
- By CNI
- Category: အားကစား
- Hits: 606
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၁၈
စပိန်တင်းနစ် အကျော်အမော် ရာဖေးလ်နာဒယ်လ်ဟာ ဒဏ်ရာကြောင့် ပြင်သစ်အိုးပန်းပြိုင်ပွဲကို ပါဝင်နိုင်မှာ မဟုတ်တော့တဲ့အတွက် ချန်ပီယံဆုကို ကာကွယ်နိုင်တော့မှာ မဟုတ်ဘူးလို့ Metro သတင်းက ဖော်ပြထားပါ တယ်။
ရာဖေးလ်နာဒယ်လ်ဟာ ဇန်နဝါရီလ ၁၈ ရက် ကတည်းက တင်းနစ်ပြိုင်ပွဲတွေမှာ ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ပေမယ့် စံချိန်တင် ဆုဖလား ၁၄ ကြိမ် ရရှိထားတဲ့ ပြင်သစ်အိုးပန်းပြိုင်ပွဲမှာ ပါဝင်ဖို့ ပစ်မှတ်ထားခဲ့တာပါ။
ဂရမ်းဆလမ်း ချန်ပီယံဆုကို ၂၂ ကြိမ် ရရှိထားတဲ့ စပိန်တင်းနစ်သမား နောက်ဆုံး ပါဝင်ခဲ့တဲ့ ပြိုင်ပွဲကတော့ သြစတြေးလျ အိုးပန်းဖြစ်ပြီး တင်ပါးဒဏ်ရာကြောင့် ဒုတိယအဆင့်မှာ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ရာဖေးလ်နာဒယ်လ်ဟာ မွန်တီကာလိုမာစတာ ပြိုင်ပွဲနဲ့ အဓိကပြိုင်ပွဲတွေဖြစ်တဲ့ မက်ဒရစ်နဲ့ ရိုးမားပြိုင်ပွဲတွေမှာ မပါဝင် နိုင်ခဲ့သလို စပိန်မှာ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ပြင်သစ်အိုးပန်းပြိုင်ပွဲမှာပါ မပါဝင်နိုင်တော့ဘူးလို့ ဖော်ပြနေကြပါတယ်။
ရာဖေးလ်နာဒယ်ရဲ့ ဒဏ်ရာကို စစ်ဆေးနေစဉ်
နာဒယ်လ်ရဲ့ အဖွဲ့ဟာ ဒါကို တရားဝင် သတင်းထုတ်ပြန်ပြီး ကြေညာဖို့အတွက် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွား မှာဖြစ်ပြီး အဲဒီမှာ စပိန်တင်းနစ်သမား ကစားနိုင်ခြင်း ရှိ/မရှိကို အသိပေးသွားမယ်လို့ သိရပါတယ်။
နာဒယ်လ်ဟာ ပြီးခဲ့တဲ့နှစ်က တင်းနစ်လောကကနေ အနားယူသွားခဲ့တဲ့ ဂန္တဝင်ကစားသမား ရော်ဂျာဖက်ဒဲရားလိုပဲ မကြာခင်မှာ အနားယူ သွားနိုင်တယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
အသက် ၃၆ နှစ် အရွယ်ရှိပြီဖြစ်တဲ့ နာဒယ်လ်ဟာ ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်နဲ့အတူ ဂရမ်းဆလမ်း အများဆုံး ဆွတ်ခူးထားနိုင်တဲ့ ကစားသမားအဖြစ် ပူးတွဲရပ်တည်နေတာ ဖြစ်ပါတယ်။
ဂျိုကိုဗစ်သာ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ရင် ဂရမ်းဆလမ်း ၂၃ ကြိမ်နဲ့ အများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်တော့မှာ ပါ။
ရာဖေးလ်နာဒယ်လ်ဟာ စပိန်လက်ရွေးစင် ကိုယ်စားပြုအဖြစ် ၂၀၀၈ ဘေဂျင်းအိုလံပစ်နဲ့ ၂၀၁၆ ရီယိုဒီဂျနေရိုး အိုလံပစ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂ ကြိမ်စလုံး ရွှေတံဆိပ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 619
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၁၈
ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပထမရာသီမှာ ရုန်းကန်နေရတဲ့ မာနေးကို ခေါ်ယူဖို့ ယူနိုက်တက်၊ ချယ်လ်ဆီးနဲ့ နယူးကာဆယ်အသင်းတို့က စိတ်ဝင်စားနေပေမယ့် ကစားသမားကတော့ ဂျာမန်ကလပ်မှာပဲ ဆက်ပြီး ရှိချင်နေပါတယ်။
ပြီးခဲ့တဲ့နွေရာသီက လီဗာပူးလ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ မာနေးဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ် အသင်း အတွက် ပုံစံကောင်း ပြသနိုင်ဖို့ ခက်ခဲနေသလို အသင်းဖော် ဆာနေးရဲ့ မျက်နှာကို ထိုးခဲ့တဲ့ အဖြစ်အပျက်တွေ လည်း ရှိခဲ့တာပါ။
အဲဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ မာနေးကို ပြန်ရောင်းချဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဆီနီဂေါ ကစားသမားက အသင်းမှာပဲ ဆက်ရှိချင်တယ်လို့ ဖာဘရီဇီယို ရိုမန်နိုက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
မာနေးဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်အသင်းမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်မျိုးကို ပြသနိုင်ခြင်း မရှိသေးဘဲ ဒီရာသီ ဘိုင်ယန်မြူးနစ် အသင်းအတွက် ၁၂ ဂိုး သွင်းယူပြီး ၆ ဂိုးသာ ဖန်တီးထားနိုင်ပါတယ်။
မာနေးဟာဆိုရင် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၂၀၂၅ အထိ စာချုပ် ချုပ်ဆိုထားတာဖြစ်ပြီး ကလပ်ရဲ့ ပရောဂျက်ကို ယုံကြည်မှု အပြည့်ရှိနေတာဖြစ်ပြီး နည်းပြ တူချယ်လ်နဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်လို့ ဖာဘရီဇီယိုရို မန်နိုက ပြောထားပါတယ်။
မာနေးနဲ့ ဘိုင်ယန်မြူးနစ်အသင်းသားများကိုတွေ့ရစဉ်
ဒါပေမယ့် ဘိုင်ယန်မြူးနစ်သာ မာနေးကို လာမယ့် နွေရာသီမှာ ပြန်ပြီးရောင်းချဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ပရီးမီးယား လိဂ် ကလပ်တွေဖြစ်တဲ့ ယူနိုက်တက်၊ ချယ်လ်ဆီးနဲ့ နယူးကာဆယ်အသင်းတို့က ပစ်မှတ်ထားနေပါတယ်။
မာနေးဟာ လီဗာပူးလ်အသင်းမှာ ကစားခဲ့ချိန်က ပြသခဲ့တဲ့ ခြေစွမ်းတွေကို ဒီအသင်းတွေက သိရှိပြီးသား ဖြစ်တာ ကြောင့် ခေါ်ယူခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်နဲ့ အံဝင်မှုမရှိမှာကို စိုးရိမ်စရာ မလိုတဲ့အတွက် ခေါ်ယူဖို့ ပစ်မှတ်ထား နေတာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ် အသင်းဟာ အခုနှစ်ရာသီ ဘွန်ဒစ်လီဂါ ပြိုင်ပွဲပြီးဆုံးဖို့ ၂ ပွဲသာ ကျန်ရှိတော့တဲ့ အချိန်မှာ ဒုတိယ နေရာကဒေါ့မွန်အသင်းကို ၁ မှတ် အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာပါ။
ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံအသင်းဟာ လက်ကျန် ၂ ပွဲအဖြစ် လိုက်ပ်ဇစ်၊ ကိုလုံးအသင်းတို့နဲ့ ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 784
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၁၈
ဘရန်ဖို့ဒ်အသင်း တိုက်စစ်မှူး အိုင်ဗန်တိုနေးဟာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)ရဲ့ လောင်းကစား စည်းမျဉ်းကို ချိုးဖောက်ခဲ့တဲ့အတွက် ၈ လကြာ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
အိုင်ဗန်တိုနေးဟာ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်ကနေ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်ကြားထဲမှာ လောင်းကစား စည်းမျဉ်းချိုးဖောက်မှု ၂၃၂ ခုရှိခဲ့တာကို ဝန်ခံခဲ့တဲ့အတွက် အက်ဖ်အေရဲ့ အရေးယူမှုကို ခံခဲ့ရတာပါ။
အဲဒါကြောင့် အင်္ဂလန်တိုက်စစ်မှူးဟာ ဘောလုံးနဲ့ ပတ်သက်ခွင့် ၈ လကြာ ပိတ်ပင်ခံခဲ့ရတာဖြစ်ပြီး ဒါဟာ ချက်ချင်း အကျိုးသက်ရောက်မှု ရှိမှာဖြစ်လို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်အထိ ဘောလုံးပြန်ကစားခွင့်ရမှာ မဟုတ်ပါဘူး။
ဒါအပြင် အိုင်ဗန်တိုနေးဟာ ဒဏ်ကြေးငွေ ပေါင် ၅၀,၀၀၀ ချမှတ်ခံခဲ့ရပြီး အနာဂတ် အပြုအမူအတွက် အက်ဖ်အေ ရဲ့ သတိပေးခြင်းကိုလည်း ခံခဲ့ရတာပါ။
ဘရန်ဖို့ဒ် တိုက်စစ်မှူးဟာ ဒီပြစ်ဒဏ်တွေနဲ့ ပတ်သက်ပြီး အယူခံဝင်လို့ရပေမယ့် အင်စတာဂရမ်မှာ တင်ထားတဲ့ သူ့ရဲ့ကြေညာချက်မှာတော့ အယူခံဝင်ဖို့ အစီအစဉ်ရှိ၊ မရှိကို ဖော်ပြထားခြင်းမရှိပါဘူး။
အင်္ဂလန်အသင်းမှာ ကစားနေတဲ့ အိုင်ဗန်တိုနေးကို တွေ့ရစဉ်
