- By CNI
- Category: အားကစား
- Hits: 678
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀
လီဗာပူးလ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ လွန်ကဲစွာ အောင်ပွဲခံမှု ပြုလုပ်ခဲ့တဲ့အတွက် အာဆင်နယ်အသင်းဟာ ဝေဖန်မှုတွေ ခံခဲ့ရပေမယ့် နည်းပြ အာတီတာကတော့ ဒါကို သူနှစ်သက်ပြီး စိတ်ခံစားချက်တွေ ဆက်ပြီးပြသ သွားမယ်လို့ ပြောလိုက်ပါတယ်။
အာတီတာက “ပုဂ္ဂိုလ်ရေးအရဆိုရင် ကျနော်ဒါကို နှစ်သက်ပါတယ်။ သဘာဝကျကျနဲ့ ထူးခြားတဲ့ နည်းလမ်းတွေ လုပ်တဲ့အခါမှာ ပွဲအပေါ် စိတ်အားထက်သန်မှုတွေနဲ့ စိတ်ခံစားမှုတွေကို ယူဆောင်လာပေးပါတယ်”လို့ ပြောခဲ့တာပါ။
Sky Sports ရဲ့ ဘောလုံးပွဲ ဝေဖန်သုံးသပ်သူ ဂယ်ရီနဗီးလ်က အာဆင်နယ်အသင်းရဲ့ အောင်ပွဲခံမှုတွေဟာ ရင့်ကျက်မှု မရှိဘူးဆိုတာ ပြသနေတယ်လို့ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။
ဒါအပြင် ဘောလုံးပွဲ ဝေဖန်သုံးသပ်သူ ကာရေဂါက အာဆင်နယ် အသင်းခေါင်းဆောင် အိုဒီဂတ်အနေနဲ့ ဥမင်ထဲကို ဆင်းသွားရမှာလို့ ပြောခဲ့တာပါ။

အိုဒီဂတ်ဟာ လီဗာပူးလ်အသင်းကို အနိုင်ရတဲ့ပွဲအပြီးမှာ အာဆင်နယ်အသင်း ဓါတ်ပုံဆရာထံက ကင်မရာကို ရယူကာ ဓါတ်ပုံဆရာကို ဓါတ်ပုံပြန်ရိုက်ပေးပြီး အောင်ပွဲခံခဲ့တာပါ။
အိုဒီဂတ်က ပွဲတစ်ပွဲမှာ အနိုင်ရလို့ အောင်ပွဲမခံရဘူးဆိုရင် ဘယ်အချိန်မှာသွားပြီး အောင်ပွဲခံ အခမ်းအနား ပြုလုပ်ရမှာလဲလို့ ကာရေဂါကို ပြန်ပြီး တုန့်ပြန်ခဲ့ပါတယ်။
အာဆင်နယ်အသင်းနည်းပြ အာတီတာကတော့ ဒီလိုမျိုးလုပ်တဲ့ အရာတွေဟာ ကောင်းမွန်ပြီး သူ့အမြင်နဲ့ တခြား လူတွေရဲ့ အမြင်ကတော့ တူချင်မှတူနိုင်မယ်လို့ မှတ်ချက်ပေးခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဖေဖော်ဝါရီ ၁၁ ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 826
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက အသင်းဟာ ပြီးခဲ့တဲ့ရာသီကလိုမျိုး ဆုဖလား ၃ လုံးကို ထပ်ပြီး မရယူနိုင် ဘူးဆိုတာ ၉၉.၉၉ ရာခိုင်နှုန်း သေချာတယ်လို့ ပြောလိုက်ပါတယ်။
ဂွာဒီယိုလာက “အဲဗာတန်ကို အနိုင်ယူဖို့ ကြိုးစားပြီး ဘာတွေ ဖြစ်လာမလဲဆိုတာကို ကျနော်တို့ စောင့်ကြည့်ရမှာ ပါ။ ကျနော်တို့ဟာ ဆုဖလား ၃ လုံးကို ထပ်ပြီးရယူဖို့ မဖြစ်နိုင်ဘူးဆိုတာ ၉၉.၉၉ ရာခိုင်နှုန်း သေချာပါတယ်။ ဒါက လွယ်ကူနေမယ်ဆိုရင် အဲဒီတုန်းက ယူနိုက်တက်အသင်းဟာ ဒါကို ထပ်ပြီးလုပ်နိုင်ခဲ့မှာပါ။ အဲဒါကြောင့် ဒါက မလွယ်ကူပါဘူး။ ဘောလုံးမှာ အရာအားလုံးခက်ခဲပြီး အရင်ကလုပ်ခဲ့တဲ့ အရာတွေက ဘာမှအာမခံချက်မရှိဘူး”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့တာကြောင့် ဒီနှစ်မှာလည်း ထပ်ပြီးရယူနိုင်ဖို့ ရေပန်းစားနေတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဒီနေ့မှာ ကစားမယ့် အဲဗာတန်အသင်းနဲ့ပွဲမှာ အနိုင်ရခဲ့ရင် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို တက်လှမ်းနိုင်မှာဖြစ်ပြီး ချန်ပီယံလိဂ်မှာ ၁၆ သင်းအဆင့်နဲ့ FA ဖလားပြိုင်ပွဲမှာ ပဉ္စမအဆင့်ကို ရောက်ရှိနေတာပါ။

