
- By CNI
- Category: အားကစား
- Hits: 890
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၃၀
အခုနှစ်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို လက်လွှတ်ခဲ့ရပြီးနောက် အာဆင်နယ်အသင်းဟာ လာမယ့် နှစ်ရာသီမှာ ပိုကောင်းလာမယ်လို့ နည်းပြ အာတီတာက ပြောခဲ့ပါတယ်။
အာတီတာက “ကျနော်တို့ကအသင်းကို ချန်ပီယံလိဂ်ဆီ ပြန်ခေါ်သွားချင်ခဲ့တာပါ။ ဒါက အဓိကပစ်မှတ်ပါ။ ကျနော် တို့ဟာ အခုရောက်ရှိခဲ့တဲ့နေရာမှာ ပြီးဆုံးနိုင်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ ဒါက နိုင်ပွဲအများဆုံးနဲ့ ကလပ်အသင်း သမိုင်းရဲ့ တတိယမြောက် အကောင်းဆုံးစံချိန်ပါ။ နိုင်ပွဲအများကြီးရခဲ့ပေမယ့် ဆုဖလားရဖို့အတွက် မလုံလောက်ခဲ့ ပါဘူး။ ကျနော်တို့ အခုရှိခဲ့တဲ့နေရာကို မပျော်ရွှင်နိုင်တာကြောင့် လာမယ့်နှစ်ရာသီမှာ ပိုကောင်းအောင် လုပ်ရပါ မယ်” လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယားကို ရက်သတ္တပတ်ပေါင်းများစွာ ဦးဆောင်ထားနိုင်ခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ နိုင်ပွဲပျောက်ဆုံးခဲ့ပြီး ရလဒ်တွေ ဆိုးခဲ့တဲ့အတွက် မန်စီးတီး အသင်းကို ၃ နှစ်ဆက်ချန်ပီယံအဖြစ် ခွင့်ပြုပေးခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံမဖြစ်ခဲ့ပေမယ့် ဒုတိယနေရာမှာ ရပ်တည်ခဲ့ပြီး ကာလကြာရှည်ဝေးကွာခဲ့တဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ၂၀၁၆-၁၇ နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ရယူနိုင်ခဲ့တာပါ။
ဒါပေမယ့် နည်းပြ အာတီတာကတော့ ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ဖို့ ပစ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ စပိန် လူမျိုးနည်းပြဟာ အာဆင်နယ်အသင်းကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက စတင်တာဝန်ယူခဲ့တာဖြစ်ပြီး သူ့ရဲ့ လက်ထက်မှာ အသင်းဟာ တိုးတက်မှုတွေ အများကြီးရှိခဲ့ပြီး FA ဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို ရယူနိုင်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်ကိုလည်း ပြန်လည်ရယူနိုင်ခဲ့တာပါ။ ဒါ့အပြင် အာဆင်နယ်အသင်းဟာ ၂၀၀၄ နောက်ပိုင်း ပရီးမီးယားလိဂ်ဖလားကို ပထမဆုံးအကြိမ် ရယူနိုင်ဖို့လည်း နီးစပ်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ အဓိကကွင်းလယ်လူ ရှာကာအပါအဝင် ကစားသမားအချို့လည်း အသင်းကနေ ထွက်ခွာ သွားဖွယ်ရှိနေတာကြောင့် လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ အသင်းရဲ့လူစာရင်းကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။
Source:Goal

- By CNI
- Category: အားကစား
- Hits: 725
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၂၉
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က FA ဖလားကို အိုးထရက်ဖို့ဒ်ကွင်းဆီ ယူဆောင်လာမှာဖြစ်ပြီး ဒီလို လုပ်ဆောင်နိုင်ဖို့အတွက် အလွန်ကောင်းမွန်တဲ့ အခွင့်အရေး ရှိတယ်လို့ ပြောခဲ့ပါတယ်။