အိုင်ဗန်တိုနေးက “ကျနော့်ကို ဘောလုံးနဲ့ ပတ်သက်ခွင့် ၈ လကြာ ပိတ်ပင်ထားတဲ့ အကြောင်းကြားစာကို ရရှိထား ပါတယ်။ ၈ လကြာ ဘောလုံး မကစားနိုင်တော့တဲ့အတွက် သဘာဝအတိုင်း စိတ်ပျက်မိပါတယ်။ ဒီအချိန်မှာ ကျနော် ဘာမှတ်ချက်မှ မပေးချင်ပါဘူး။ အခုအချိန်မှာတော့ ကျနော်ချစ်တဲ့ ပွဲတွေကို နောက်ရာသီမှာ ပြန်ကစား နိုင်ဖို့အတွက်သာ အာရုံစိုက်ထားတယ်”လို့ ရေးသားထားပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိ အိုင်ဗန်တိုနေးဟာ ဒီရာသီမှာ ဘရန်ဖို့ဒ်အသင်းအတွက် ပရီးမီးယားလိဂ် ပွဲပေါင်း ၃၃ ပွဲ ပါဝင်ကစားထားပြီး ဂိုး ၂၀ အထိ သွင်းယူထားကာ အသင်းကို အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည် နိုင်အောင် စွမ်းဆောင်ပေးထားတာပါ။
အိုင်ဗန်တိုနေးဟာ ပွဲပယ်ကြောင့် ဒီရာသီ ဘရန်ဖို့ဒ်အသင်းရဲ့ လက်ကျန်ပွဲစဉ်တွေဖြစ်တဲ့ စပါး၊ မန်စီးတီး အသင်းတို့ နဲ့ပွဲစဉ်မှာ ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။
အိုင်ဗန်တိုနေးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကမှ ဆောက်ဂိတ်ရဲ့ လူစာရင်းမှာ ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရပြီး မတ်လက ယူကရိန်းကို အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ အင်္ဂလန်အတွက် ပထမဆုံးပွဲစဉ်အဖြစ် ပါဝင်ခွင့် ရခဲ့ တာပါ။
အိုင်ဗန်တိုနေးရဲ့ အင်္ဂလန်အသင်းဖော် ထရစ်ပီယာဟာ စပါးကနေ အသလက်တီကိုအသင်းထံ ပြောင်းရွှေ့မယ့် အပြောင်းအရွှေ့ကို လောင်းကြေးထပ်နိုင်ဖို့ အခြားသူတွေကို အချက်အလက် ပေးခဲ့တာကြောင့် အက်ဖ်အေက ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလက ၁၀ ပတ်ကြာပိတ်ပင်တဲ့ ပြစ်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 632
CNI International News
၂၀၂၃ ခုနှစ်၊ မေလ ၁၈
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ရီးရယ်လ်ကို အနိုင်ရဖို့ ပြီးခဲ့တဲ့နှစ်က နာကျင်မှုကို အသုံးပြုခဲ့တယ်လို့ မန်စီးတီး အသင်းနည်းပြ ဂွာဒီယိုလာက ပြောပါတယ်။
အဲဒီ နိုင်ပွဲကြောင့် မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပြီး ဖြစ်ပါတယ်။
ဂွာဒီယိုလာက “ပြီးခဲ့တဲ့ရက်အတွင်းမှာ တည်ငြိမ်မှုနဲ့ တင်းမာမှုတွေ ရောထွေးနေတဲ့ ခံစားချက်နဲ့ ဒီလိုပွဲတွေ ကစား ဖို့ ရည်မှန်းထားခဲ့ရပါတယ်။ မနှစ်က နာကျင်စရာတွေက ဒီနေ့အထိ ရှိခဲ့ပါတယ်။ ကျနော်တို့ ရှုံးခဲ့တဲ့လမ်းက တကယ်ကို ခက်ခဲပါတယ်။ ကျနော်တို့ အဆိပ်ကို မျိုချခဲ့ပြီး ဒါကို လိုချင်တယ်လို့ ကျနော်ပြောခဲ့ပါတယ်။ တစ်နှစ် အတွင်းမှာ ကျနော်တို့ စွမ်းအင်တွေရှိခဲ့ပြီး၊ ဒီအသင်းဟာ အလွန်နှိမ့်ချပါတယ်။ ဒါကို အလွန်ဂုဏ်ယူပြီး သူတို့တွေ ဟာ ပြိုင်ပွဲတိုင်းကို အလေးအနက် ထားကြပါတယ်။ ဘဝက ခင်ဗျားကို ဒုတိယအကြိမ် အခွင့်အရေး အမြဲတမ်း ပေးပါတယ်”လို့ ပြောခဲ့တာပါ။
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ မန်စီးတီးအသင်းက ရီးရယ်လ်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီး သွင်းဂိုးတွေကို ဘာနာဒိုဆေးလ်ဗားက ၂ ဂိုးနဲ့ အကန်ဂျီ၊ အယ်လ်ဗားရတ်ဇ်တို့က ၁ ဂိုးစီ သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ပထမအကျော့အဖြစ် ကစားခဲ့တုန်းက ၁ ဂိုးစီ သရေကျခဲ့လို့ နှစ်ကျော့ပေါင်း ရလဒ် ၅ ဂိုး- ၁ ဂိုးနဲ့ မန်စီးတီးအသင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ဒုတိယအကြိမ် တက်နိုင်ခဲ့တာပါ။
