ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆု၊ တောင်ပံကစားသမား ယာမဲလ်က ပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ် ကစားသမား ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 5922
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၅
အာဂျင်တီးနားအသင်းဟာ ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ကိုလံဘီယာအသင်းကို အချိန်ပိုမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို စံချိန်တင် ၁၆ ကြိမ်မြောက်ရရှိသွားခဲ့ပါတယ်။
အာဂျင်တီးနားအသင်းဟာ လောတရိုမာတီနက်ဇ်ရဲ့ အချိန်ပိုမှာ သွင်းယူခဲ့တဲ့ ဂိုးကြောင့် ကိုပါအမေရိကဖလား ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဘွဲ့ကို ဆက်ပြီး ကာကွယ်နိုင်ခဲ့တာပါ။
ဗိုလ်လုပွဲစဉ်ကို လက်မှတ်မရှိတဲ့ ပရိသတ်ပေါင်း ထောင်ပေါင်းများစွာက ကွင်းအတွင်းဝင်ရောက်ဖို့ ကြိုးပမ်းမှု တွေကြောင့် ၁ နာရီကြာ နောက်ကျပြီးမှ ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလား ရယူနိုင်ခဲ့တာကြောင့် အဓိကပြိုင်ပွဲ ၃ ခုဆက်တိုက် ချန်ပီယံဆု ရယူနိုင်ခဲ့တာပါ။
ကိုပါအမေရိကဖလား ပြိုင်ပွဲအပြီးမှာ အာဂျင်တီးနားအသင်းကနေ အနားယူမယ်လို့ ကြေညာထားတဲ့ ဝါရင့် ကစားသမား ဒီမာရီယာဟာ ဆုဖလားနဲ့အတူ နိုင်ငံတကာ ကစားသမားဘဝကို အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီမာရီယာရဲ့ လက်ရွေးစင်အသင်းဖော် အော်တာမန်ဒီကလည်း နိုင်ငံတကာ ကစားသမားဘဝကို အဆုံးသတ်ဖို့ စီစဉ်နေတာပါ။

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို တွေ့ရစဉ်
ဒီမာရီယာက “ကျနော်ဟာ ဗိုလ်လုပွဲရောက်ပြီး အနိုင်ယူကာ ဒီလိုနည်းနဲ့ အနားယူမယ်လို့ အိပ်မက်မက်ခဲ့ပါတယ်။ ကျနော့်မှာ လှပတဲ့ ခံစားချက်တွေ အများကြီးရှိခဲ့ပြီး ဒီမျိုးဆက်ကို အမြဲတမ်း ကျေးဇူးတင်နေမှာပါ။ ဒီနေ့မှာတော့ ကျနော်ဟာ ဆုဖလားနဲ့အတူ ထွက်ခွာတော့မှာပါ”လို့ ပြောခဲ့ပါတယ်။
အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ ဒီပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့တာကြောင့် လူစားလဲခံခဲ့ရပြီး အရန်ခုံတန်းမှာ ငိုကြွေးနေခဲ့တာပါ။
မက်ဆီဟာ ဒဏ်ရာကြောင့် ထွက်ခွာခဲ့ရပေမယ့် အဆုံးသတ်မှာ သူ့ကို ပျော်ရွှင်မှု ပေးနိုင်ခဲ့တယ်လို့လည်း ဒီမာရီယာက ပြောခဲ့ပါတယ်။
၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ကိုလံဘီယာအသင်းခေါင်းဆောင် ဂျိမ်းစ်ရိုဒရီဂွက်ဇ်က ရရှိခဲ့ပါတယ်။
ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ဒီပြိုင်ပွဲမှာ ဂိုးဖန်တီးမှု ၆ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ကိုလံဘီယာအသင်းကို ဗိုလ်လုပွဲ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့တာပါ။
ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို အာဂျင်တီးနားအသင်း တိုက်စစ်မှူး လောတရိုမာတီနက်ဇ်က သွင်းဂိုး ၅ ဂိုးနဲ့ ရရှိခဲ့ပြီး အကောင်းဆုံးဂိုးသမားဆုကို အာဂျင်တီးနားအသင်းဂိုးသမား အီမီမာတီနက်ဇ်က ရရှိခဲ့တာဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 2797