ဒါပေမယ့် နည်းပြ ဂွာဒီယိုလာကတော့ မန်စီးတီးအသင်းဟာ ဆုဖလား ၃ လုံးကို ထပ်ပြီး ရယူနိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ ဒဏ်ရာရ ကစားသမားတွေ ပြန်ကောင်းလာပြီဖြစ်ပြီး နိုင်ပွဲတွေလည်း ဆက်တိုက် ရရှိနေပေမယ့် အသင်းအနေနဲ့ သတိထားရမယ်လို့ နည်းပြ ဂွာဒီယိုလာက ပြောခဲ့တာပါ။
ဂွာဒီယိုလာက “ဒါတွေက အန္တရာယ်များပါတယ်။ မန်စီးတီး ဘယ်လောက် ကောင်းမွန်လဲ၊ မန်စီးတီးပြန်လာပြီဆို တဲ့ စကားတွေဟာ များလွန်းပါတယ်။ ဒါတွေက သတိထားရမှာပါ။ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲ စလုံး အနိုင်ရခဲ့ပေမယ့် နောက်ပွဲအနိုင်ရဖို့ အာမခံချက် မရှိပါဘူး။ ကျနော်တို့ ထပ်ပြီးလုပ်ရမှာပါ။ ကျနော်တို့ အတွေ့အကြုံ အရဆိုရင် ဒီအဆင့်မှာ ပွဲတိုင်းက ဗိုလ်လုပွဲဆိုတာ သိပါတယ်”လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ လာမယ့် ကြားရက်ထဲမှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ကိုပင်ဟေဂင်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 836
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၉
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က လာမယ့်ရာသီ အဓိကပြိုင်ပွဲတွေမှာ အပြာရောင်ကတ်ကို အသုံးပြုသွားမှာ မဟုတ်ဘူးလို့ ထုတ်ပြန်လိုက်ပါတယ်။
ဖီဖာက “ဘောလုံးလောကရဲ့ ထိပ်တန်းအဆင့်တွေမှာ အပြာရောင်ကတ်ကို အသုံးပြုမယ်ဆိုပြီး ထွက်ပေါ်နေတဲ့ သတင်းတွေဟာ မှားယွင်းနေပြီး အချိန်မတန်သေးဘူးဆိုတာ ရှင်းလင်းချင်ပါတယ်။ ဒီ စမ်းသပ်မှုတွေကို အကောင် အထည်ဖော်မယ်ဆိုရင် အောက်တန်းလိဂ်တွေမှာ စမ်းသပ်ပြီး ကန့်သတ်သင့်ပါတယ်။ ဖီဖာဟာ ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး မတ်လ ၁ ရက် IFAB နဲ့ ဆွေးနွေးမှုပြုလုပ်တဲ့အခါမှာ ထပ်ပြီးပြောဖို့ ရည်ရွယ်ထားတယ်” လို့ ထုတ်ပြန်ခဲ့တာပါ။
The Telegraph က နိုင်ငံတကာဘောလုံးဘုတ်အဖွဲ့(IFAB)ဟာ လာမယ့်ရာသီကစားမယ့်ပွဲတွေမှာ အပြာရောင် ကတ်တွေကို ထည့်သွင်းအသုံးပြုမယ်လို့ ကြေညာခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ ဒီအပြာရောင်ကတ်ကို ထိပ်တန်း အဆင့်ပွဲတွေမှာ အသုံးပြုမှာမဟုတ်ဘူးလို့ သတင်းမှာ ဖော်ပြထားပေမယ့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်နဲ့ ပူးပေါင်း ပြီး FA ဖလားနဲ့ ကာရာဘောင်းလိဂ်ဖလားပွဲစဉ်တွေမှာ စမ်းသပ်အသုံးပြုလာနိုင်တာပါ။ စမ်းသပ်မှုအဖြစ် ဒိုင်လူကြီး တွေဟာ သဘောထားကွဲလွဲမှုတွေနဲ့ ပြစ်ဒဏ်ကျူးလွန်မှုတွေကို ရည်ရွယ်ကာ အပြာရောင်ကတ်ကို ပြသခွင့်ရှိတာ ဖြစ်ပါတယ်။

ဒီအပြာရောင်ကတ်ပြသခံရတဲ့ ကစားသမားတွေဟာ ကွင်းအတွင်းကနေ ၁၀ မိနစ်ကြာထုတ်ပယ်ခံရမှာပါ။ အပြာရောင်ကတ်တွေကို အခြေခံကလေးလူငယ်အဆင့်နဲ့ အင်္ဂလန်ဘောလုံးပိရမစ်အဆင့် အောက်ဆုံး ၅ ခုက ဘောလုံးပွဲတွေမှာ အသုံးပြုနေတာဖြစ်ပါတယ်။
အခုအချိန်မှာတော့ ဒါကို ပိုမိုကျယ်ပြန့်လာအောင် ပရော်ဖက်ရှင် နယ်ပွဲတွေမှာ အသုံးပြုဖို့အထိ စီစဉ်နေတာပါ။ ဖီဖာဟာ လာမယ့်လမှာ ကျင်းပမယ့် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးမှာ အပြာရောင်ကတ်စမ်းသပ်မှုနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ရှိနေပါတယ်။
