CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၃၁

ဘာစီလိုနာ အသင်းက ရီးရယ်လ်အသင်းကို အနိုင်ရခဲ့တဲ့ အမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ စံချိန်တင် ပရိသတ်ဦးရေ ၉၁၅၅၃ ယောက် တက်ရောက် ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ အမျိုးသမီး ဘောလုံးပြိုင်ပွဲသမိုင်းမှာ ကြည့်ရှုတဲ့ ပရိသတ်အရေအတွက် စံချိန်တင်ခဲ့တာလည်း ဖြစ်ပါတယ်။ နူးကမ့်ပ် ကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ဘာစီလိုနာအသင်းက ရီးရယ်လ်အသင်းကို ၅ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

ပထမအကျော့ အဖြစ် ကစားခဲ့တုန်းက ဘာစီလိုနာ အသင်းကပဲ ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၈ ဂိုး- ၃ ဂိုးနဲ့ ဘာစီလိုနာ အသင်း အကြိုဗိုလ်လုပွဲ တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အရင်က အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ စံချိန်တင်ပရိသတ် တက်ရောက်ကြည့်ရှုခဲ့တဲ့ ပွဲကတော့ အမေရိကန်နဲ့ တရုတ်တို့ ကစားခဲ့တဲ့ ၁၉၉၉ ကမ္ဘာ့ဖလားပြိုင်ပွဲပါ။ ဒီပွဲမှာ ပရိသတ်ဦးရေ ၉၀၁၈၅ ယောက် ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။

၁၉၇၁ က ဒိန်းမတ်နဲ့ မက္ကဆီကိုတို့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ပရိသတ် အရေအတွက် ၁၁၀,၀၀၀ ခန့် တက် ရောက် ကြည့်ရှုခဲ့တယ်လို့ ခန့်မှန်းရတာပါ။ ဒါပေမယ့် ဒီပွဲကို တရားဝင် အသိအမှတ် မပြုခဲ့တာကြောင့် ပရိသတ် အများဆုံး ကြည့်ရှုတဲ့ ပွဲမဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

ပရိသတ်ပြည့်လျှံတဲ့ ဘာစီလိုနာနဲ့ရီးရယ်လ်ပွဲ (Barca Blaugranes)

ဘာစီလိုနာ အသင်းက ရီးရယ်လ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲကို ကလပ်အသင်းရဲ့ ဂန္တဝင် ကစားသမားတွေဖြစ်တဲ့ ပူယိုးလ်နဲ့ နည်းပြ ဇာဗီတို့ တက်ရောက် ကြည့်ရှုခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

ဘာစီလိုနာ အသင်းခေါင်းဆောင် ပူတယ်လက်စ်က“အိမ်မက်တစ်ခု တကယ်ဖြစ်လာခဲ့ပါပြီ။ အလုပ်တွေ ပိုလုပ်ပြီး ပိုမို ကောင်း မွန်လာကာ အနိုင်ရတဲ့ ပွဲတွေနဲ့ပဲ ဒါတွေကို ဖြေဆိုနိုင်တာပါ။

ဒါမှလည်း သူတို့ကို ကြီးမားတဲ့ မြင်ကွင်းတွေ ပေးနိုင်မှာပါ။ အောင်ပွဲခံ နေချိန်အတွင်းမှာ သူတို့နဲ့အသင်းရဲ့ကြားမှာ ကြီးမားတဲ့ ဆက်နွယ်မှုတွေ ရှိနေပါတယ်။ တူရင်ကို သွားချင်တယ်ဆို ပြီး သူတို့သီကြွေးနေတာကို ကြားရတာလည်း အလွန်ကောင်းတယ်”လို့ ပြောခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ ဘာစီလိုနာ အသင်းဟာ အကြိုဗိုလ်လုပွဲမှာတော့ အာဆင်နယ်နဲ့ ဝုလ်ဖ်ဘတ်တို့ ပွဲစဉ်က အနိုင်ရတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ အာဆင်နယ်နဲ့ ဝုလ်ဖ်ဘတ်အသင်း ပထမအကျော့ အဖြစ်ကစားခဲ့တုန်းက ၁ ဂိုး စီ သရေကျခဲ့တာ ဖြစ်ပါတယ်။

Source: The Sun/ Daily Mail