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၅
အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က အခုအချိန်က သူ့အနာဂတ်ကို ဆုံးဖြတ်ရမယ့်အချိန်မဟုတ်ဘူးလို့ စပိန်အသင်းကို အရေးနိမ့်ခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ဆောက်ဂိတ်က “အခုအချိန်က ဒီအကြောင်းကို ပြောရမယ့် အချိန်မဟုတ်ပါဘူး။ မှန်ကန်တဲ့လူတွေနဲ့ စကားပြောဖို့လိုအပ်သလို ကိုယ့်ကိုယ်ကိုလည်း အချိန်အနည်းငယ် ပေးရပါမယ်။ အခုအချိန်တော့ မဟုတ်သေးပါဘူး။ စပိန်အသင်းဟာ ဒီပြိုင်ပွဲမှာရော ဗိုလ်လုပွဲမှာပါ အကောင်းဆုံးအသင်းပါ။ ကျနော်တို့ရဲ့ ကစားသမားတွေဟာ မယုံနိုင်လောက်အောင်လုပ်နိုင်ခဲ့ပါတယ်”လို့ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး မေးမြန်းချိန်မှာ ပြောခဲ့တာပါ။
အသက် ၅၃ နှစ်အရွယ်ရှိ ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို ၂၀၁၆ ခုနှစ်ကတည်းက ကိုင်တွယ်ခဲ့ပေမယ့် သူ့ရဲ့ စာချုပ်ဟာ ဒီဇင်ဘာဆိုရင် ကုန်ဆုံးပြီဖြစ်ပါတယ်။
ဆောက်ဂိတ်ဟာ သူ့ရဲ့လက်ထက်မှာ အင်္ဂလန်အသင်းကို ယူရိုဗိုလ်လုပွဲ ၂ ကြိမ်ဆက်တက်နိုင်အောင် ကိုင်တွယ်ပေးနိုင်ခဲ့ပေမယ့် အသင်းဟာ ၂ ကြိမ်စလုံး အရေးနိမ့်ပြီး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာပါ။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ဟာ ဆောက်ဂိတ်ကို လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ကိုင်တွယ်စေမယ့် စာချုပ်သစ်ချုပ်ဆိုဖို့ အလိုရှိနေတာဖြစ်ပါတယ်။

ဆောက်ဂိတ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲတစ်လျှောက် အင်္ဂလန်အသင်းရဲ့ စွမ်းဆောင်ရည်တွေကြောင့် လှောင်ပြောင်မှုတွေခံခဲ့ရသလို အင်္ဂလန်အသင်းဟာ ဒီပြိုင်ပွဲမှာ ချန်ပီယံမဖြစ်ရင် သူလည်း ဒီနေရာမှာ ရှိနေမှာမဟုတ်ဘူးလို့ ပြိုင်ပွဲမစတင်ခင်က ပြောထားတာဖြစ်ပါတယ်။
FA အမှုဆောင်ချုပ် ဘူလင်ဂမ်က ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်း ချန်ပီယံမဖြစ်ပေမယ့်တစ်သင်းလုံးရဲ့ ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြုကြောင်းနဲ့ ကျေးဇူးတင်ကြောင်း ပြောခဲ့တာပါ။
အင်္ဂလန်အသင်းဟာ လာမယ့် စက်တင်ဘာမှာ UEFA နေးရှင်းလိဂ်ပွဲစဉ်တွေအဖြစ် အိုင်ယာလန်၊ဖင်လန်အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
Source:ESPN
- By CNI
- Category: အားကစား
- Hits: 3308
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၅
ယူရို ၂၀၂၄ ပြိုင်ပွဲ ဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းကို အနိုင်ရပြီး ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့တဲ့ ဥရောပချန်ပီယံ စပိန်အသင်းဆီကနေ နောက်ထပ်လာဖို့ ရှိသေးတယ်လို့ နည်းပြ ဒယ်လာဖွန်တေက ပြောခဲ့ပါတယ်။