ဒီစနစ်ကို ယူအီးအက်ဖ်အေအကြီးအကဲအပါအဝင် နည်းပြအချို့နဲ့ ဘောလုံးပွဲဝေဖန်သုံးသပ်သူတွေက ဝေဖန်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 934
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၉
အာရှဖလားပြိုင်ပွဲက ထွက်ခဲ့ရပြီးနောက် ဆွန်ဟောင်မင်ဟာ နိုင်ငံအသင်းကနေ အနားယူနိုင်တယ်လို့ သတင်းတွေ ထွက်နေပေမယ့် နည်းပြ ကလင်းစမန်းက သူဟာ တောင်ကိုရီးယား အသင်းအတွက် သေချာပေါက် ဆက်ပြီး ကစားမယ်လို့ ပြောခဲ့ပါတယ်။
ကလင်းစမန်းက “သူ့လိုကစားမျိုး၊ ထူးခြားတဲ့ ကစားသမားနဲ့ ကျနော်တို့ရဲ့ အသင်းခေါင်းဆောင်အတွက် ဆုဖလား မရခဲ့တဲ့ အမှန်တရားကို ခံယူရတာက ပိုပြီးစိတ်ခံစားမှုတွေရှိနေမှာပါ။ ကျနော်တို့ အတူရှိနေမယ့် နောက်ထပ် ပန်းတိုင်ကတော့ အမေရိကမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲပါ။ ဆွန်ဟာ ကျနော်တို့နဲ့အတူ သေချာပေါက် ဆက်ရှိနေမှာပါ”လို့ ပြောခဲ့တာပါ။
တောင်ကိုရီးယားအသင်းဟာ ပြီးခဲ့တဲ့ အာရှဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဂျော်ဒန်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေး နိမ့်ပြီးနောက် ၁၉၆၀ နောက်ပိုင်း အာရှဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ချန်ပီယံဆုရယူနိုင်မယ့် မျှော်လင့်ချက်ကို အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။
ဆွန်ဟောင်မင်ဟာ ဒီပွဲအပြီးမှာ တောင်ကိုရီးယားအသင်း ပရိသတ်တွေကို တောင်းပန်မှု ပြုလုပ်ခဲ့ပေမယ့် သူ့ရဲ့ နိုင်ငံအသင်း အနာဂတ်အပေါ် စိုးရိမ်မှုတွေ ရှိလာနေတာပါ။

ဆွန်ဟောင်မင်ကို တွေ့ရစဉ်
ဆွန်ဟောင်မင်ဟာ ၂၀၁၀ ခုနှစ်ကတည်းက တောင်ကိုရီးယား အသင်းအတွက် စတင် ပါဝင်ကစားခဲ့ပေမယ့် လက်ရွေးစင်အသင်းနဲ့အတူ အမြင့်ဆုံး အောင်မြင်မှုအဖြစ် ၂၀၁၅ အာရှဖလားပြိုင်ပွဲမှာ ဒုတိယသာ ရယူနိုင်ခဲ့ပါ တယ်။
ကလင်းစမန်းဟာ တောင်ကိုရီးယားအသင်း အာရှဖလားပြိုင်ပွဲမှာ အောင်မြင်မှု မရယူနိုင်ခဲ့တာကြောင့် မီဒီယာ တွေရဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုအောက်မှာ ရှိနေပေမယ့် တောင်ကိုရီးယားအသင်းကို ဆက်ပြီးကိုင်တွယ်မှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ကလင်းစမန်းက “ကျနော်တို့ဟာ အာရှဖလားက ထွက်ခဲ့ရလို့ စိတ်ပျက်ခဲ့ကြပေမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပြန်လည်စတင်နိုင်ဖို့ ကျနော်မျှော်လင့်နေပါတယ်။ ကျနော့်အပေါ် ဝေဖန်မှုတွေ ပြုလုပ်တာကို သိပေမယ့် ဒါက နိုင်ငံလက်ရွေးစင် အသင်းနည်းပြရဲ့ဘဝပါပဲ”လို့ ပြောခဲ့တာပါ။
တောင်ကိုရီးယားအသင်းဟာ မတ်လထဲမှာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်)ပွဲစဉ်တွေအဖြစ် ထိုင်းအသင်းနဲ့ အိမ်ကွင်း၊ အဝေးကွင်း ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 905
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၉
အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က နွေရာသီမှာကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးမှာ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်မယ်လို့ ဖေဖော်ဝါရီ ၈ ရက်က ပြောလိုက်ပါတယ်။
