CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၃

ဘာစီလိုနာအသင်းဂိုးသမား တာစတီဂျန်ဟာ ဗီလာရီးရယ်လ်အသင်းကို အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဒူးဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းပြင်ကို သယ်ထုတ်ခဲ့ရပြီး လပေါင်းများစွာကြာ အနားယူရဖွယ်ရှိတယ်လို့ ESPN က ဖော်ပြထားပါတယ်။ 

ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က တာစတီဂျန်ရဲ့ ဒဏ်ရာဟာ ပြင်းထန်တယ်လို့ အတည်ပြုခဲ့ပြီး RAC1 က ဂျာမနီဂိုးသမားဟာ ၈ လလောက်အထိအနားယူရနိုင်တယ်လို့ ပြောခဲ့တာကြောင့် ကစားသမားဟာ ရာသီ အကုန်အထိ အနားယူသွားရနိုင်တာပါ။ အသက် ၃၂ နှစ်အရွယ်ရှိ တာစတီဂျန်ဟာ ဘာစီလိုနာအသင်းက ဗီလာ ရီးရယ်လ်အသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်ရဲ့ ပထမပိုင်းပြီးခါနီးမှာ ဒဏ်ရာကြောင့် ဆက်ကစားနိုင်တော့ ခြင်းမရှိတဲ့အတွက် လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။ 

ဟန်ဆီဖလစ်က “ဒဏ်ရာက ကျနော်တို့ကို ဝမ်းနည်းစေခဲ့ပါတယ်။ ကျနော်တို့ဟာ နိုင်ပွဲကြောင့် အလွန်ပျော်ရွှင် ခဲ့ပေမယ့် တာစတီဂျန်ရဲ့ဒဏ်ရာက ကြီးကြီးမားမားဖြစ်မယ်လို့ ထင်တဲ့အတွက် အဆုံးမှာ ဝမ်းနည်းခဲ့ရပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ အချက်အလက်တွေကို စောင့်ဆိုင်းရမှာပါ”လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။ 

ဘာစီလိုနာအသင်းဟာ အာရူဟို၊ခရစ်တန်ဆန်၊ဘာနယ်လ်၊ဒီဂျောင်၊ဂါဗီ၊လိုပက်ဇ်နဲ့ အော်လ်မိုတို့ကို ဒဏ်ရာတွေ ကြောင့် အနားပေးထားရပြီး အခု တာစတီဂျန်ကိုပါ ဒီစာရင်းထဲထည့်သွင်းရတော့မှာ ဖြစ်ပါတယ်။ 

ဘာစီလိုနာ အသင်းဟာ အဓိက ကစားသမားတွေရဲ့ဒဏ်ရာကြောင့် လူငယ်ကစားသမားတွေကို ဗီလာရီးရယ်လ် အသင်းနဲ့ပွဲမှာ အသုံးပြုခဲ့ရပေမယ့် ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့တာပါ။ 

ဘာစီလိုနာအသင်းဟာ ဒီရာသီ လာလီဂါပွဲစဉ် ၆ ပွဲကစားအပြီး မှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ အဆင့် ၂ နေရာက ရီးရယ်လ်အသင်းကို ၄ မှတ်အသာရကာ အမှတ်ပေးဇယားကို ဦးဆောင် ထားပါတယ်။ 

ဘာစီလိုနာအသင်းဟာ ကြားရက်ထဲမှာ စပိန်လာလီဂါပွဲစဉ်အဖြစ် ဂီတာဖေးအသင်းနဲ့ အိမ်ကွင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source:ESPN