အဲရစ်တန်ဟတ်က “ပထမဆုံးအနေနဲ့ ကျနော့်ရဲ့ ကစားသမားတွေကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ သူတို့ဟာ အလွန်ကောင်းမွန်တဲ့ ရာသီဖြစ်အောင် ကစားနိုင်ခဲ့ပါတယ်။ သူတို့ကို ပံ့ပိုးပေးခဲ့ကြတဲ့ အဖွဲ့ဝင်တွေ၊ ဝန်ထမ်းတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ဒုတိယအနေနဲ့တော့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ သူတို့တွေဟာ တစ်ရာသီလုံး ကျနော်တို့ရဲ့ အနောက်ကနေ အားပေးမှုတွေ ပြုလုပ်ခဲ့ကြတာပါ။ ကျနော်တို့ ကစားဖို့ ပွဲတစ်ပွဲ ကျန်ရှိနေသေးပြီး မန်စီးတီးကို အနိုင်ရဖို့အတွက် ကျနော်တို့ ကစားသမားတွေက အရာအားလုံး ပေးမယ်ဆိုတာ သေချာပါတယ်။ ဒီဆုဖလားကို အိုးထရက်ဖို့ဒ်ဆီ ယူဆောင် လာဖို့ ကျနော်တို့မှာ အလွန်ကောင်းမွန်တဲ့ အခွင့်အရေးရှိပါတယ်”လို့ ဖူလ်ဟမ်နဲ့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ အခုနှစ်ရာသီ ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ဖူလ်ဟမ်အသင်းနဲ့ ကစားခဲ့တာမှာ ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်ကာ ရာသီ အဆုံးသတ် နိုင်ခဲ့ပါတယ်။
ရွှေလက်အိတ်ဆုရတဲ့ ဂိုးသမား ဒီဂီယာကို တွေ့ရစဉ်
ပွဲအပြီးမှာ နည်းပြ အဲရစ်တန်ဟတ်က အခုနှစ်ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပေးဂိုးမပေးရအောင် ပွဲအများဆုံး လက်စွမ်းပြနိုင်ခဲ့တဲ့ ဂိုးသမား ဒီဂီယာကို ရွှေလက်အိပ်ဆု ပေးခဲ့ပြီးနောက် ပရိသတ်တွေကို အခုရာသီနဲ့ ပတ်သက်ပြီး ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ အခုနှစ်ရာသီ နောက်ဆုံးပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ FA ဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အနိုင်ရယူနိုင်ခဲ့ရင် ဒီရာသီ ပြည်တွင်းဖလား၂ လုံး ရယူနိုင်မှာ ဖြစ်ပါတယ်။ မန်ချက်စတာကလပ်ဟာ ဖေဖော်ဝါရီလက ပြည်တွင်းဖလား ၁ ခုဖြစ်တဲ့ ကာရာဘောင်းဖလားကို ရယူထားပြီး ၆ နှစ်ကြာ ဆုဖလား လက်မဲ့ ဖြစ်တာကို အဆုံးသတ်နိုင်ခဲ့တာပါ။
အဲရစ်တန်ဟတ်က “ဘောလုံးမှာ အမြဲတမ်း အခွင့်အရေးရှိပါတယ်။ ဇန်နဝါရီလက မန်စီးတီးကို အနိုင်ယူနိုင်ခဲ့ တယ်ဆိုတာကို သမိုင်းကြောင်းက ပြသနေပေမယ့် ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ယူနိုက်တက်က မန်စီးတီးကို အကြိမ်ပေါင်းများစွာ အနိုင်ယူနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ အကောင်းဆုံးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ ကျနော်တို့ အရာအားလုံးကို ပေးရမှာပါ။ သေချာတာကတော့ စနေနေ့မှာ ကျနော်တို့ ပွဲကောင်းတစ်ပွဲ ကစားရမယ် ဆိုတာ ပါပဲ”လို့ ပြောခဲ့ပါတယ်။
Source: Independent
- By CNI
- Category: အားကစား
- Hits: 748
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၂၉
ဘတ်ပီဟာ အခုနှစ်ရာသီ လီဂူးဝမ်း အကောင်းဆုံး ကစားသမားဆုကို ရရှိပြီးနောက် လာမယ့်ရာသီ ပီအက်စ်ဂျီ အသင်းမှာ ဆက်ရှိမယ်လို့ ကတိပြုလိုက်ပါတယ်။
ဘတ်ပီက “လာမယ့်နှစ် ကျနော် ပီအက်စ်ဂျီအသင်းမှာ ကစားမှာပါ။ စာချုပ်ကျန်ရှိနေသေးတဲ့အတွက် ကျနော့်ရဲ့ စာချုပ်ကို လေးစားမှာပါ။ ကျနော် ဒီမှာပျော်ရွှင်ပါတယ်”လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။
ဘတ်ပီဟာ ပီအက်စ်ဂျီရဲ့ စာချုပ်သစ်ကို ငြင်းဆန်ခဲ့တာနဲ့အတူ ရီးရယ်လ်အသင်းကလည်း သူ့ကိုခေါ်ယူဖို့ စိတ်ဝင် စားနေတာကြောင့် ကစားသမားဟာ ပြင်သစ်ကလပ်ကနေ ထွက်ခွာသွားနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
