CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၅

ဝါရင့်ကွင်းလယ်လူ မိုဒရစ်က သူ့ရဲ့ ရီးရယ်လ်အသင်း အနာဂတ်ကို မကြာခင်မှာ ထုတ်ဖော်မှာဖြစ်ပေမယ့် လက်ရှိ အချိန်မှာတော့ ခရိုအေးရှားအသင်းနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲကို အာရုံစိုက်နေတယ်လို့ ပြောခဲ့ပါတယ်။

မိုဒရစ်က “ရီးရယ်လ်နဲ့စာချုပ်သစ်ကို မကြာခင် ခင်ဗျားတို့သိရမှာပါ။ အခုအချိန်မှာ ကျနော်ဟာ ခရိုအေးရှား အတွက်ကို အပြည့်အဝ အာရုံစိုက်နေပါတယ်။ အချိန်တန်ရင် ဒါကို လူတိုင်းသိမှာပါ။ ကျနော်အများကြီး မပြော တော့ပါဘူး”လို့ ပြောခဲ့တာပါ။

အသက် ၃၈ နှစ်အရွယ်ရှိ မိုဒရစ်နဲ့ ရီးရယ်လ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီလအကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပေမယ့် သူဟာ စပိန်ကလပ်နဲ့ ၁ နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိထားတာ ဖြစ်ပါတယ်။ 

၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းအတွက် စတင်ပါဝင်ခဲ့တဲ့ မိုဒရစ်ဟာ နိုင်ငံအသင်းနဲ့အတူ သူ့ရဲ့ ၉ ကြိမ်မြောက် အဓိကပြိုင်ပွဲအဖြစ် ယူရို ၂၀၂၄ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ 

မိုဒရစ်ကို တွေ့ရစဉ်

ဒီပြိုင်ပွဲဟာ မိုဒရစ်အတွက် ခရိုအေးရှားကစားသမားဘဝ နောက်ဆုံး နိုင်ငံတကာပြိုင်ပွဲ ဖြစ်လာနိုင်ပါတယ်။

မိုဒရစ်က “ကျနော်ဟာ အရှေ့ကို အများကြီး မတွေးနိုင်တော့တဲ့ အရွယ်ကို ရောက်နေပါပြီ။ ကျနော်ဟာ ဘောလုံး အတွက် အချိန်တွေ အများကြီး မကျန်တော့ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် ဘယ်လောက်အကြာထိ ဆက်ရှိ မလဲဆိုတာ ကျနော်မသိပါဘူး။ အသက်အရွယ်အထက် အရေးကြီးဆုံးက ကွင်းထဲမှာ ခင်ဗျားပြသနိုင်တဲ့ အရာပါ” လို့ ပြောခဲ့တာပါ။

မိုဒရစ် ဦးဆောင်တဲ့ ခရိုအေးရှားအသင်းဟာ ဒီနေ့မှာ ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စု အဖွင့်ပွဲစဉ်အဖြစ် စပိန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: ESPN