ဒယ်လာဖွန်တေက “ဒီလိုမျိုး တိုးတက်အောင်လုပ်ဖို့က ခက်ခဲပေမယ့် ကျနော့် ကစားသမားတွေကို ဆက်ပြီး တိုးတက်စေချင်ပါတယ်။ သူတို့တွေဟာ မမောမပန်းဘဲ ဆက်ပြီးတိုးတက်ဖို့နဲ့ အနိုင်ရဖို့အတွက် ကြိုးစားမှာပါ။ သူတို့အားလုံးဟာ ဂုဏ်ယူဖို့လိုပါတယ်။ သမိုင်းကိုဖန်တီးပြီး အရှေ့မှာ ရှည်လျားတဲ့ အနာဂတ်တွေရှိနေတဲ့ ကစားသမားမျိုးဆက်တွေအတွက် လူတိုင်းဂုဏ်ယူဖို့ ကျနော်မျှော်လင့်တယ်”လို့ ဆုဖလားရယူပေးအပြီးမှာ ပြောခဲ့တာပါ။
ယူရို ၂၀၂၄ ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ကစားခဲ့တဲ့ စပိန်အသင်းနဲ့ အင်္ဂလန်အသင်းတို့ပွဲစဉ်မှာ စပိန်အသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
စပိန်အသင်းဟာ ယူရိုချန်ပီယံဆုကို ၁၉၆၄၊ ၂၀၀၈ နဲ့ ၂၀၁၂ ခုနှစ်တွေမှာ ရယူနိုင်ခဲ့တာကြောင့် အခုတစ်ကြိမ်ဟာ သူတို့အတွက် ယူရိုချန်ပီယံဆုကို ၄ ကြိမ်မြောက် ရယူနိုင်ခဲ့တာပါ။
စပိန်အသင်းဟာ ယူရိုပြိုင်ပွဲသမိုင်းမှာ ချန်ပီယံဆု အရေအတွက် အများဆုံးရရှိထားတဲ့ အသင်းလည်း ဖြစ်လာခဲ့ ပါတယ်။

စပိန်အသင်း ယူရိုဖလားရသွားစဉ်
အင်္ဂလန်အသင်းကတော့ ယူရိုဗိုလ်လုပွဲကို ၂ ကြိမ်ဆက် တက်နိုင်ခဲ့ပေမယ့် ၂ ကြိမ်စလုံး ဒုတိယနဲ့သာ ကျေနပ်ခဲ့ ရတာပါ။
စပိန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲ တစ်လျှောက် ကစားခဲ့တဲ့ ပွဲစဉ် ၇ ပွဲစလုံး အနိုင်ရခဲ့ပြီး သွင်းဂိုး ၁၅ ဂိုးအထိ သွင်းယူကာ စံချိန်သစ်တစ်ခုလည်း တင်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာ စပိန်အသင်းအတွက် ခြေစွမ်းပြပြီး ၁ ဂိုးသွင်းယူကာ ၄ ဂိုး ဖန်တီးနိုင်ခဲ့တဲ့ ယာမဲလ်ဟာ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့ပါတယ်။
ယာမဲလ်က “အလွန်ပျော်ရွှင်ပြီး စပိန်ကိုပြန်လာကာ ပရိသတ်တွေနဲ့အတူ အောင်ပွဲခံချင်ပါတယ်။ ဒါက အကောင်း ဆုံး လက်ဆောင်ဖြစ်ပြီး အိပ်မက်တစ်ခုပါပဲ။ သရေကျနေတဲ့ အချိန်တုန်းက ကျနော်တို့အတွက် ခက်ခဲခဲ့ပါတယ်။ သူတို့က ကျနော်တို့ကို အပြင်းအထန် တွန်းအားပေးပေမယ့် ကျနော်တို့ဟာ အမြဲတမ်းပြန်လာနိုင်
သလို အမြဲတမ်း အနိုင်ရပါတယ်”လို့ ပြောခဲ့တာပါ။
ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို စပိန်အသင်းကွင်းလယ်လူ ရိုဒရီက ရရှိခဲ့ပြီး ဂိုးသွင်း အများဆုံး ရွှေဖိနပ်ဆုကို အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်း အပါအဝင် ကစားသမား ၆ ဦးက ၃ ဂိုးစီ သွင်းပြီး ဒီဆုကို ပူးတွဲရရှိသွားခဲ့တာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 1805
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၅
ယူရို ၂၀၂၄ ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် စပိန်အသင်းနဲ့ အင်္ဂလန်အသင်းတို့ ကစားခဲ့တာမှာ စပိန်အသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။
စပိန်အသင်းဟာ ဒီပွဲမှာ အင်္ဂလန်အသင်းကို အသာစီးနဲ့ ကစားခဲ့ပြီး ပထမပိုင်းမှာ ဂိုးမရှိသရေကျခဲ့ပါတယ်။
ဒုတိယပိုင်းအစ ပွဲချိန် ၄၇ မိနစ်မှာ စပိန်အသင်း ဦးဆောင်ဂိုးရခဲ့ပြီး နီကိုဝီလီယံစ်က သွင်းယူခဲ့တာပါ။
အင်္ဂလန်အသင်းဟာ ဦးဆောင်ဂိုးပေးရအပြီးမှာ ချေပဂိုးရဖို့ လူစားလဲမှုတွေ ပြုလုပ်ခဲ့ပြီး လူစားဝင်လာတဲ့ ကိုးလ်ပါလ်မာက ပွဲချိန် ၇၃ မိနစ်မှာ ချေပဂိုးသွင်းယူခဲ့ပါတယ်။