ဘတ်ပီနဲ့ ပီအက်စ်ဂျီအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၄ အထိ သက်တမ်းရှိနေပြီး နောက်ထပ် တစ်နှစ် ထပ်မံ သက်တမ်းတိုးခွင့် ရှိနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် ပြင်သစ်တိုက်စစ်မှူးဟာ စာချုပ်ကုန်ဆုံးမယ့် ၂၀၂၃-၂၄ ရာသီ အကုန်မှာတော့ ပီအက်စ်ဂျီကနေ အလွတ်နဲ့ ထွက်ခွာဖွယ် ရှိနေပါတယ်။
ဘတ်ပီကို တွေ့ရစဉ်
အသက် ၂၄ နှစ်အရွယ်ရှိ ဘတ်ပီဟာ ဒီရာသီ ပီအက်စ်ဂျီအသင်း လီဂူးဝမ်းချန်ပီယံဆုကို ၁၁ ကြိမ်မြောက် ရယူနိုင် အောင် သွင်းဂိုး ၂၈ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့်လည်း ဘတ်ပီဟာ အခုနှစ်ရာသီ ပြင်သစ်လီဂူးဝမ်း ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပြီး ဒီဆုကို ၄ ကြိမ်ဆက်တိုက် ရယူနိုင်ခဲ့တာပါ။ ဘတ်ပီဟာ လီဂူးဝမ်းပြိုင်ပွဲမှာ အကောင်းဆုံး ကစားသမားဆုကို ၄ ကြိမ် ရယူနိုင်တဲ့ တစ်ဦးတည်းသော ကစားသမားအဖြစ် ရှိခဲ့တာ ဖြစ်ပါတယ်။
ဘတ်ပီက “ကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ အနောက်ကွယ်ကနေ အလုပ်လုပ်တဲ့ သူတွေအားလုံးကို ကျနော် ကျေးဇူးတင်ပါတယ်။ ကျနော်ဟာ ဒီလို အမှတ်အသားမျိုးကို အမြဲတမ်း ချန်ထားချင်တာပါ။ ဒီလိုမျိုးအရာကို စောစီးစွာ ရယူနိုင်ဖို့ မမျှော်လင့်ထားပေမယ့် ကျနော့်ရဲ့ နိုင်ငံမှာ သမိုင်းဝင်နိုင်ခဲ့လို့ ပျော်ရွှင်ရပါတယ်”လို့ ပြောခဲ့ ပါတယ်။
ဘတ်ပီဟာ အခုနှစ်ရာသီ လီဂူးဝမ်းပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုအပြင် အကောင်းဆုံး အသင်းမှာလည်း ပီအက်စ်ဂျီ အသင်းဖော်တွေဖြစ်တဲ့ မက်ဆီ၊ နူနိုမန်ဒက်စ်၊ ဟာကီမီတို့နဲ့အတူ ပါဝင်ခဲ့တာပါ။
လီဂူးဝမ်းပြိုင်ပွဲရဲ့ အကောင်းဆုံး နည်းပြဆုကိုတော့ လန်းစ်အသင်းကို အဆင့် ၂ နေရာ ရပ်တည်ကာ လာမယ့် နှစ်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် ကိုင်တွယ်နိုင်ခဲ့တဲ့ ဖရန့်ခ်ဟေးစ်က ရရှိခဲ့တာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 822
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၂၈
အာဆင်နယ်အသင်းဟာ ဆာကာနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်သစ်မှာ စာချုပ်ဖျက်သိမ်းကြေးထည့်သွင်းဖို့ ငြင်းဆန်ခဲ့တာကြောင့် အင်္ဂလန်ကစားသမားရဲ့ စာချုပ်ဟာ ကာလတိုသွားခဲ့တာဖြစ်ပါတယ်။
ဆာကာနဲ့ အာဆင်နယ်အသင်းတို့ဟာ အခုရက်သတ္တပတ်အစောပိုင်းက ၄ နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့တာပါ။ စာချုပ်သစ်အရ ဆာကာဟာ လန်ဒန်ကလပ်မှာ အခြေခံလုပ်ခလစာအဖြစ် တစ်ပတ်ကို ပေါင် ၂၁၀,၀၀၀ ရမှာဖြစ်သလို စွမ်းဆောင်ရည်နဲ့ အောင်မြင်မှုတွေအပေါ်မူတည်ပြီး တစ်ပတ်ကို ပေါင် ၃၀၀,၀၀၀ အထိ ရရှိနိုင်တာပါ။ ဒါပေမယ့် စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေဟာ မရိုးရှင်းခဲ့ဘူးလို့ သိရပါတယ်။
အကြောင်းရင်းကတော့ ဆာကာရဲ့ ကိုယ်စားလှယ်တွေဟာ စာချုပ်သစ်မှာ စာချုပ်ဖျက်သိမ်းကြေး ထည့်သွင်းဖို့ တွန်းအားပေးတာကြောင့်လို့ သတင်းမှာ ဖော်ပြထားတာပါ။ ဒီလိုစာချုပ်ဖျက်သိမ်းကြေးတွေဟာ ဥရောပထိပ်တန်းလိဂ်တွေမှာ အသုံးပြုလေ့ရှိပေမယ့် အခုဆိုရင် အင်္ဂလိပ်ဘောလုံးလောထဲကို စတင်ဝင်ရောက်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းကတော့ ဒီလိုထည့်သွင်းပေးဖို့ တောင်းဆိုတာကို ငြင်းပယ်သွားခဲ့တာပါ။