မန်စီးတီးနဲ့ ရီးရယ်လ် ယှဉ်ပြိုင်နေစဉ်
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ရီးရယ်လ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ရှုံးကြွေး ကို ဒီပွဲမှာ ပြန်ဆပ်နိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာ အေစီမီလန်အသင်းကို အနိုင်ရခဲ့တဲ့ အင်တာမီလန်အသင်းနဲ့ ဇွန်လ ၁၀ ရက် အစ္စတန်ဘူလ်မှာ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
ဂွာဒီယိုလာက အီတလီအသင်းနဲ့ ဗိုလ်လုပွဲမှာ တွေ့ဆုံရာမှာ သူတို့အတွက် အကောင်းဆုံး လက်ဆောင် မဟုတ်ဘူး လို့ ပြောခဲ့တာပါ။
ဂွာဒီယိုလာက “ရိုးရိုးသားသား ပြောရရင် အီတလီအသင်းနဲ့ ကစားရမယ့် ဗိုလ်လုပွဲက အကောင်းဆုံး လက်ဆောင် မဟုတ်ပါဘူး။ သူတို့ဟာ ပြိုင်ဆိုင်မှု ပြင်းထန်ပါတယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်တဲ့အတွက် ကျနော်တို့ အောင်ပွဲခံရပါမယ်။ ကံမကောင်းတာက ကျနော်တို့မှာ အချိန်မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်ကို အနိုင်ယူရမှာဖြစ်လို့ပါ။ မနက်ဖြန်မှာတော့ မိသားစုနဲ့ အတူရှိနေပြီး နောက်နေ့မှာ တနင်္ဂနွေနေ့ ပွဲအတွက် ပြင်ဆင်မယ်”လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရ တာနဲ့ အမှတ်ပေး ချန်ပီယံဆုကို ၃ နှစ်ဆက်တိုက် ရရှိမှာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 588
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၁၇
အီတလီလက်ရွေးစင်နဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ ဂန္တဝင်ကစားသမား ဘိုနူချီဟာ လာမယ့်နှစ် ရာသီအကုန်မှာ ကစားသမားဘဝကနေ အနားယူမယ်လို့ ပြောလိုက်ပါတယ်။
ဘိုနူချီက “လာမယ့်နှစ်မှာ ကစားတာကို ရပ်လိုက်တော့မှာပါ။ ဒါဟာ ခံစစ်ခေတ်ရဲ့ အဆုံးသတ် ဖြစ်လာပါလိမ့် မယ်။ အကြီးမြတ်ဆုံး သူတွေနဲ့ ရှိနေရတာက တကယ့် ဂုဏ်ယူစရာပါပဲ။ ကျနော်တို့မှာ ဘာရီဆီ၊ မာလ်ဒီနီ၊ ကင်နာဗာရိုးနဲ့ နတ်စတာတို့လို အနာဂတ်မှာ ခံစစ် ကစားသမားကောင်းတွေ အများကြီးရှိဖို့ မျှော်လင့်ပါတယ်။ ကျနော်ဟာ အောင်မြင်မှုတွေ အများကြီး ရယူနိုင်ခဲ့ပြီး ပွဲတွေမှာလည်း အများကြီးပေးခဲ့ပါတယ်”လို့ ဂျူဗင်တပ်စ် အသင်းရဲ့ Youtube Channel ကို ပြောခဲ့တာပါ။
အီတလီအသင်းနဲ့ ယူရို ၂၀၂၀ ချန်ပီယံဆုဖလား ရယူနိုင်ခဲ့တဲ့ ဝါရင့်နောက်ခံလူဟာ လာမယ့်နှစ် အသက် ၃၇ နှစ် အရွယ်မှာ ကစားသမားဘဝကို အဆုံးသတ်မှာ ဖြစ်ပါတယ်။
ဘိုနူချီဟာ ဂျူဗင်တပ်စ်အသင်းမှာ ဂိုးသမားဟောင်း ဘူဖွန်၊ နောက်ခံလူဟောင်းတွေဖြစ်တဲ့ ချီလီနီ၊ ဘာဇာဂလီ တို့နဲ့ ခံစစ်မှာ နှစ်ပေါင်းများစွာ အတွဲညီစွာ ကစားနိုင်ခဲ့တာဖြစ်ပြီး လက်ရှိအသင်းမှာ သူတစ်ဦးတည်းသာ ရှိတော့တာပါ။
ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို အင်တာမီလန် အသင်းနဲ့ ၂၀၀၆ မှာ စတင်ခဲ့တဲ့ ဘိုနူချီနဲ့ ဂျူဗင်တပ်စ် အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လာမယ့်နှစ် ရာသီအကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။
ဘိုနူချီကိုတွေ့ရစဉ်
ဘိုနူချီဟာ အေစီမီလန်အသင်းမှာ ၂၀၁၇-၁၈ ရာသီမှာ ရှိခဲ့တာကလွဲပြီး ၂၀၁၀ ကနေ လာမယ့်နှစ် ရာသီအထိ ဂျူဗင်တပ်စ်အသင်းမှာ ရှိခဲ့တာပါ။
ဂျူဗင်တပ်စ်အသင်း အတွက် ဘိုနူချီဟာ ပွဲပေါင်း ၅၀၀ တိတိ ပါဝင်ကစားပေးခဲ့ပါတယ်။