အင်္ဂလန်အသင်းနဲ့ စပိန်အသင်းကိုတွေ့ရစဉ်
ပွဲချိန်အတွင်း ၁ ဂိုးစီ သရေနဲ့ပြီးဆုံးပြီး အချိန်ပို ဆက်သွားမယ်လို့ ထင်မှတ်ထားချိန်ပွဲချိန် ၈၆ မိနစ်မှာ အိုယာဇာဘဲလ်က စပိန်အသင်းအတွက် အဖိုးတန်အနိုင်ဂိုး သွင်းယူပေးခဲ့တာပါ။
အင်္ဂလန်အသင်းဟာ လက်ကျန်မိနစ်တွေမှာ ချေပဂိုးပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် စပိန်အသင်းဟာ ပွဲကို အကောင်းဆုံးထိန်းပြီး ချန်ပီယံဆုကို ရယူသွားခဲ့ပါတယ်။
စပိန်အသင်းဟာ အခုတစ်ကြိမ် အပါအဝင် ယူရိုချန်ပီယံဆုကို ၄ ကြိမ်မြောက် ရယူနိုင်ခဲ့တာဖြစ်ပြီး အင်္ဂလန် အသင်းကတော့ ဗိုလ်လုပွဲကို ၂ ကြိမ်ဆက် တက်နိုင်ခဲ့ပေမယ့် ၂ ကြိမ်စလုံး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1901
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၄
အင်္ဂလန်အသင်း ခေါင်းဆောင်ဟောင်း ဝိန်းရွန်နီက ယူရို ၂၀၂၄ ပြိုင်ပွဲ ဗိုလ်လုပွဲမှာ စပိန်အသင်းကို အနိုင်ရပြီး ၅၈ နှစ်ကြာ ဆုဖလားမရရှိတာကို အင်္ဂလန်အသင်း အဆုံးသတ်နိုင်လိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။
ဝိန်းရွန်နီက “ဒီပွဲမှာ အင်္ဂလန်အသင်းက စပိန်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရမယ်လို့ ကျနော်ထင်ပါတယ်။ နယ်သာလန်အသင်းနဲ့နောက်ဆုံးပွဲမှာ အင်္ဂလန်အသင်း ကစားပုံဟာ အလွန်ကောင်းမွန်ခဲ့ပြီး အနိုင်ရဖို့ ထိုက်တန်ခဲ့ တယ်လို့ ထင်ပါတယ်။ ဗိုလ်လုပွဲဟာ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ပွဲဖြစ်မှာဖြစ်ပြီး ကွင်းထဲမှာ အရည်အသွေးရှိတဲ့ လူငယ်တွေ အများကြီးရှိပါတယ်။ ပွဲကောင်းတစ်ပွဲ ဖြစ်မယ်ဆိုတာ သေချာပေမယ့် အင်္ဂလန်အသင်းပဲ အနိုင်ရသွား မှာပါ”လို့ The Olive Press ကိုပြောခဲ့တာပါ။
အင်္ဂလန်အသင်းဟာ ဒီပြိုင်ပွဲမှာ အထနှေးပြီး ဝေဖန်မှု အများအပြား ခံခဲ့ရပေမယ့် ယူရိုဗိုလ်လုပွဲကို ၂ ကြိမ်ဆက် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းကို တွေ့ရစဉ်
အင်္ဂလန်အသင်းအတွက်တော့ ယူရို ၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲဟာ ပြည်ပမှာ ကစားရမယ့် ပထမဆုံးအဓိက ဗိုလ်လုပွဲ လည်းဖြစ်တာပါ။
အင်္ဂလန်အသင်းနဲ့ ဗိုလ်လုပွဲမှာ ရင်ဆိုင်ရမယ့် စပိန်အသင်းဟာ ဒီပြိုင်ပွဲမှာ အကောင်းဆုံးပုံစံ ပြသထားပြီး ခရိုအေးရှား၊ အီတလီ၊ ဂျာမနီနဲ့ ပြင်သစ်တို့ကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဝိန်းရွန်နီက ဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းက စပိန်အသင်းကို အနိုင်ရမယ်လို့ ပြောခဲ့တာပါ။

ဝိန်းရွန်နီကို တွေ့ရစဉ်
ဒါအပြင် ဝိန်းရွန်နီက အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ ဗိုလ်လုပွဲမှာ နယ်သာလန်အသင်းနဲ့ ပွဲစဉ်က လူစာရင်းအတိုင်းပဲ အသုံးပြုနိုင်ပြီး လုပ်ခ်ရှော တစ်နေရာသာ အပြောင်းအလဲ ပြုလုပ်နိုင်တယ်လို့ သူ့ရဲ့ ထင်မြင် ချက်ကို ပြောခဲ့ပါတယ်။