အဲ့ဒါကြောင့်လည်း ဆာကာဟာ အာဆင်နယ်အသင်း မျှော်လင့်ထားတဲ့ ကာလကြာရှည်စာချုပ်ထက် ကာလတိုတဲ့ စာချုပ်ကို ချုပ်ဆိုပေးခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဆာကာကို ၆ နှစ်စာချုပ်ချုပ်ဆိုဖို့ မျှော်လင့်ထားပေမယ့် ဆာကာက ၂၀၂၇ အထိအသင်းမှာရှိမယ့် ၄ နှစ်စာချုပ်ချုပ်ခဲ့တာပါ။ ဆာကာဟာ အာဆင်နယ်အသင်းလူငယ်စီမံကိန်းကနေ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး အသင်းအတွက် ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။
အသက် ၂၁ နှစ်အရွယ်ရှိ ဆာကာဟာ အာဆင်နယ်အသင်းအတွက် ၁၇၈ ပွဲပါဝင်ကစားထားပြီး ၃၇ ဂိုးသွင်းယူထားကာ အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 850
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၂၈
WBC ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ တိုင်ဆန်ဗျူရီဟာ တစ်နိုင်ငံတည်းသား အန်သိုနီဂျိုရွှာနဲ့ ထိုးသတ်ချင်နေပြီး သူ့ကို စာချုပ်ပေးပို့ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
တိုင်ဆန်ဗျူရီက “ ပြီးခဲ့တဲ့ရက်အနည်းငယ်က ဝင်ဘာလေမှာထိုးသတ်ဖို့အတွက် အန်သိုနီဂျိုရွှာကို စာချုပ်မူကြမ်းပေးပို့ခဲ့ပါတယ်။ ဒါဟာ ကျနော်အပါအဝင် လူတိုင်းမြင်တွေ့ချင်ကြတဲ့ ထိုးသတ်ပွဲတစ်ခုပါ။ အန်သိုနီဂျိုရွှာရေ ကျနော်တို့ ကမ္ဘာကြီးကို သူတို့မြင်ချင်ကြတဲ့ အရာကိုပေးကြရအောင်ပါ”လို့ အင်စတာဂရမ်မှာ ပို့စ်တင်ခဲ့တာပါ။
အသက် ၃၄ နှစ်အရွယ်ရှိ တိုင်ဆန်ဗျူရီဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ချီဆိုရာကို အနိုင်ရခဲ့တဲ့ ပွဲပြီးကတည်းက ပွဲထိုးသတ်ခဲ့ခြင်းမရှိပါဘူး။ တိုင်ဆန်ဗျူရီဟာ IBF,IBO,WBO နဲ့ WBA ချန်ပီယံ အူဆက်ခ်နဲ့ ၂၀၂၃ မှာ ပွဲထိုးသတ်ဖို့ ရှိခဲ့ပေမယ့် ပျက်ပြယ်ခဲ့တာဖြစ်ပါတယ်။ တိုင်ဆန်ဗျူရီနဲ့ အန်သိုနီဂျိုရွှာတို့ဟာ ပွဲဖြစ်မြောက်ဖို့အတွက် ဆွေးနွေးမှုတွေဟာ ကာလကြာရှည်ရှိခဲ့ပေမယ့် ဘယ်တော့မှ အကောင်အထည်မဖော်နိုင်ခဲ့တာပါ။
တိုင်ဆန်ဗျူရီနဲ့အန်သိုနီဂျိုရွှာ ကိုတွေ့ရစဉ်
တိုင်ဆန်ဗျူရီဟာ ပြီးခဲ့တဲ့နှစ်စက်တင်ဘာလကလည်း အန်သိုနီဂျိုရွှာကို နောက်ဆုံးရက်သတ်မှတ်ပေးခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် ပွဲပြီးသွားပြီလို့ ပြောခဲ့ဖူးပါတယ်။ အန်သိုနီဂျိုရွှာဟာ ဧပြီလ ၁ ရက်က ဖရန်ကလင်နဲ့ နောက်ဆုံးပွဲထိုးသတ်ထားပြီး နိုင်ပွဲရယူထားတာပါ။
တိုင်ဆန်ဗျူရီဟာ ပရော်ဖက်ရှင်နယ်လက်ဝှေ့ပွဲပေါင်း ၃၄ ပွဲထိုးသတ်ထားခဲ့တာမှာ ၃၃ ပွဲအနိုင်ရပြီး ၁ ပွဲသရေကျကာ ရှုံးပွဲမရှိသေးတာဖြစ်ပြီး အန်သိုနီဂျိုရွှာကတော့ ပွဲပေါင်း ၂၈ ပွဲထိုးသတ်ထားတာမှာ ၂၅ ပွဲအနိုင်၊ ၃ ပွဲရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 797
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၂၇
လီဗာပူးလ်အသင်းဟာ လာမယ့်နှစ်ရာသီမှာ ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့်ရမှာမဟုတ်ပေမယ့် တိုက်စစ်မှူး ဆာလတ်ရဲ့ အနာဂတ်ကို စိုးရိမ်စရာမရှိဘူးလို့ နည်းပြကလောပ့်က ပြောခဲ့ပါတယ်။
