CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၃

သြစတြေးလျဘောလုံးအဖွဲ့ချုပ်ဟာ နည်းပြရာထူးကနေ နုတ်ထွက်သွားခဲ့တဲ့ နည်းပြဟောင်း အာနိုးလ်ရဲ့နေရာမှာ ပဲလေ့စ်အသင်း နောက်ခံလူဟောင်း တိုနီပိုပိုဗစ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ 

သြစတြေးလျအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်) တတိယအဆင့် ပွဲစဉ်တွေမှာ ဘာရိန်းအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပြီး အင်ဒိုနီးရှားအသင်းနဲ့ ဂိုးမရှိသရေကျကာ ရလဒ်တွေ ဆိုးရွားနေခဲ့တာပါ။ 

အဲဒါကြောင့် သြစတြေးလျအသင်းကို ၆ နှစ်ကြာ ကိုင်တွယ်ခဲ့တဲ့ အာနိုးလ်ဟာ ပြီးခဲ့တဲ့အပတ်က နည်းပြရာထူး ကနေ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

သြစတြေးလျဘောလုံးအဖွဲ့ချုပ်ဟာ သူ့ရဲ့နေရာမှာ နိုင်ငံအသင်းအတွက် ၅၈ ပွဲ ပါဝင်ကစားခဲ့တဲ့ တိုနီပိုပိုဗစ်ကို နည်းပြသစ်အဖြစ် ၂ နှစ် စာချုပ်ချုပ်ဆိုကာ ခန့်အပ်ခဲ့တာပါ။ 

တိုနီပိုပိုဗစ်က “ဒါက တာဝန်ယူမှု ကြီးကြီးမားမားနဲ့ ထမ်းဆောင်ရမယ့် အခန်းကဏ္ဍဖြစ်ပြီး အခွင့်အရေးရခဲ့တဲ့ အတွက်လည်း အလွန်ကျေးဇူးတင်ပါတယ်။ နိုင်ငံအသင်းကို နည်းပြအဖြစ် တာဝန်ယူရမှာက ကျနော်နဲ့ ကျနော့် မိသားစုအတွက် အလွန်ဂုဏ်ယူစရာကောင်းတဲ့ အခိုက်အတန့်ပါ။ နိုင်ငံအသင်းကို လမ်းညွှန်ပြသနိုင်ဖို့က အခွင့်ထူး ဖြစ်တာကြောင့် ကျနော် အကောင်းဆုံး စွမ်းဆောင်ပေးသွားမှာပါ”လို့ ပြောခဲ့ပါတယ်။ 

 တိုနီပိုပိုဗစ်ကိုတွေ့ရစဉ်

တိုနီပိုပိုဗစ်ဟာ ပရီးမီးယားလိဂ်ကလပ် ပဲလေ့စ်အသင်းမှာ ၅ ရာသီကြာ ကစားခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ ထွက်ခွာခဲ့တာ ပါ။ 

တိုနီပိုပိုဗစ်ဟာ ပဲလေ့စ်အသင်းမှာ လက်ထောက်နည်းပြ အဖြစ်လည်း ဆောင်ရွက်ခဲ့ပြီး နည်းပြချုပ် အနေနဲ့တော့ သြစတြေးလျ၊ တူရကီနဲ့ ဂရိကလပ်အသင်းတွေကို ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။

တိုနီပိုပိုဗစ်ဟာ သြစတြေးလျကလပ် မယ်လ်ဘုန်းဗစ်ထရီအသင်းကို နောက်ဆုံးကိုင်တွယ်ခဲ့ပြီး မနှစ်က ရာသီအကုန်မှာ ထွက်ခွာခဲ့တာပါ။ 

သြစတြေးလျအသင်းဟာ အောက်တိုဘာလထဲမှာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်) တတိယအဆင့် ပွဲစဉ် တွေအဖြစ် တရုတ်၊ ဂျပန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး တိုနီပိုပိုဗစ်ဟာ ဒီပွဲတွေကို သူ့ရဲ့ သြစတြေးလျအသင်း နည်းပြဘဝ ပထမဆုံးပွဲစဉ်တွေအဖြစ် တာဝန်ယူကိုင်တွယ်ရမှာ ဖြစ်ပါတယ်။

Source: BBC