CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၁၀

ယူနိုက်တက်အသင်းကွင်းလယ်ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းက ၁၉၉၈-၉၉ ရာသီမှာ အသင်းရရှိခဲ့တဲ့ ဆုဖလား ၃ လုံးအောင်မြင်မှုရဲ့ မှတ်တမ်းရုပ်ရှင်ဟာ လက်ရှိရုန်းကန်နေရတဲ့ အသင်းကို စိတ်အားတက်ကြွစေဖို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။

ဒေးဗစ်ဘက်ခမ်းက “ဒီမှတ်တမ်းရုပ်ရှင်ကို ကြည့်ပြီး ယူနိုက်တက်အသင်းနဲ့ ဆက်စပ်တဲ့သူတိုင်းဟာ စိတ်အား တက်ကြွလာပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ အသင်းဟာ ခက်ခဲတဲ့အချိန်ဖြစ်ခဲ့ပါတယ်။ ကျနော်တို့ အောင်မြင်မှုရယူနိုင်ခဲ့တဲ့အချိန်ဟာ အနည်းငယ်ကြာသွားပြီဖြစ်ပေမယ့် ဒီမှာရှိတဲ့ကစားသမားတွေ အနေနဲ့ ဒီအခိုက်အတန့်အကြောင်းကို ပြောရင်း သူတို့ကို စိတ်အားတက်ကြွစေဖို့ မျှော်လင့်တယ်”လို့ ပြောခဲ့တာပါ။

Amazon Prime က ၁၉၉၉ ဆုဖလား ၃ လုံးရယူနိုင်ခဲ့တဲ့ ယူနိုက်တက်အသင်းအကြောင်းကို ပြသမယ့် မှတ်တမ်းရုပ်ရုပ်အခမ်းအနားကို အသင်းရဲ့ဂန္ထဝင်တွေဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်း၊ဂယ်ရီနဗီးလ်၊ ရှရင်ဂမ်၊ ပီတာရှမိုက်ကယ်၊ဒွိုက်ယော့ခ်၊အင်ဒီကိုးလ်နဲ့ နစ်ကီဘတ်တို့ တက်ရောက်ခဲ့ကြပါတယ်။ 

Amazon Prime ဟာ ဒီမှတ်တမ်းရုပ်ရှင်ကို မေလအကုန်ပိုင်းမှာ ပြသသွားမယ်လို့ ကြေညာထားတာပါ။

ယူနိုက်တက်အသင်းဟာ လွန်ခဲ့တဲ့ ၂၅ နှစ်က နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့ လက်အောက်မှာ ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့ပြီး တစ်ရာသီအတွင်း ဆုဖလား ၃ လုံးရယူနိုင်တဲ့ ပထမဆုံးအင်္ဂလန်ကလပ်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။ 

ဒါပေမယ့် ယူနိုက်တက်အသင်းဟာ ဒီ ရာသီမှာ ရလဒ်တွေဆိုးရွားနေပြီး ပရီးမီးယားလိဂ်အဆင့် ၈ နေရာမှာ ရပ်တည်နေကာ ၂၀၁၃ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်ဆုဖလားအောင်မြင်မှုနဲ့ ဝေးကွာနေတာပါ။

ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ဖလားကို ၂၀၀၈ ၊ FA ဖလားကို ၂၀၁၆ ၊ ယူရိုပါလိဂ်ဖလားကို ၂၀၁၇ နဲ့ ကာရာဘောင်းဖလားကို ၂၀၂၃ ခုနှစ်က နောက်ဆုံးရယူနိုင်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ရယူနိုင်စရာတစ်လုံးတည်းသော ဆုဖလားအဖြစ် မေ ၂၅ ရက်မှာ မန်စီးတီးအသင်းနဲ့ FA ဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:BBC