ကလောပ့်က “ဆာလတ်ရဲ့ အနာဂတ်ကို စိုးရိမ်စရာမရှိပါဘူး။ သူပြောတာကို ကြားခဲ့ပေမယ့် အဲ့ဒီလမ်းကြောင်းကို ဦးတည်သွားနိုင်တဲ့ ဘာကိုမှမဖတ်ခဲ့ရပါဘူး။ သူဟာ ဒီမှာရှိနေရတာကို နှစ်သက်ပြီး ဒီအစိတ်အပိုင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ တကယ်လို့ ကစားသမားတစ်ဦးက ချန်ပီယံလိဂ်မဝင်ခဲ့လို့ ထွက်ခွာမယ်လို့ ပြောခဲ့ရင် သူ့ကို ကျနော်ကိုယ်တိုင်ကားမောင်းပြီး အခြားကလပ်ထံပို့ပေးမှာပါ”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းက ချယ်လ်ဆီးအသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီးနောက် လီဗာပူးလ်အသင်းဟာ လာမယ့်နှစ်ရာသီ ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့်မရဖို့ သေချာသွားခဲ့တာဖြစ်ပါတယ်။ ယူရိုပါလိဂ်သာ ယှဉ်ပြိုင်ရမှာဖြစ်လို့ ဆာလတ်ဟာ စိတ်ပျက်နေပြီး ယူနိုက်တက်အသင်းပွဲအပြီးမှာ သူ့ရဲ့ ခံစားချက်တွေကို ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားခဲ့တာပါ။ အဲ့ဒါကြောင့် အီဂျစ်ကစားသမားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
လီဗာပူးလ်အသင်း တိုက်စစ်မှူး ဆာလတ် ကိုတွေ့ရစဉ်
ဆာလတ်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ လီဗာပူးလ်အသင်းနဲ့ ၃ နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့တာပါ။ အီဂျစ်ကစားသမားဟာ လီဗာပူးလ်အသင်းအတွက် ဒီရာသီပြိုင်ပွဲစုံ ပွဲပေါင်း ၅၀ ပါဝင်ကစားထားအပြီးမှာ ဂိုး ၃၀ သွင်းယူကာ ၁၅ ဂိုးဖန်တီးထားပြီး ခြေစွမ်းပြသထားတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းနည်းပြ ကလောပ့်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့်မရလို့ စိတ်ပျက်မိပေမယ့် အသင်းဟာ စည်းလုံးမှုရှိတယ်လို့ ပြောခဲ့တာပါ။
ကလောပ့်က “ကျနော်တို့ဟာ တစ်ဦးနဲ့တစ်ဦးကို လက်ညိုးမထိုးကြပါဘူး။ ဒါဟာ အလွန်ကောင်းပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်မရရင်တော့ ခင်ဗျားအဆုံးသတ်နိုင်တဲ့ အကောင်းဆုံးနေရာက အဆင့် ၅ ပါ၊ ဒါကို ကျနော်တို့ လုပ်နိုင်ခဲ့ပါတယ်။ ကျနော်တို့ကစားသမားတွေအကောင်းဆုံးလုပ်နိုင်ခဲ့ပေမယ့် မပြီးပြည့်စုံခဲ့ပါဘူး။ ကျနော်တို့ဟာ အရှေ့ပွဲတွေမှာ တစ်သမတ်တည်းမရှိခဲ့လို့ အခုလိုဖြစ်ခဲ့ရတာပါ”လို့ ပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ အခုနှစ်ရာသီ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်အဖြစ် ဆောက်သမ်တန်အသင်းအိမ်ကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 634
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၂၇
စထရာဘောင်းအသင်းနည်းပြ အန်တိုနက်တီက ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး မက်ဆီရဲ့ စွမ်းဆောင်ရည်တွေကို ချီးကျူးခဲ့ပြီး အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ လမ်းလျှောက်တာတောင် ဘောလုံးကို လူတိုင်းထက် ပိုနားလည်တယ်လို့ ပြောခဲ့ပါတယ်။
အန်တိုနက်တီက “မက်ဆီက ဘောလုံးပါ၊သူက မစ္စတာဘောလုံး။ သူက ဘောလုံးနဲ့ အသက်ရှူတယ်။ သူက အနည်းငယ်လမ်းလျှောက်တယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် လမ်းလျှောက်တာတောင် မက်ဆီဟာ ဘောလုံးကို လူတိုင်းထက် ပိုပြီးနားလည်ပါတယ်”လို့ ပြောခဲ့တာပါ။