ဘိုနူချီဟာ ကစားသမားဘဝမှာ စီးရီးအေဖလား ၉ ကြိမ် ရရှိထားပြီး ဘူဖွန် တစ်ဦးတည်းကသာ ၁၀ ကြိမ်နဲ့ သူ့ထက် စီးရီးအေဖလား ပိုပြီးရရှိထားတဲ့ ကစားသမားအဖြစ် ရှိခဲ့တာပါ။
ဂျူဗင်တပ်စ် ကစားသမားဟာ အီတလီ လက်ရွေးစင်အတွက် ပွဲပေါင်း ၁၂၀ ပါဝင် ကစားထားပြီး သမိုင်း တစ်လျှောက် စတုတ္တမြောက် ပွဲအရေအတွက် အများဆုံး ကစားထားတဲ့ သူလည်း ဖြစ်ခဲ့ပါတယ်။
ဘိုနူချီဟာ အင်္ဂလန်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲဗိုလ်လုပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
Source: The Sun

- By CNI
- Category: အားကစား
- Hits: 543
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၁၈
ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ အင်ဒိုနီးရှားအသင်းနဲ့ ရန်ပွဲဖြစ်ပွားခဲ့တာကြောင့် ထိုင်းဘောလုံးအဖွဲ့ချုပ် အကြီးအကဲက တောင်းပန်မှု ပြုလုပ်ခဲ့ပြီး ပြင်းထန်တဲ့ ပြစ်ဒဏ်တွေပေးမယ်လို့ ကတိပေးခဲ့ပါတယ်။
ထိုင်းဘောလုံးအဖွဲ့ချုပ်က “ကွင်းပြင်ပမှာ ဖြစ်ခဲ့တဲ့ ဖရိုဖရဲ အဖြစ်အပျက်တွေအတွက် တောင်းပန်ပါတယ်။ အထူး သဖြင့် ထိုင်းနိုင်ငံသား အားလုံးကို ကိုယ်စားပြုတဲ့ အဖွဲ့ဝင်တွေနဲ့ နည်းပြတွေဟာ သူတို့ရဲ့ တာဝန် မိနစ်အတွင်း ဖိအားတွေအောက်မှာ တည်ငြိမ်တဲ့ စိတ်ခံစားချက်တွေကို ထိန်းထားရပါမယ်။ ဒီမှာ ပါဝင်ပတ်သက်ခဲ့တဲ့ သူတွေ အားလုံးကို စုံစမ်းစစ်ဆေးဖို့ ကော်မတီဖွဲ့ပြီး ပြစ်ဒဏ်တွေ ချမှတ်သွားမှာပါ။ အသင်း အိမ်ပြန် ရောက်တာနဲ့ ချက် ချင်း စုံစမ်းစစ်ဆေးမှုတွေ စတင်မယ်”လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီပွဲမှာ အင်ဒိုနီးရှားအသင်းက အချိန်ပိုမှာ ၅ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရပြီး နှစ်ပေါင်း ၃၂ နှစ်အကြာမှ ပထမဆုံးအကြိမ် အမျိုးသားဘောလုံးပြိုင်ပွဲရဲ့ ရွှေတံဆိပ်ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ ဖြစ်ခဲ့တဲ့ ရန်ပွဲတွေကြောင့် နှစ်ဖက် အသင်း ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေ အနီကတ်ပြ ထုတ်ပယ် ခံခဲ့ရပါတယ်။
ထိုင်းနဲ့ အင်ဒို ကစားသမား ၂ ဦးကိုတွေ့ရစဉ်
ဒီဖြစ်ရပ်ဟာ နိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်စေတာကြောင့် ဒီအဖြစ်အပျက်မှာ ပါဝင်ခဲ့တဲ့ သူတို့ရဲ့ အဖွဲ့ဝင်တွေကို ထိုင်းဘောလုံးအဖွဲ့ချုပ်က ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒီပွဲမှာ နှစ်ဖက် အသင်းကြား ဖြစ်ပွားခဲ့တဲ့ ရန်ပွဲကြောင့် ကွင်းလုံခြုံရေးတွေကပါ ဝင်ရောက် ထိန်းသိမ်းခဲ့ရပါတယ်။
အချိန်ပိုမှာ ထိုင်းကစားသမား နောက်ထပ် ၂ ဦး ထုတ်ပယ်ခံခဲ့ရတာကြောင့် အင်ဒိုနီးရှားအသင်း အနိုင်ရလဒ်က ပိုပြီး ပြတ်သားသွားခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘောဒီးယား ဘောလုံးအဖွဲ့ချုပ်ကတော့ သူတို့ဟာ အိမ်ရှင်အဖြစ် ပြိုင်ပွဲကို အောင်မြင်စွာနဲ့ ကျင်းပနိုင်ခဲ့ပြီဖြစ်ပြီး ပွဲအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်တွေကို ပွဲတာဝန်ရှိသူတွေက အာရှဘောလုံးအဖွဲ့ချုပ်ထံ ပေးပို့မှာ ဖြစ်တာကြောင့် ကျင့်ဝတ်၊ စည်းကမ်းပိုင်းနဲ့ ပတ်သက်ပြီး အရေးယူခံရနိုင်တယ်လို့ ပြောထားတာပါ။
အာရှဘောလုံး အဖွဲ့ချုပ်ဘက်ကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ပြောခဲ့တဲ့အပေါ် ဘာမှ ပြောဆိုခဲ့ ခြင်း မရှိဘူးလို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 482
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၁၇