ဆောက်ဂိတ်က “နွေရာသီမှာ ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရမှာပါ၊ ဒါက ရိုးရှင်းပါတယ်။ နွေရာသီမှာ ကျနော်တို့ ဘာတွေအောင်မြင်နိုင်မလဲဆိုတာ ကျနော်သိပြီး၊ အောင်မြင်မှုအတွက် ကျနော့်ရဲ့ စံသတ်မှတ်ချက်က ဘာလဲ ဆိုတာသိပါတယ်။ အဲဒီနောက်မှာ ကျနော်ဘာမှမစဉ်းစားတော့ပါဘူး။ ကျနော်တို့က စွမ်းဆောင်ရည်ကို ပြသရမှာ ဖြစ်ပြီး လူတိုင်းအတွက်အကောင်းဆုံး ဆုံးဖြတ်ချက်တွေချရပါမယ်။ ပြိုင်ပွဲမစခင် ဆုံးဖြတ်ချက် ချရမယ့် အနေအထားမရှိပါဘူး” လို့ UEFA နေးရှင်းလိဂ် မဲခွဲအပြီးမှာ ပြောခဲ့တာပါ။
၂၀၁၆ ခုနှစ်ကတည်းက အင်္ဂလန်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ဆောက်ဂိတ်နဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုနှစ် ဒီဇင်ဘာလအထိ သက်တမ်းရှိနေတာဖြစ်ပါတယ်။ ဆောက်ဂိတ်ဟာ သူ့ရဲ့ လက်ထက်မှာ အင်္ဂလန်အသင်းကို ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်လုပွဲနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့တာပါ။ ဆောက်ဂိတ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ အင်္ဂလန်အသင်းက ပြင်သစ်အသင်းကို အရေးနိမ့်ပြီးနောက် အင်္ဂလန်နည်းပြရာထူးကနေ နုတ်ထွက်ဖို့ စဉ်းစား ခဲ့သေးပါတယ်။

ဒါပေမယ့် ဆောက်ဂိတ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းကို ဆက်ပြီးကိုင်တွယ်ဖို့ ရှိနေခဲ့တာပါ။ အင်္ဂလန် အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ အုပ်စု C မှာ ဆလိုဗေးနီးယား၊ ဒိန်းမတ်၊ ဆားဘီးယားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး ဒီပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။ အင်္ဂလန်အသင်းဟာ UEFA နေးရှင်း လိဂ်ပြိုင်ပွဲ မဲခွဲမှုမှာတော့ အိုင်ယာလန်၊ဖင်လန်၊ဂရိတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။
အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ UEFA နေးရှင်းလိဂ်ပြိုင်ပွဲမှာ လိဂ် A ကနေ တန်းဆင်းခဲ့ရလို့ အခုတစ်ကြိမ်ပြိုင်ပွဲမှာ လိဂ် B ကနေ ပထမဆုံးအကြိမ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:ESPN
- By CNI
- Category: အားကစား
- Hits: 912
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၉
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ ဟော့ဂျ်လန်း၊ ဂါနာချိုနဲ့ ကိုဘီမိုင်နူး တို့ အနေနဲ့ တိုးတက်ဖို့အတွက် လုပ်စရာတွေ အများကြီးရှိသေးတယ်လို့ သတိပေးစကား ပြောလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “သူတို့ဟာ အတူတွဲကစားရတာကို ပျော်ရွှင်တယ်လို့ ကျနော်ထင်ပြီး စွန့်စားမှုတွေရှိပါတယ်။ သူတို့ဟာ လူငယ်ကစားသမားတွေဖြစ်ပြီး အသင်းရဲ့ အနာဂတ်ဟာ ဒီလိုစွမ်းရည်တွေရှိတဲ့ ကစားသမားတွေနဲ့အတူ တောက်ပနေပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ တိုးတက်အောင် လုပ်ရမှာဖြစ်သလို တိုးတက်ဖို့အတွက် နေရာ အများအပြားရှိပါတယ်။ ထိပ်တန်းအဆင့်ကို ရောက်ချင်ရင် ဒီလိုလုပ်ဖို့ လိုအပ်ပါတယ်။ ယူနိုက်တက်က ရည်မှန်း ချက် ကြီးမားတဲ့အတွက် သူတို့ဟာ မြင့်မားတဲ့အဆင့်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ရမယ်”လို့ ပြော ကြားခဲ့ပါတယ်။
