CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇

ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဒီဘရိုင်းက ယူကရိန်းအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စု နောက်ဆုံးပွဲစဉ်အပြီးမှာ ဒေါသထွက်နေတဲ့ ဘယ်လ်ဂျီယံ ပရိသတ်တွေအနေနဲ့ သူတို့ကို အားပေးဖို့ တိုက်တွန်း သွားခဲ့ပါတယ်။

ဒီဘရိုင်းက “ကျနော်တို့ဒီပွဲကို အနိုင်ရရှိဖို့ ကြိုးစားခဲ့ပါတယ်။ ကျနော်တို့ဟာ ဂိုးရနိုင်မယ့် အခွင့်အရေးတွေ ရခဲ့ သလို ဂိုးပြန်ပေးရနိုင်တယ်ဆိုတာလည်း သိတဲ့အတွက် စွန့်စားမှုတွေကို မလုပ်ခဲ့ပါဘူး။ ဂိုးသာပေးရရင် ယူရိုပြိုင်ပွဲ က ကျနော်တို့ ထွက်ခွာရမှာပါ။ ပရိသတ်တွေ ကျနော်တို့နဲ့အတူ ရှိနေဖို့လိုအပ်ပါတယ်။ ဒီပရိသတ်တွေကို ကျနော် တို့ လိုအပ်ပါတယ်။ ကျနော် ဒါပဲပြောစရာရှိပါတယ်”လို့ ပြောခဲ့တာပါ။

ဘယ်လ်ဂျီယံအသင်းဟာ ဒီပွဲရလဒ်ကြောင့် အုပ်စုတွင်း ဒုတိယနေရာ ရပ်တည်ကာ ၁၆ သင်းအဆင့်ကို တက်နိုင် ခဲ့ပြီး ယူကရိန်းအသင်းကတော့ ရမှတ် ၄ မှတ်ရယူပြီး ယူရိုပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ ပထမဆုံးအသင်း ဖြစ်ခဲ့ပါတယ်။ 

ဘယ်လ်ဂျီယံအသင်း ခေါင်းဆောင် ဒီဘရိုင်းကိုတွေ့ရစဉ်

ဘယ်လ်ဂျီယံအသင်းဟာ ဒီပွဲစဉ်ရဲ့ ပွဲပြီးခါနီးမှာ အနိုင်ရယူဖို့ထက် သရေကျဖို့ကိုသာ ရွေးချယ်ခဲ့တာကြောင့် ပရိသတ်တွေဟာ ဒေါသထွက်ပြီး ကစားသမားတွေကို အော်ဟစ်မှုတွေ ပြုလုပ်ခဲ့တာပါ။

ဒီဘရိုင်းဟာ ပွဲအပြီးမှာ ပရိသတ်တွေထံ ချဉ်းကပ်ခဲ့ပေမယ့် အော်ဟစ်သံတွေ ပိုပြီးကျယ်လောင်လာတဲ့အတွက် အသင်းဖော်တွေကို ကွင်းထဲက ထွက်ခွာဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တဲ့ ဒီဘရိုင်းက ပရိသတ်တွေ သူတို့ကို ဒေါသထွက်နေပေမယ့် လာမယ့်ပွဲတွေမှာ အားပေးမှုတွေ ပြုလုပ်ဖို့ ပြောခဲ့တာပါ။ 

ဘယ်လ်ဂျီယံအသင်းနည်းပြ တီဒက်စ်ကိုက ပရိသတ်တွေရဲ့ လှောင်ပြောင်အော်ဟစ်မှုတွေကြောင့် အံ့အားသင့် ခဲ့ရပေမယ့် သူတို့ဟာ အနိုင်ရဖို့ ကြိုးစားခဲ့တယ်လို့ ပွဲအပြီးအင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ အုပ်စုတွင်း ဒုတိယသာရရှိခဲ့တာကြောင့် ယူရို ၂၀၂၄ ပြိုင်ပွဲ ၁၆ သင်းအဆင့်မှာ ပြင်သစ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: ESPN