CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၃၁

အီဂျစ်လက်ရွေးစင်ကစားသမား ဆာလတ် ဟာ ဆီနီဂေါ အသင်းကို အရေးနိမ့်ပြီး (၂၀၂၂) ကမ္ဘာ့ဖလားဝင်ခွင့် ဆုံးရှုံးခဲ့ပြီးနောက် လက်ရွေးစင်ကစားသမားဘဝကနေ အနားယူဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောလိုက်ပါတယ်။

ဆာလတ် ဟာ နှစ်ကျော့ပေါင်းရလဒ် (၁)ဂိုးစီ သရေကျခဲ့တဲ့ ဆီနီဂေါ အသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပင်နယ်တီ အဆုံးအဖြတ်မှာ ပင်နယ်တီလွဲချော်ခဲ့တာဖြစ်ပါတယ်။ အီဂျစ် အသင်းဟာ ဆီနီဂေါ အသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်မြင်တော့တာပါ။ အသက်(၂၉)နှစ်အရွယ်ရှိ ဆာလတ် ကတော့ လက်ရွေးစင်အသင်းတာဝန်ကို ပြန်လည်ထမ်းဆောင်ဖို့ သံသယရှိနေတာဖြစ်ပါတယ်။

အဝတ်လဲခန်းထဲမှာ လက်ရွေးစင် အသင်းဖော်တွေကို ပွင့်ပွင့်လင်းလင်း ပြောနေတဲ့ ဆာလတ်ရဲ့ ဗီဒီယိုဖိုင် ထွက်ပေါ်လာခဲ့တာပါ။ ဆာလတ် က “ဒုတိယပွဲမစတင်ခင်ကတည်းက သူတို့နဲ့ တွဲဖက်ကစားရတာ ဂုဏ်ယူ တယ်ဆိုပြီး ကစားသမားတွေကို ပြောခဲ့ပါတယ်။ သူတို့ဟာ ကျနော်နဲ့ကစားခဲ့ဖူးတဲ့ အကောင်းဆုံး တွေထဲက သူတွေပါ။ ကျနော်ဟာ အရင်မျိုးဆက်တွေနဲ့လည်း အချိန်အတော်ကြာအောင် ကစားခဲ့ပါတယ်။ လက်ရှိမျိုးဆက် တွေကိုလည်း ကျနော်ကျေနပ်ပါတယ်။ ခင်ဗျားတို့နဲ့ ကစားရတာ ကျနော့်အတွက်တော့ ဂုဏ်ယူစရာပါပဲ။ ပြောစရာအများကြီးမရှိပါဘူး။ အဲဒါပြီးရင် နိုင်ငံအသင်းမှာ ကျနော်ပါဝင်မလား၊ မပါဝင်ဘူးလား ဆိုတာပေါ့”လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

အီဂျစ်အားကစားဝန်ကြီး ဆော့ဘ်ဟီ ကတော့ ဆာလတ်ဟာ လက်ရွေးစင်အသင်းမှာ ဆက်ရှိနေမှာဆိုပြီး ပြောခဲ့တာပါ။ ဆာလတ် ဟာ အီဂျစ်လက်ရွေးစင်အတွက် (၂၀၁၁)ကတည်းက စတင်ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပြီး (၈၄)ပွဲ ပါဝင်ကစားကာ (၄၇)ဂိုး သွင်းယူထားတာဖြစ်ပါတယ်။

အီဂျစ် အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲက အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး ဆီနီဂေါ အသင်းကို လူမျိုးရေး ခွဲခြားမှု၊အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ တရားဝင်တိုင်ကြားထားတယ်လို့လည်း သိရပါတယ်။ ဒီပွဲမှာ ဆီနီဂေါ ပရိသတ်တွေဟာ ဆာလတ် အပါအဝင် အီဂျစ် ကစားသမားတွေကို အစိမ်းရောင်လေဆာတွေနဲ့ ထိုးခဲ့တာပါ။ ဒါ့အပြင်အသင်းရဲ့ ဘတ်စ်ကားကိုလည်း တိုက်ခိုက်ခဲ့ပြီး ဒဏ်ရာရရှိခဲ့တယ်လို့ အီဂျစ်ဘောလုံးအဖွဲ့ချုပ် က ထုတ်ပြန်ထားပါတယ်။

Source:Goal