ဗိုလ်လုပွဲ မတိုင်ခင်မှာ စပိန်အသင်းဟာ ချန်ပီယံဖြစ်ဖို့အတွက် ရေပန်းအစားဆုံး အသင်းအဖြစ် ရှိနေတာပါ။
စပိန်အသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲကို ဇူလိုင် ၁၅ ရက် မနက်ပိုင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 1417
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၄
စပိန်ဂိုးသမား ကီပါဟာ ချယ်လ်ဆီးအသင်းဖော်တွေနဲ့ သီးခြားလေ့ကျင့်မှု ပြုလုပ်နေပြီး နွေရာသီအပြောင်းအရွှေ့မှာ အသင်းက ထွက်ခွာဖို့ရှိနေတာ ဖြစ်ပါတယ်။
ကီပါဟာ ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်အသင်းမှာ အငှားသွားရောက်ကစားခဲ့ပြီး အပြီးသတ်ပြောင်းရွှေ့နိုင်ဖို့ မျှော်လင့်ခဲ့တာပါ။ ဒါပေမယ့် ရီးရယ်လ်အသင်းက သူ့ကို အပြီးသတ် မခေါ်ယူခဲ့တာကြောင့် ကီပါဟာ ရာသီကြိုလေ့ကျင့်မှုတွေပြုလုပ်ဖို့ ကော့ဘ်ဟမ်းကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။
နိုင်ငံတကာပွဲစဉ်တွေ ယှဉ်ပြိုင်မကစားခဲ့တဲ့ ချယ်လ်ဆီးအသင်း ကစားသမားတွေဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်က နည်းပြသစ် မာရက်စ်ကာလက်အောက်မှာ လေ့ကျင့်မှုတွေ ပြန်လည်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် ကီပါကတော့ ချယ်လ်ဆီးအသင်းဖော်တွေနဲ့ သီးခြားလေ့ကျင့်မှုတွေ ပြုလုပ်နေတာပါ။

ချယ်လ်ဆီးအသင်းဟာ ကီပါကို အမြန်ဆုံးရောင်းချပြီး အပြောင်းအရွှေ့အတွက် ငွေကြေးရှာဖွေချင်နေတာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းနဲ့ စာချုပ် ၁ နှစ်သာကျန်ရှိတော့တဲ့ ကီပါကို ခေါ်ယူဖို့ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းက စိတ်ဝင်စားနေတာပါ။
၂၀၁၈ ခုနှစ်က ဘီလ်ဘာအိုအသင်းကနေ ပေါင် ၇၁ သန်းနဲ့ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ကီပါဟာ အခုအချိန်အထိ ကမ္ဘာ့ဈေးအကြီးဆုံးဂိုးသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။
ကီပါဟာ ချယ်လ်ဆီးအသင်းနဲ့ ပွဲဦးထွက်ရာသီမှာ လက်စွမ်းပြသနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ လက်စွမ်းကျဆင်းခဲ့ပြီး မန်ဒီရဲ့ အရန်ဂိုးသမားဖြစ်ခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဂိုးသမားတွေဖြစ်တဲ့ ရောဘတ်ဆန်းချက်ဇ်နဲ့ ပီထရိုဗစ်တို့ကို ခေါ်ယူခဲ့တာကြောင့် ကီပါရဲ့ အနာဂတ်ဟာ မရေမရာဖြစ်လာခဲ့ပါတယ်။
အဲ့ဒါကြောင့် ကီပါဟာ ဂိုးသမား ကော့တွိုက်စ်ဒဏ်ရာကြောင့် အနားယူရမယ့် ရီးရယ်လ်အသင်းကို အငှားနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
ကီပါဟာ ရီးရယ်လ်အသင်းမှာလည်း ဂိုးသမား လူနင်ကို မကျော်ဖြတ်နိုင်ခဲ့ပေမယ့် လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားရယူပြီး ကလပ်အသင်းကနေ ထွက်ခွာခဲ့တာပါ။
ကီပါဟာ ချယ်လ်ဆီးအသင်းနဲ့အတူ ချန်ပီယံလိဂ်၊ယူရိုပါလိဂ်၊ ဥရောပစူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုတို့ကို ရယူနိုင်ခဲ့ပြီး FA ဖလားနဲ့ လိဂ်ဖလားဗိုလ်လုပွဲတွေရောက်ရှိအောင်လည်း ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။
Source: metro