စထရာဘောင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ အခုနှစ်ရာသီ ပြင်သစ်လီဂူးဝမ်း ပွဲစဉ် ၃၇ အဖြစ် ယှဉ်ပြိုင်မှာဖြစ်ပြီး ၂ သင်းစလုံးအတွက် ရမှတ် ၁ မှတ်စီရယူနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ဒီပွဲမှာ သရေရလဒ်ထွက်ပေါ်ခဲ့မယ်ဆိုရင် ပီအက်စ်ဂျီအသင်းဟာ လီဂူးဝမ်းချန်ပီယံဆုကို ရယူနိုင်မှာဖြစ်ပြီး စထရာဘောင်းအသင်းက တန်းဆင်းဇုန်က လွတ်မြောက်သွားမှာပါ။
စထရာဘောင်းအသင်းနည်းပြ အန်တိုနက်တီ ကိုတွေ့ရစဉ်
ဒီပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ စထရာဘောင်းနည်းပြ အန်တိုနက်တီဟာ ဝေဖန်မှုတွေခံနေရတဲ့ မက်ဆီရဲ့ ဘက်ကနေ ကာကွယ်ပြီးပြောသွားခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာရပြီးကတည်းက မက်ဆီဟာ အသင်းပရိသတ်တွေရဲ့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရတာပါ။ ပီအက်စ်ဂျီအသင်းအိမ်ကွင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ မက်ဆီဟာ ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။
မက်ဆီဟာ ပီအက်စ်ဂျီပရိသတ်တွေ သူ့အပေါ်ပြုမူဆက်ဆံတဲ့ပုံစံတွေကို စိတ်ပျက်နေပြီး စာချုပ်ကုန်ဆုံးမယ့် အခုရာသီအကုန်မှာ ပြင်သစ်ကလပ်ကနေ ထွက်ခွာသွားဖို့ ရှိနေတာပါ။ အာဂျင်တီးနားအသင်းခေါင်းဆောင်ကို ခေါ်ယူဖို့ အသင်းဟောင်း ဘာစီလိုနာအသင်းအပြင် ဆော်ဒီကလပ်တွေနဲ့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းတို့က စိတ်ဝင်စားနေပြီး ချိတ်ဆက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။
မက်ဆီကတော့ အခုရာသီအကုန်မှသာ သူ့အနာဂတ်ကို ဆုံးဖြတ်မယ်လို့ ဖခင်ဖြစ်သူက မကြာသေးခင်က ပြောထားတာပါ။ အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ အခုရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ၃၉ ပွဲပါဝင်ကစားထားပြီး ဂိုး ၂၀ သွင်းယူကာ ဂိုး ၂၀ ဖန်တီးထားတာဖြစ်ပါတယ်။
Source: BeSoccer
- By CNI
- Category: အားကစား
- Hits: 647
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၂၇
ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ၂ ခုမှာ ပေါင်သန်း ၆၀၀ ဝန်းကျင်သုံးစွဲခဲ့ပေမယ့် အသင်းအနေနဲ့ ပြန်လည်တည်ဆောက်ဖို့လိုတယ်လို့ ယာယီနည်းပြ လမ်းပတ်က ပြောခဲ့ပါတယ်။
လမ်းပတ်က “ကလပ်အတွက် ဆိုးရွားတဲ့နှစ်ပါ။ အရေးကြီးတာက ဘယ်လိုတိုးတက်အောင်လုပ်မလဲ ဆိုတာပါ။ အသင်းဟာ ပြန်လည်တည်ဆောက်ဖို့ လိုအပ်ပါတယ်၊ နွေရာသီမှာ အသင်းရဲ့လူစာရင်းကို ပြောင်းလဲမှုတွေပြုလုပ်ရမှာဖြစ်ပါတယ်။ အဆင့်တစ်ဆင့်ရောက်အောင်မြှင့်တင်နိုင်ဖို့လိုအပ်ပါတယ်”လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းကို တောဒ့်ဘိုလီဦးဆောင်တဲ့ အစုအဖွဲ့က ပြီးခဲ့တဲ့နှစ်က ဝယ်ယူအပြီးမှာ အန်ဇိုဖာနန်ဒက်ဇ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၀၆ သန်းနဲ့ ခေါ်ယူပေးခဲ့တာအပါအဝင် ကစားသမားသစ်အများအပြားကို အသင်းအတွက် ဖြည့်တင်းပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ရလဒ်ဆိုးတွေနဲ့အတူ နည်းပြအပြောင်းအလဲတွေဖြစ်ခဲ့ပြီး