ဒီကစားသမားတွေဟာ ယူနိုက်တက်အသင်း နိုင်ပွဲဆက်နေတဲ့ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ခြေစွမ်းပြသွင်းဂိုးတွေ သွင်းယူပေးနေတာ ဖြစ်ပါတယ်။
သူတို့ ၃ ဦးဟာ ပြီးခဲ့တဲ့အပတ်က ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ ကြော်ငြာဘုတ်ပေါ်ထိုင်ကာ အတူတွဲ အောင်ပွဲခံ နေခဲ့ကြတာပါ။
ဟော့ဂျ်လန်း၊ ဂါနာချိုနဲ့ ကိုဘီမိုင်နူးတို့ အတူတွဲပြီး ပွဲထွက်ခဲ့တဲ့ ဒီရာသီ ၈ ပွဲမှာ ယူနိုက်တက်အသင်းဟာ ၅ ပွဲ အနိုင်ရခဲ့ပြီး ၁ ပွဲသာ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဟော့ဂျ်လန်း၊ ဂါနာချိုနဲ့ ကိုဘီမိုင်နူးတို့ကို တွေ့ရစဉ်
သူတို့ ၃ ဦးဟာ ယူနိုက်တက်အသင်း ရှုံးပွဲမရှိသေးတဲ့ နောက်ဆုံး ၅ ပွဲမှာ ၈ ဂိုးအထိ သွင်းယူပေးထားတာပါ။
အဲဒါကြောင့် သူတို့ ၃ ဦးဟာ ယူနိုက်တက်အသင်းရဲ့ အနာဂတ်အတွက် အားကိုးရမယ့်သူတွေအဖြစ် သတ်မှတ်ခြင်း ခံနေရပေမယ့် နည်းပြ အဲရစ်တန်ဟတ်ကတော့ ဆက်လက် တိုးတက်ဖို့နဲ့ ဆာလောင်မှုတွေရှိစေဖို့ စိန်ခေါ်ခဲ့တာ ဖြစ်ပါတယ်။
တိုက်စစ်မှူး ဟော့ဂျ်လန်းဟာ ဒီရာသီအစပိုင်းမှာ သွင်းဂိုးတွေ မရရှိခဲ့လို့ ဝေဖန်မှုတွေ ခံခဲ့ရပေမယ့် အခု နောက်ပိုင်းပွဲတွေမှာ သွင်းဂိုးတွေ ဆက်တိုက် သွင်းယူနေပြီး ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၂၈ ပွဲမှာ ၁၀ ဂိုး သွင်းယူထားနိုင်ပြီဖြစ်ပါတယ်။
ဝက်စ်ဟမ်းနဲ့ပွဲမှာ ၂ ဂိုးသွင်းခဲ့တဲ့ တောင်ပံကစားသမား ဂါနာချိုဟာ ဒီရာသီမှာ ယူနိုက်တက်အသင်း အတွက် ၃၁ ပွဲ ကစားထားပြီး ၇ ဂိုးသွင်းယူထားပါတယ်။
ကွင်းလယ်လူ ကိုဘီမိုင်နူးကတော့ ယူနိုက်တက်အသင်းအတွက် ၁၃ ပွဲ ကစားထားပြီး ၂ ဂိုးသွင်းယူထားတာပါ။
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ဟာ လာမယ့် အက်စတွန်ဗီလာအသင်းနဲ့ ပွဲမှာလည်း ဒီ ၃ ဦးကို အတူတွဲ ပွဲထွက်လာဖို့ ရှိနေတာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 776
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၈
မြန်မာနေရှင်လိဂ်ကလပ် ရခိုင်ယူနိုက်တက်အသင်းဟာ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး ကျော်ကိုကို,ကို ခေါ်ယူ စာချုပ်ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့တဲ့၂၀၁၈ ခုနှစ်ကတည်းက ထိုင်းလိဂ်ကလပ် အသင်းတွေမှာ ကျင်လည်ခဲ့တဲ့ ကျော်ကိုကိုဟာ ရခိုင်ယူနိုက်တက်အသင်းနဲ့အတူ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ပြန်လည် ယှဉ်ပြိုင်တော့မှာပါ။
ရန်ကုန်ယူနိုက်တက်အသင်းမှာ ကစားခဲ့တုန်းက မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဆုကို ၂ ကြိမ် ရယူနိုင်ခဲ့တဲ့ ကျော်ကိုကိုဟာ ထိုင်းလိဂ်ကလပ်တွေဖြစ်တဲ့ ချင်းရိုင်ယူနိုက်တက်၊ ဆာမက်ပရာကန်စီးတီး၊ ဆူခိုထိုင်း၊ ချင်းမိုင် ယူနိုက်တက်၊ ဖရေးနဲ့ ရာယောင်းအသင်းတွေမှာ ကစားခဲ့တာဖြစ်ပါတယ်။
ကျော်ကိုကိုဟာ ပြီးခဲ့တဲ့နှစ်က ရှမ်းယူနိုက်တက်အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့ပေမယ့် အဆင်မပြေမှုတွေ ရှိခဲ့တာ ကြောင့် ထိုင်းကလပ် ဖရေးယူနိုက်တက်အသင်းမှာ သွားရောက်ကစားခဲ့တာပါ။