ကာတာဘဏ် လုပ်ငန်းရှင် ရှိတ်ဂျာဆင်မ်ဟာ ယူနိုက်တက်ကို ဝယ်ယူဖို့အတွက် နောက်ဆုံးအကြိမ်အဖြစ် ကြီးမားတဲ့ ကမ်းလှမ်းမှု တစ်ခုကို ပြုလုပ်လိုက်ပါတယ်။
ရှိတ်ဂျာဆင်မ်ဟာ ယူနိုက်တက်အသင်းကို ဝယ်ယူဖို့အတွက် ပြိုင်ဘက်ဖြစ်တဲ့ ဗြိတိန်ဘီလျံနာ ရက်ကလစ်ဖ်နဲ့ ယှဉ်ပြိုင်နေရတာဖြစ်ပြီး ၃ ဆင့်အထိ ဖြတ်ကျော်ခဲ့ပြီးပြီဖြစ်လို့ အခုနောက်ဆုံး ကမ်းလှမ်းမှုက ဒီလုပ်ငန်းစဉ်ကို အဆုံးသတ်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။
ရက်ကလစ်ဖ်ဟာ ကာတာဘီလျံနာထက် သုံးစွဲနိုင်မှု စွမ်းအား မရှိနိုင်ပေမယ့် သူဟာ ကလပ်ရဲ့ ရှယ်ယာ ၁၀၀ ရာခိုင်နှုန်းကို ကမ်းလှမ်းထားခြင်း မရှိပါဘူး။
ဒါအပြင် သူ့ရဲ့ အကောင်းဆုံး ကမ်းလှမ်းမှုက ကလပ်ကို သူ့ရဲ့ ပြိုင်ဘက်တွေထက် ပိုပြီး တန်ဖိုးထားတယ်လို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။
ဒေးလီးမေးလ်က ဖော်ပြထားတာမှာတော့ ရှိတ်ဂျာဆင်မ်ရဲ့ နောက်ဆုံး လေလံတင်သွင်းမှုက အရင် ကမ်းလှမ်းခဲ့ တာတွေထက် သိသိသာသာ တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။
ရှိတ်ဂျာဆင်မ်ဟာ ယူနိုက်တက်အသင်းကို အပြည့်အဝ ရယူချင်နေတာဖြစ်ပြီး ငွေကြေးကိုလည်း ချက်ချင်း ပေးချေမှာ ဖြစ်သလို၊ ကလပ်ရဲ့ကြွေးမြီတွေကိုလည်း ဖြေရှင်းပေးသွားမှာပါ။
ရှိတ်ဂျာဆင်မ်နဲ့ ရက်ကလစ်ဖ်ကို တွေ့ရစဉ်
ကာတာဘီလျံနာဟာ အသင်းရဲ့ လူစာရင်းကို အင်အားတောင့်တင်းစေမယ့် ကစားသမားတွေကို ခေါ်ယူဖို့၊ အိုးထရက်ဖို့ဒ်ကို ပိုမိုကောင်းမွန်အောင် ဒါမှမဟုတ် ပြန်လည် တည်ဆောက်နိုင်ဖို့အတွက် အဓိပ္ပါယ်ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ပေးမယ်လို့ ကတိပြုထားပါတယ်။
ငယ်စဉ်ကတည်းက ယူနိုက်တက်အသင်းကို အားပေးခဲ့တဲ့ ရက်ကလစ်ဖ် ဘက်ကလည်း ရှိတ်ဂျာဆင်မ်လိုပဲ ကမ်းလှမ်းမှု အသစ်တွေ ပြုလုပ်လာနိုင်တာကြောင့် ဒီလေလံဆွဲတဲ့ လုပ်ငန်းစဉ်ဟာ ပြီးဆုံးနိုင်ဖွယ် မရှိသေးတာပါ။
၂၀၀၅ က ယူနိုက်တက်အသင်းကို ပေါင်သန်း ၇၉၀ နဲ့ ဝယ်ယူခဲ့တဲ့ ဂလေဇာမိသားစုဟာ အသင်းကို ပေါင် ၅ ဘီလီယံနဲ့ ၆ ဘီလီယံကြား ဈေးနှုန်း သတ်မှတ်ထားပေမယ့် ဘယ်အချိန်မှာ အသင်းကို ရောင်းချမလဲဆိုတဲ့ ဆုံးဖြတ်ချက်ကိုတော့ မချရသေးပါဘူး။
ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်ကတော့ နွေရာသီ အပြောင်းအရွှေ့ မတိုင်ခင်မှာ ပိုင်ရှင် အပြောင်းအလဲနဲ့ ပတ်သက်ပြီး အမြန်ဆုံး ဆုံးဖြတ်စေချင်နေတာ ဖြစ်ပါတယ်။
Source:Metro
- By CNI
- Category: အားကစား
- Hits: 602
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၁၇
အင်တာမီလန်ဒုဥက္ကဋ္ဌ ဇနက်တီက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မန်စီးတီးအသင်းနဲ့သာ ကစားချင်ပြီး ရီးရယ်လ် အသင်းကို ရှောင်ချင်တယ်လို့ ပြောခဲ့ပါတယ်။
ဇနက်တီက “ကျနော်တို့ရဲ့ စိတ်ခံစားမှုတွေဟာ ကောင်းမွန်နေပြီး ကျနော်တို့အသင်းဟာ ဒီလိုခံစားမှုမျိုးနဲ့ ထိုက်တန်ပါတယ်။ကျနော်တို့နဲ့ တွေ့ဆုံရမယ့် ပြိုင်ဘက်က ဘယ်အသင်းလဲဆိုတာ သိရဖို့ မနက်ဖြန်အထိ စောင့်ဆိုင်းရမှာပါ။ကျနော်တို့က ရီးရယ်လ်အသင်းကို ရှောင်ချင်ပါတယ် ဘာကြောင့်လဲဆိုရင် ဒီပြိုင်ပွဲက ရီးရယ်လ် အတွက် ရည်ရွယ်ထားလို့ပါ။ဆီမီးဖိုင်နယ်ကို မြို့ခံပြိုင်ဘက်နဲ့ ဒါဘီပွဲကစားရတာက အလွန်ခက်ခဲပါတယ်။ အရေးကြီးဆုံးကတော့ ဗိုလ်လုပွဲရောက်ဖို့ဖြစ်ပြီး ဒါကခက်ခဲတဲ့လမ်းပါပဲ” လို့ Sky Italia ကို ပြောခဲ့တာပါ။
