CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၈

ဂျော်ဂျီယာအသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့ပြီးနောက် ဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ ဘီလျံနာ ဘစ်ဇီနာဆီကနေ ဆုကြေးပေါင် ၈.၄ သန်း ရရှိခဲ့ပါတယ်။

ယူရိုပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဂျော်ဂျီယာအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ပေါ်တူဂီ အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် အုပ်စုပွဲစဉ် ၃ ပွဲကစားအပြီးမှာ ရမှတ် ၄ မှတ်ရရှိကာ အကောင်းဆုံး အုပ်စုတတိယနဲ့ နောက်တစ်ဆင့် တက်နိုင်ခဲ့တာပါ။ 

အဲဒါကြောင့် ဂျော်ဂျီယာအသင်းရဲ့ အောင်မြင်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ ဘီလျံနာ ဘစ်ဇီနာက အသင်းကို ပေါင် ၈.၄ သန်းပေးမယ်လို့ ကတိပြုခဲ့တာ ဖြစ်ပါတယ်။

ဂျော်ဂျီယာအိပ်မက်နိုင်ငံရေးပါတီကို တည်ထောင်ခဲ့တဲ့ ဘစ်ဇီနာဟာ ၂၀၁၂ ကနေ ၂၀၁၃ ခုနှစ်အထိ ဂျော်ဂျီယာ နိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။ 

ပေါင် ၃.၈၇ ဘီလီယံ ကြွယ်ဝချမ်းသာတဲ့ ဘစ်ဇီနာပေးမယ့် ဆုကြေးငွေကို သူ့ရဲ့ပရဟိတဖောင်ဒေးရှင်းကနေ ရရှိမယ်လို့ သူ့ရဲ့ပါတီက ထုတ်ပြန်ထားပါတယ်။

ဘစ်ဇီနာကိုတွေ့ရစဉ်

ဒါအပြင် ဂျော်ဂျီယာအသင်းအနေနဲ့ စပိန်အသင်းကို ၁၆ သင်းအဆင့်မှာ အနိုင်ယူနိုင်ရင် ဘစ်ဇီနာဟာ နောက်ထပ် ပေါင် ၈.၄ သန်းပေးမယ်လို့ ပြောထားတာပါ။

ဘစ်ဇီနာဟာ ဂျော်ဂျီယာအသင်းရဲ့ သမိုင်းဝင် အိပ်မက်အောင်ပွဲအတွက် ဘောလုံးအသင်းက ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ ဂျော်ဂျီယာ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ 

ဂျော်ဂျီယာအသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အသင်းတွေထဲမှာ အဆင့်သတ်မှတ်ချက် အနိမ့်ဆုံးအသင်းဖြစ်ပြီး စပိန်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ နောက်ဆုံး ၇ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိခဲ့တာပါ။

စပိန်အသင်းဟာ ဒီပြိုင်ပွဲမှာ အုပ်စုတွင်း ၃ ပွဲစလုံး အနိုင်ရပြီး ပေးဂိုးမပေးရသေးတဲ့ တစ်သင်းတည်းသော အသင်းအဖြစ် ရှိနေပါတယ်။ 

စပိန်အသင်းဟာ လက်ရှိခြေစွမ်းတွေကြောင့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းတွေထဲက တစ်သင်းအဖြစ်ရှိနေတာ ဖြစ်ပါတယ်။

Source: Metro