ကျော်ကိုကိုနဲ့ ရခိုင်ယူနိုက်တက်အသင်း စာချုပ်ချုပ်နေစဉ်
ကျော်ကိုကိုဟာ မကြာသေးခင်က မြန်မာလက်ရွေးစင်အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ပါဝင်ခဲ့ပြီးနောက် ရခိုင်ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ ဖြစ်လာခဲ့ပါတယ်။
ကျော်ကိုကိုက "ဒီနှစ် ရခိုင်ယူနိုက်တက်အသင်းရဲ့ စုဖွဲ့ပြင်ဆင်အားကောင်းမှု၊ နည်းပြအဖွဲ့ကျစ်လစ် အားကောင်း မှု၊ အသင်းရဲ့ ရည်ရွယ်ချက် ရည်မှန်းချက် ကောင်းမွန်မှု၊ အသင်းပိုင်ရှင်ရဲ့ မြန်မာဘောလုံးလောက ပြန်လည်ဦးမော့ လာရေး စွမ်းစွမ်းတမံ ကြိုးစားအားထုတ်နေမှုတွေကို လေ့လာသုံးသပ်ပြီး ငွေကြေးကို အဓိကမထားပဲ ဒီအသင်း ကို ရွေးချယ်ခဲ့တာလို့"ပြောခဲ့ပါတယ်။
ရခိုင်ယူနိုက်တက်အသင်းဟာ မြန်မာ့လက်ရွေးစင် နောက်ခံလူ သီဟထက်အောင်ကိုလည်း ၃ လစာချုပ်နဲ့ ခေါ်ယူခဲ့ တယ်လို့ ကြေညာခဲ့တာပါ။
ရခိုင်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ အဆင့် ၈ နေရာနဲ့ ရာသီအဆုံးသတ် နိုင်ခဲ့တာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 778
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၈
ဘရာဇီးလ်နဲ့ ဘာစီလိုနာအသင်း နောက်ခံလူဟောင်း ဒန်နီအဲလ်ဗက်စ်က ၂၀၂၂ ခုနှစ်က ဘာစီလိုနာရှိ နိုက်ကလပ် တစ်ခုမှာ အမျိုးသမီးတစ်ဦးကို နှစ်ဦးသဘောတူ လိင်ဆက်ဆံခဲ့တာသာဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့ခြင်း မရှိဘူးလို့ ဖေဖော်ဝါရီ ၇ ရက်က ရုံးချိန်းမှာ ပြောကြားခဲ့ပါတယ်။
အသက် ၄၀ နှစ်အရွယ်ရှိ ဒန်နီအဲလ်ဗက်စ်ဟာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုစွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ကတည်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး သူဟာ အာမခံမရရှိဘဲ ထောင်ထဲမှာသာ ရှိနေခဲ့တာပါ။
ဒန်နီအဲလ်ဗက်စ်က ဒီဖြစ်စဉ်မှာ အမျိုးသမီးအနေနဲ့ သူမဘက်က အလိုမရှိရင် ထွက်ခွာသွားနိုင်တယ်လို့ ဘာစီလိုနာ တရားရုံးကို ပြောခဲ့ပြီး သူဟာ ရက်စက်ကြမ်းကြုတ်တဲ့သူ မဟုတ်ဘူးလို့လည်း ထပ်ပြီးပြောခဲ့ပါတယ်။
အစိုးရရှေ့နေတွေက ဒန်နီအဲလ်ဗက်စ်ကို ထောင်ဒဏ် ၉ နှစ် ချမှတ်ဖို့နဲ့ နစ်နာကြေး အများအပြားပေးဖို့ တောင်းဆိုထားတာပါ။
ဘရာဇီးလ် ကစားသမားဟောင်းကို စွပ်စွဲထားတဲ့ဘက်ကတော့ ဒန်နီအဲလ်ဗက်စ်ဟာ သူမကို ဘာစီလိုနာ နိုက်ကလပ်ရဲ့ VIP အခန်းရှိ အိမ်သာထဲကို ခေါ်ဆောင်သွားခဲ့ပြီး အတင်းအကြပ် လိင်ဆက်ဆံခဲ့တယ်လို့ တရားရုံး ကို ထွက်ဆိုထားတာ ဖြစ်ပါတယ်။

ဒန်နီအဲလ်ဗက်စ်ကို တွေ့ရစဉ်
ဒန်နီအဲလ်ဗက်စ်က သူ့ရဲ့မိနစ် ၂၀ ထွက်ဆိုချက်အတွင်းမှာ “သူမ ထွက်ခွာသွားချင်ရင် ထွက်ခွာသွားလို့ရပါတယ်။ သူမ ဒီနေရာမှာ ရှိနေစရာမရှိဘူး”လို့ ပြောခဲ့တာပါ။
ဒန်နီအဲလ်ဗက်စ်ဟာ အစောပိုင်းက သူ့ကို စွပ်စွဲတဲ့သူကို မသိရှိကြောင်း ငြင်းဆန်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ နှစ်ဦးသဘောတူ လိင်ဆက်ဆံခဲ့တယ်လို့ ဝန်ခံခဲ့တာ ဖြစ်ပါတယ်။
စပိန်နိုင်ငံမှာ ဒီအမှုအတွက် ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် ဒန်နီအဲလ်ဗက်စ်ဟာ ထောင်ဒဏ် ၄ နှစ်ကနေ ၁၅ နှစ်အထိ ချမှတ်ခံရနိုင်တာပါ။