အခုနှစ်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၁၀ ပြင်ပရပ်တည်ပြီး အဆုံးသတ်ဖို့ သေချာခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ အခုရာသီအကုန်မှာ စပါးနဲ့ ပီအက်စ်ဂျီအသင်းနည်းပြဟောင်း ပိုချက်တီနိုကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ လုပ်ဆောင်နေတာပါ။ ပိုချက်တီနိုကတော့ အသင်းရဲ့ လူစာရင်းကို အပြောင်းအလဲပြုလုပ်ပြီး ကစားသမားသစ်တွေ ထပ်မံခေါ်ယူသွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။ လန်ဒန်ကလပ်ဟာ အသင်းမှာရှိနေတဲ့ ကစားသမားတွေကိုလည်း ရောင်းချသွားဖို့ရှိနေပြီး အူဘာမီယန်း၊ မေဆန်မောင့်တို့ဟာ အသင်းကနေ ထွက်ခွာသွားဖို့ ရှိနေတာပါ။
ချယ်လ်ဆီးအသင်းဟာ အခုနှစ်ရာသီ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နိုင်ပွဲနဲ့အတူ ရာသီကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 735
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၂၇
ဒဏ်ရာပြဿနာရှိနေတဲ့ တိုက်စစ်မှူး ဒိုင်ဘားလားဟာ ဆီဗီလာအသင်းနဲ့ ကစားမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ပါဝင်ဖို့ မသေချာဘူးလို့ ရိုးမားအသင်းနည်းပြ မော်ရင်ဟိုက ပြောလိုက်ပါတယ်။
မော်ရင်ဟိုက”သူကစားနိုင်မယ်လို့ ကျနော်မထင်ပါဘူး။ ရိုးရိုးသားသားပြောရရင် သူ့ကို အရန်ခုံမှာထားနိုင်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။ ဗိုလ်လုပွဲပြီးရင် စပီဇီယာနဲ့ပွဲကစားဖို့တော့ ရှိပါတယ်။ ဒါပေမယ့် ဒိုင်ဘားလား အတွက်တော့ ဒီပွဲက နောက်ဆုံးပွဲဖြစ်သွားနိုင်ပါတယ်။ သူက အရန်ခုံပေါ်မှာရှိပြီး ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ကစားနိုင်မယ်ဆိုရင်တော့ ကျနော်ပျော်ရွှင်မိမှာပါ။ ဒိုင်ဘားလားက ဆရာဝန်တွေနဲ့အတူ ရှိနေပါသေးတယ်”လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့က ရိုးမားအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ရောက်ရှိလာခဲ့တဲ့ ဒိုင်ဘားလားဟာ အသင်းအတွက် ၁၆ ဂိုးသွင်းယူထားပြီး ၈ ဂိုးဖန်တီးထားတာဖြစ်ပေမယ့် ပြီးခဲ့တဲ့လကုန်ပိုင်းက ရရှိခဲ့တဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ကြံ့ခိုင်မှုအပြည့်အ၀ ပြန်လည်ရရှိခြင်းမရှိသေးပါဘူး။
ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ၂ ပွဲမှာ ပါဝင်နိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမား ပယ်လီဂရီနီကတော့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ပြန်လည်ပါဝင်နိုင်မယ်လို့ နည်းပြ မော်ရင်ဟိုက ပြောခဲ့ပါတယ်။
မော်ရင်ဟိုဟာ ဥရောပပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲတွေမှာ စံချိန်မှတ်တမ်းကောင်းတွေကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ပေါ်တို၊ အင်တာမီလန်၊ ယူနိုက်တက်၊ ရိုးမားအသင်းတွေနဲ့အတူ ဗိုလ်လုပွဲ ၅ ကြိမ်ကစားထားခဲ့တာမှာ ၅ ကြိမ်စလုံး အနိုင်ရထားတာပါ။ အခုယှဉ်ပြိုင်မယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲကတော့ မော်ရင်ဟိုရဲ့နည်းပြဘဝမှာ ၆ ကြိမ်မြောက်ယှဉ်ပြိုင်မယ့် ဥရောပဗိုလ်လုပွဲလည်း ဖြစ်ပါတယ်။