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဆန်စီရိုမှာပဲ ကစားခဲ့တဲ့ ဒီပွဲမှာ အင်တာမီလန်အသင်းက အေစီမီလန်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး အနိုင်ဂိုးကို တိုက်စစ်မှူး လောတရိုမာတီးနတ်ဇ်က သွင်းယူခဲ့တာဖြစ်ပါတယ်။အင်တာမီလန်အသင်းဟာ ပထမအကျော့တုန်းကလည်း အေစီမီလန်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်လို့ နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရကာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်နိုင် ခဲ့တာပါ။
အင်တာမီလန်အသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ၂၀၁၀ က နောက်ဆုံးအကြိမ် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၁၃ နှစ်အကြာမှ ပထမဆုံးအကြိမ် ပြန်လည်တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ အင်တာမီလန်အသင်း ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နောက်ဆုံးအကြိမ်ရောက်ရှိခဲ့တဲ့ ၂၀၁၀ က နည်းပြမော်ရင်ဟိုရဲ့ လက်အောက်မှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။
အင်တာမီလန်အသင်းတိုက်စစ်မှူး လူကာကူကတော့ ဗိုလ်လုပွဲမှာ ရီးရယ်လ်နဲ့ပဲဖြစ်ဖြစ်၊ မန်စီးတီးနဲ့ပဲဖြစ်ဖြစ် ပွဲကြီးပွဲကောင်း ကစားရမယ်ဆိုတာကို သိတယ်လို့ ပြောပါတယ်။
လူကာကူက “ဗိုလ်လုပွဲမှာ ဘယ်အသင်းနဲ့ ရင်ဆိုင်ချင်လဲဆိုတာက ကိစ္စမရှိပါဘူး။ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာတော့ အကြီးမားဆုံးအသင်းတွေနဲ့ ကစားရမယ်ဆိုတာကို သိပါတယ်။မန်စီးတီးက ဘောလုံးကစားတာမှာ အလွန် ကောင်းမွန်ပြီး ဂွာဒီယိုလာဆိုရင် ပွဲတိုင်းအတွက် သူ့မှာ နည်းစနစ်ပိုင်းအစီအစဉ်တွေရှိပါတယ်။ ရီးရယ်လ်မှာလည်း အရည်အသွေးအပြည့်အဝရှိတဲ့ ဗီနီစီးယက်စ်နဲ့ ရိုဒရီဂိုတို့လို တောင်ပံကစားသမားတွေအပြင် ဗယ်လ်ဗာဒီတို့လို ကွင်းလယ်ကစားသမားတွေရှိပါတယ်။ကျနော်ကတော့ ပွဲကောင်းတစ်ပွဲကို မြင်ချင်ပြီး ပွဲရဲ့အဆုံးမှာ အကောင်းဆုံး အသင်းက အနိုင်ရသွားမှာပါ” လို့ ပြောခဲ့ပါတယ်။
ရီးရယ်လ်နဲ့ မန်စီးတီးအသင်းတို့ရဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်က ၁ ဂိုးစီ သရေကျခဲ့လို့ ဒုတိယ အကျော့ပွဲစဉ်ဟာ အဆုံးအဖြတ်ဖြစ်လာမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းက ဗိုလ်လုပွဲတက်နိုင်မှာ ဖြစ်ပါတယ်။
Source:Metro

- By CNI
- Category: အားကစား
- Hits: 488
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၁၆
လိဒ်စ်ယူနိုက်တက်အသင်းနည်းပြဟောင်း ဘီယယ်လ်ဆာဟာ ဥရုဂွေးလက်ရွေးစင်ဘောလုံးအသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။
အသက် ၆၇ နှစ်အရွယ်ရှိ အာဂျင်တီးနားလူမျိုးနည်းပြဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက လိဒ်စ်ယူနိုက်တက် အသင်းကနေ ထုတ်ပယ်ခံရပြီးကတည်းက အနားယူနေရတာပါ။ဘီယယ်လ်ဆာဟာ မကြာသေးခင်က နည်းပြ ရာထူးလစ်လပ်နေတဲ့ ဘုန်းမောက်၊ အဲဗာတန်အသင်းတို့ရဲ့ နည်းပြရာထူးအတွက်လည်း ဆွေးနွေးမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။