ဒီအမှုကို ရက်သတ္တပတ် များစွာအတွင်းမှာ စီရင်ချက်ချမယ်လို့ မျှော်လင့်ရပါတယ်။ ဒန်နီအဲလ်ဗက်စ်ကို ပြီးခဲ့တဲ့ သြဂုတ်လက တရားဝင် စွဲချက်တင်ခဲ့ပြီး နောက်ပိုင်းမှာ တရားရုံးက သူ့ကို ရုံးတင်စစ်ဆေးဖို့ လုံလောက်တဲ့ အထောက်အထားရှိတယ်လို့ ဆုံးဖြတ်ခဲ့တာပါ။
ဒန်နီအဲလ်ဗက်စ်ဟာ ထိပ်တန်း အသင်းကြီးတွေဖြစ်တဲ့ ဘာစီလိုနာ ၊ပီအက်စ်ဂျီ၊ ဂျူဗင်တပ်စ် အသင်းတွေမှာ ကစားခဲ့ပြီး ဆုဖလားအောင်မြင်မှု အများအပြားရရှိခဲ့ကာ နောက်ဆုံးကစားခဲ့တဲ့ အသင်းကတော့ မက္ကဆီကိုကလပ် ပူးမက်စ် UNAM အသင်းဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 836
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၈
လက်ရှိချန်ပီယံ ကာတာအသင်းဟာ အာရှဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အီရန်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ကာကွယ်ဖို့အတွက် ဗိုလ်လုပွဲကို တက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီပွဲမှာ အီရန်အသင်းဟာ အက်ဇ်မွန်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဂျာဆမ်ဂါဘာနဲ့ အဖစ်တို့က ကာတာ အသင်းအတွက် ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေကို ပြန်သွင်းယူနိုင်ခဲ့တာပါ။
ဒုတိယပိုင်းမှာ ဂျာဟန်ဘက်ရှ်က အီရန်အသင်းအတွက် ပင်နယ်တီကနေ ချေပဂိုး ပြန်သွင်းယူခဲ့တာကြောင့် တစ်ဖက် ၂ ဂိုးစီ သရေကျနေပြီး ပွဲက အကြိတ်အနယ်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပွဲချိန် ၈၂ မိနစ်မှာ ကာတာအသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို အမို့ဇ်အလီက သွင်းယူသွားခဲ့တာပါ။
အဲ့ဒါကြောင့် ကာတာအသင်းဟာ အာရှဖလားဗိုလ်လုပွဲကို တက်နိုင်ခဲ့ပြီး ဗိုလ်လုပွဲအဖြစ် ဂျော်ဒန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ကာတာအသင်းဟာ ၂၀၀၀ နဲ့ ၂၀၀၄ အာရှဖလားပြိုင်ပွဲတွေမှာ ချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ ဂျပန်အသင်း နောက်ပိုင်း အာရှဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ၂ ကြိမ်ဆက် ရယူနိုင်တဲ့ ပထမဆုံးအသင်းဖြစ်လာဖို့ ပစ်မှတ်ထားနေတာပါ။

ဂျော်ဒန်အသင်း အောင်ပွဲခံနေစဉ်
အီရန်အသင်းကတော့ ၁၉၇၆ ပြိုင်ပွဲမှာ ချန်ပီယံဆုရယူပြီးနောက် ပထမဆုံးအကြိမ် အာရှဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲ တက်နိုင်မယ့် မျှော်လင့်ချက်ကို အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။
ကာတာအသင်းရဲ့ စပိန်လူမျိုးနည်းပြ လိုပက်ဇ်က ချန်ပီယံဆုကို ကာကွယ်ရမယ့် နောက်ဆုံးအဆင့်ကို ဖြတ်ကျော်နိုင်ဖို့ အကောင်းဆုံး လုပ်ဆောင်သွားမယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
လိုပက်ဇ်က “ပထမဆုံးအနေနဲ့ ကာတာနိုင်ငံ၊ ကာတာပြည်သူတွေ၊ ပရိသတ်တွေနဲ့ ကစားသမားတွေအတွက် ကျနော် အလွန်ပျော်ရွှင်ပါတယ်။ ဒီပွဲက အလွန်ရှုပ်ထွေးခဲ့ပေမယ့် ပွဲကြီးပွဲကောင်း တစ်ပွဲကို ကစားခဲ့ရပါတယ်။ အခုတော့ ကျနော်တို့ဟာ ချန်ပီယံဆုကို ကာကွယ်ဖို့ နောက်ဆုံး အဆင့်တစ်ခုကို ဖြတ်ကျော်ဖို့ ကျန်ရှိနေပါသေး တယ်။ ဒီနေ့မှာ ကျနော်တို့ဟာ နိုင်ပွဲအတွက် အောင်ပွဲခံသွားမှာဖြစ်ပြီး မနက်ဖြန်မှာ ဗိုလ်လုပွဲအတွက် ပြင်ဆင် သွားမယ်”လို့ ပြောကြားခဲ့ပါတယ်။
