CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၈

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်) တတိယအဆင့်အတွက် အုပ်စုမဲခွဲမှု ပြုလုပ်ခဲ့တာမှာ ထိပ်သီးအသင်းတွေ ဖြစ်တဲ့ ဂျပန်၊သြစတြေးလျနဲ့ ဆော်ဒီအသင်းတို့ တစ်အုပ်စုတည်း ကျရောက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒုတိယအဆင့် ခြေစစ်ပွဲမှာ ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ အသင်း ၁၈ သင်းကို ၆ သင်းတစ်အုပ်စုနဲ့ အုပ်စု ၃ စုခွဲပြီး ယှဉ်ပြိုင်ရမှာပါ။ 

အုပ်စုတွင်းထိပ်ဆုံး ၂ သင်းစီ စုစုပေါင်း ၆ သင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက်ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ် ပါတယ်။ ဒီနောက်မှာတော့ တတိယနဲ့ စတုတ္ထ ရရှိတဲ့အသင်း ၆ သင်းဟာ ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့ စတုတ္ထအဆင့်၊ ပဉ္စမအဆင့်တွေဆက်ပြီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အုပ်စုမဲခွဲမှုအရ အုပ်စု A မှာ အီရန်၊ ကာတာ၊ ဥဇဘတ်ကစ္စတန်၊ ယူအေအီး၊ ကာဂျစ္စတန်နဲ့ မြောက်ကိုရီးယားတို့ ကျရောက်နေတာပါ။ 

ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုများကိုတွေ့ရစဉ်

အုပ်စု B မှာတော့ တောင်ကိုရီးယား၊ အီရတ်၊ ဂျော်ဒန်၊ အိုမန်၊ ပါလက်စတိုင်း၊ ကူဝိတ်တို့ ကျရောက်နေပြီး အုပ်စု C မှာ ဂျပန်၊ သြစတြေးလျ၊ ဆော်ဒီ၊ ဘာရိန်း၊ တရုတ်နဲ့ အင်ဒိုနီးရှားတို့ ကျရောက်နေတာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားအသင်းဟာ တတိယအဆင့် ခြေစစ်ပွဲကို တက်နိုင်ခဲ့တဲ့ တစ်သင်းတည်းသော အရှေ့တောင်အာရှ အသင်းလည်း ဖြစ်တာပါ။

ဂျပန်အသင်းနည်းပြ မိုရီယာဆုက အလွန်ခက်ခဲတဲ့ အုပ်စုလို့ မဲခွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံချိန် ပြောခဲ့ပါတယ်။

မိုရီယာဆုက “နောက်ဆုံးကစားခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲအဆင့်တွေမှာ ကျနော်တို့ ခက်ခက်ခဲခဲ လုပ်ခဲ့ရပါတယ်။ ဒီတစ်ကြိမ်မှာ ကျနော်တို့ ပိုပြီးတော့ လုပ်ဆောင်ရမှာပါ။ ဒါပေမယ့် ကျနော်တို့ဟာ ဒီပွဲအတွက် အဆင်သင့်ဖြစ်ပြီး ရဲရင့်စွာသွားမှာပါ။ ပရိသတ်တွေလည်း ကျနော်တို့နဲ့အတူ တိုက်ပွဲဝင်ဖို့တောင်းဆိုပါတယ်”လို့ ပြောခဲ့တာပါ။

တတိယအဆင့် ခြေစစ်ပွဲတွေကို စက်တင်ဘာလကနေ ၂၀၂၅ ခုနှစ်၊ ဇွန်လအထိ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

Source: CNA