စပိန်ကလပ် ဆီဗီလာအသင်းကတော့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၆ ကြိမ်ဗိုလ်စွဲထားပြီး ဒီပြိုင်ပွဲရဲ့အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။
Source:CNA

- By CNI
- Category: အားကစား
- Hits: 776
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၂၆
လီဗာပူးလ်အသင်းဟာ ၂၀၁၆ နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဝင်ခွင့် မရခဲ့ပြီးနောက် ဒီအတွက် ဆင်ခြေပေးစရာ မရှိဘူးလို့ တိုက်စစ်မှူး ဆာလတ်က ပြောပါတယ်။
ဆာလတ်က “ကျနော်လုံးဝကို စိတ်ပျက်မိပါတယ်။ ဒီအတွက်လည်း ဆင်ခြေပေးစရာ မရှိပါဘူး။ လာမယ့် နှစ် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ကျနော်တို့ လိုအပ်တာတွေ အားလုံးကို လုပ်ခဲ့ပေမယ့် ကျရှုံးခဲ့ပါတယ်။ ကျနော်တို့ဟာ လီဗာပူးလ်ဖြစ်တဲ့အတွက် ဒီပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခွင့်ဟာ အနိမ့်ဆုံး ရည်မှန်းချက်ပါ။ ဒီအတွက် ဝမ်းနည်းမိပြီး၊ အကောင်းမြင်တဲ့ ပို့စ်ရေးဖို့အတွက်တော့ အခုအချိန်ဟာ စောလွန်းပါတယ်”လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ယူနိုက်တက်အသင်းက ချယ်လ်ဆီးအသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရပြီး နောက် လာမယ့်နှစ်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့ရပြီး ယူရိုပါလိဂ်ပြိုင်ပွဲသာ ယှဉ်ပြိုင်ရတော့မှာပါ။ ယူနိုက်တက်အသင်းဟာ မန်စီးတီး၊ အာဆင်နယ်၊ နယူးကာဆယ် အသင်းတို့နဲ့အတူ လာမယ့်နှစ်ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲယှဉ်ပြိုင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ နည်းပြကလော့ပ် လက်ထက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၂၀၁၉ က ချန်ပီယံဖြစ်ခဲ့ပြီး၊ ၂၀၁၈ နဲ့ ၂၀၂၂ ပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲ တက်နိုင်ခဲ့ပေမယ့် ၇ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ချန်ပီယံ လိဂ် ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် မရရှိတော့ပါဘူး။
လီဗာပူးလ်အသင်းကိုတွေ့ရစဉ်
လီဗာပူးလ်အသင်းဟာ အခုနှစ်ရာသီ အစောပိုင်းပွဲစဉ်တွေမှာ ရလဒ်တွေ မကောင်းခဲ့ပေမယ့် နောက်ပိုင်း ပွဲစဉ်တွေမှာ နိုင်ပွဲတွေနဲ့အတူ ရလဒ်တွေ ပြန်ကောင်းခဲ့ပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့်အတွက်တော့ မလုံလောက်ခဲ့ပါဘူး။
ဆာလတ်ဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းရဲ့ အကောင်းဆုံး ကစားသမားဖြစ်ခဲ့ပြီး ပြိုင်ပွဲစုံ ပွဲပေါင်း ၅၀ ပါဝင်ကစားကာ ဂိုး ၃၀ သွင်းယူပြီး ၁၅ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။
အီဂျစ်တိုက်စစ်မှူးဟာ ယူနိုက်တက်အသင်းရဲ့ ပွဲအပြီးမှာ ပရိသတ်တွေကို တောင်းပန်ကြောင်း သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ စာရေးသားခဲ့ပါတယ်။ အန်ဖီးလ်ကလပ်ဟာ လာမယ့်နှစ်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲကို ဘရိုက်တန်အသင်းနဲ့အတူ ယှဉ်ပြိုင်ရမှာပါ။
လီဗာပူးလ်အသင်းဟာ အခုနှစ်ရာသီ ပရီးမီးယားလိဂ် နောက်ဆုံးပွဲအဖြစ် တန်းဆင်းသွားခဲ့ပြီဖြစ်တဲ့ ဆောက်သမ်တန် အသင်းအိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Metro