ဘီယယ်လ်ဆာဟာ ၂၀၁၈ က လိဒ်စ်အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းကို ၁၆ နှစ်ကြာ ဝေးကွာခဲ့တဲ့ ပရီးမီးယားလိဂ်ကို ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့တာပါ။အခုအချိန်မှာတော့ ဘီယယ်လ်ဆာဟာ ဥရုဂွေး အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရပြီး အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ကိုင်တွယ်ရတော့မှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားချန်ပီယံဆုကို ၂ ကြိမ်ရရှိထားတဲ့ ဥရုဂွေးအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စု အဆင့်နဲ့ ကျေနပ်ခဲ့ရတာပါ။ဥရုဂွေးအသင်းဟာ ၂၀၂၁ က ဒီယေဂိုအလွန်ဆိုကို နည်းပြအဖြစ် ခန့်အပ်ခဲ့ပေမယ့် ကမ္ဘာ့ဖလားအပြီးမှာ ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ဥရုဂွေးအသင်းဟာ ဘီယယ်လ်ဆာကို နည်းပြသစ်အဖြစ် မခန့်အပ်ခင် မာဆယ်လိုဘရိုလီကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့တာပါ။
ဘီယယ်လ်ဆာဟာ လာမယ့်စက်တင်ဘာလမှာ ကစားမယ့် ချီလီအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလား တောင်အမေရိက ဇုန်ခြေစစ်ပွဲမှာ ဥရုဂွေးအသင်းကို စတင်ကိုင်တွယ်ရတော့မှာ ဖြစ်ပါတယ်။ဒီပွဲပြီးရင် ဥရုဂွေးအသင်းဟာ အီကွေဒေါ အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
အာဂျင်တီးနားလူမျိုးနည်းပြဟာ တောင်အမေရိကအသင်းဖြစ်တဲ့ ချီလီလက်ရွေးစင်အသင်းကို ၂၀၀၇ ကနေ ၂၀၁၁ အထိ ကိုင်တွယ်ခဲ့ပြီး အဲဒီနောက်မှာ ဘီလ်ဘာအို၊ မာဆေးလ်နဲ့ လိုင်လီအသင်းတွေကို ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 1039
CNI Sport News
ပေါ်တူဂီနဲ့ အယ်လ်နာဆာ အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ဇွန်လထဲ စင်္ကာပူကို သွားရောက်မယ်လို့ CNA သတင်းဌာနက ဖော်ပြထားပါတယ်။
ဘောလွန်းဒီအောဆုကို ၅ ကြိမ် ရရှိထားတဲ့ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာ စင်္ကာပူနိုင်ငံကို အကြိမ် ပေါင်းများစွာ သွားရောက်ခဲ့ပါတယ်။
ဒီသွားရောက်မှုတွေထဲမှာ စင်္ကာပူအိုလံပစ် ဖောင်ဒေးရှင်း ပီတာလင် ပညာသင်ဆုအတွက် သွားရောက်တာတွေ လည်း ပါဝင်ပါတယ်။
၂၀၁၉ ခုနှစ်က ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ ယူမင်မူလတန်းကျောင်းကိုလည်း အံ့အားသင့်ဖွယ် သွားရောက် ခဲ့ပါသေးတယ်။
ရော်နယ်ဒိုက “လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စင်္ကာပူနိုင်ငံကို သွားရောက်ရတာကို ပျော်ရွှင်မိပါတယ်။ ဒီလို အံ့သြ စရာကောင်းတဲ့ ကလေးတွေနဲ့အတူ အချိန်အနည်းငယ်ရှိခဲ့ပြီး ပီတာလင် ပညာသင်ဆုအတွက် ကြီးကျယ်တဲ့ အရာ တွေကို မြင်တွေ့ခဲ့ရတယ်။ နောက်လမှာ အားလုံးနဲ့ ပြန်တွေ့ရဖို့ စောင့်မျှော်နေပါတယ်”လို့ သူသွားရောက်ခဲ့တဲ့ ဓါတ်ပုံနဲ့အတူ အင်စတာဂရမ်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒို စင်္ကာပူကို ရောက်ခဲ့စဉ်
ဒီပညာသင်ဆုကို စင်္ကာပူအိုလံပစ် ဖောင်ဒေးရှင်းက ၂၀၁၀ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီး ပီတာလင်က အမေရိကန်ဒေါ်လာ ၇.၄၈ သန်း လှူဒါန်းခဲ့တာပါ။
ပီတာလင်ဟာ စပိန်လာလီဂါထိပ်သီး အသင်းတစ်သင်းဖြစ်တဲ့ ဗလင်စီယာအသင်းကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ရော်နယ်ဒိုနဲ့ သူငယ်ချင်းလည်း ဖြစ်ပါတယ်။ သူဟာ ရည်မှန်းချက်မြင့်မားတဲ့ လူငယ်အားကစားသမားတွေကို ငွေကြေး အကူအညီ ပေးတယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။
အသက် ၃၈ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းမှာ ကစားနေတာဖြစ်ပြီး ၁၆ ပွဲကစားထားတာမှာ ၁၂ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: CNA