ကာတာနဲ့ ဂျော်ဒန်အသင်းတို့ရဲ့ ၂၀၂၃ အာရှဖလားပြိုင်ပွဲဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၁၀ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 711
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၈
ချယ်လ်ဆီးအသင်းဟာ FA ဖလား စတုတ္တအဆင့် ပြန်ကန်ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းကို အနိုင်ရခဲ့ပြီးနောက် နည်းပြပိုချက်တီနိုက အသင်းဟာ စည်းလုံးမှုရှိကြောင်း ပြသနိုင်ခဲ့တယ်လို့ ပြောလိုက်ပါတယ်။
ပိုချက်တီနိုက “ကျနော်တို့အားလုံး အတူတကွရှိခဲ့ကြပြီး ကစားသမားတွေဟာ ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ် လပ်နဲ့ ဘောလုံးကစားတာကို ကျနော်မြင်တွေ့ခဲ့ရပါတယ်။ ဒါဟာ အရေးကြီးပြီး ကျနော်တို့အားလုံး စည်းလုံးမှုရှိခဲ့ ကြပါတယ်။ ကျနော်တို့ဟာ အချင်းချင်း တိုက်ပွဲဝင်ခဲ့ကြသလို အသင်းပရိသတ်တွေအတွက်၊ အသင်းရဲ့ တံဆိပ် အတွက်နဲ့ နည်းပြအဖွဲ့ဝင်တွေအတွက် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဒါက ကျနော်တို့ လိုအပ်နေတဲ့ ချိတ်ဆက်မှုဖြစ်ပြီး အခုစိန်ခေါ်မှုက တသမတ်တည်းဖြစ်ဖို့ပါ”လို့ ပြောကြားခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ FA ဖလား စတုတ္ထအဆင့် ပြန်ကန်ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ပဉ္စမအဆင့်ကို တက်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာ ချယ်လ်ဆီးအသင်းအတွက် ဂိုးတွေကို ဂါလက်ဂါ၊ ဂျက်ဆန်နဲ့ အန်ဇိုဖာနန်ဒက်ဇ်တို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းနဲ့ အက်စတွန်ဗီလာ ယှဉ်ပြိုင်နေစဉ်
အက်စတွန်ဗီလာအသင်းကို အနိုင်ရခဲ့တာကြောင့် ချယ်လ်ဆီးအသင်းဟာ ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်ခဲ့သလို နည်းပြ ပိုချက်တီနို အတွက်လည်း ဖိအားအနည်းငယ် လျော့သွားခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ FA ဖလား ပဉ္စမအဆင့်ပွဲစဉ်မှာတော့ ချန်ပီယံရှစ်ကလပ် လိဒ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အက်စတွန်ဗီလာ အသင်းနည်းပြ အူနှိုင်းအမ်မရီက ဒီပွဲရှုံးနိမ့်မှုကို လက်ခံကာ ယူနိုက်တက်အသင်းနဲ့ ကစားရမယ့် ပွဲစဉ်ကို အာရုံစိုက်ပြီး ပြင်ဆင်သွားရမယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
အူနှိုင်းအမ်မရီက “ချယ်လ်ဆီးအသင်းကို ဂုဏ်ပြုချင်ပါတယ်။ ကျနော်တို့ဟာ စိတ်လှုပ်ရှားနေခဲ့ပြီး သူတို့ဟာ အဆုံးသတ်ပိုင်း ကောင်းမွန်ခဲ့ပါတယ်။ ကျနော်တို့ဟာ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပေမယ့် သူတို့ရဲ့ ကစားသမား တွေနဲ့ ယှဉ်ရင် စွမ်းဆောင်ရည်ပိုင်းမှာ အားနည်းခဲ့ပါတယ်။ ဒါကြောင့် ဒီပွဲရှုံးနိမ့်မှုကို လက်ခံပြီး လာမယ့် ယူနိုက်တက်နဲ့ပွဲစဉ်ကို အာရုံစိုက်သွားရမယ်”လို့ ပြောကြားခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
Source: Daily Mail
