CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၃

အင်တာမီလန်အသင်းဟာ မြို့ခံပြိုင်ဘက် အေစီမီလန်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ယူပြီး စီးရီးအေဖလားကို အကြိမ် ၂၀ မြောက် ရရှိသွားခဲ့ပါတယ်။

ဒီရာသီ စီးရီးအေပြိုင်ပွဲပြီးဆုံးဖို့ ၅ ပွဲ ကျန်ရှိနေသေးပေမယ့် အင်တာမီလန်အသင်းဟာ အဆင့် ၂ နေရာက အေစီမီလန်အသင်းကို ၁၇ မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာကြောင့် ရာသီမကုန်ခင်မှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ တာပါ။ 

ဒီပွဲမှာ အင်တာမီလန် အသင်းအတွက် ဂိုးတွေကို အေချာဘီနဲ့ သူရမ်တို့က သွင်းယူခဲ့တာဖြစ်ပြီး အေစီမီလန် အသင်းအတွက် ချေပဂိုးကို တိုမိုရီက သွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

မီလန်ဒါဘီပွဲစဉ် ဖြစ်တာကြောင့် ပွဲကြမ်းတစ်ပွဲဖြစ်ခဲ့ပြီး နာကျင်အချိန်ပိုမှာ အေစီမီလန်အသင်းက ဟာနန်ဒက်ဇ်နဲ့ ကာလာဘရီယာ၊ အင်တာမီလန်အသင်းက ဒွန်ဖရိုင်းစ်တို့ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။

အင်တာမီလန်အသင်းဟာ စီးရီးအေချန်ပီယံဆုကို အကြိမ် ၂၀ မြောက် ရရှိခဲ့တာကြောင့် လာမယ့်ရာသီကစပြီး ရင်ဘတ်တံဆိပ်မှာ ကြယ်တစ်လုံး ထပ်တိုး ဝတ်ဆင်လာတော့မှာ ဖြစ်ပါတယ်။ 

အင်တာမီလန်အသင်း စီးရီးအေဖလားရရှိလို့ အောင်ပွဲခံနေကြစဉ်

အင်တာမီလန်အသင်းဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာက ဆက်ဆူအိုလိုအသင်းကို အရေးနိမ့်ပြီးနောက်ပိုင်း စီးရီးအေ ပြိုင်ပွဲမှာ ၂၇ ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့တာပါ။ 

စီးရီးအေပွဲစဉ် ၃၃ ပွဲ ကစားအပြီးမှာ အင်တာမီလန်အသင်းဟာ ၇၉ ဂိုး သွင်းယူထားပြီး ပေးဂိုး ၁၈ ဂိုးသာ ပေးခဲ့ရတာ ဖြစ်ပါတယ်။

အင်တာမီလန် အသင်းခေါင်းဆောင် လောတရိုမာတီနက်ဇ်က “ကျနော်တို့ဟာ အလုပ်ကို ကြိုးကြိုးစားစား လုပ်ခဲ့တာကြောင့် ဒီလိုအောင်ပွဲခံမှုမျိုးနဲ့ ထိုက်တန်ပါတယ်။ ဒါက အံ့သြစရာကောင်းပေမယ့် ကျနော်တို့ ဆက်သွားရမှာပါ။ ကျနော်တို့ဟာ ဆုဖလားတွေ အများကြီး ရယူထားနိုင်ခဲ့ပေမယ့် နောက်ထပ် အများကြီး ရယူချင်ပါတယ် “လို့ ပြောပါတယ်။

လောတရိုမာတီနက်ဇ်ဟာ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ အင်တာမီလန် အသင်းအတွက် ၂၃ ဂိုး သွင်းယူထားပြီး ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ဦးဆောင်နေတာ ဖြစ်ပါတယ်။

စီးရီးအေပြိုင်ပွဲမှာ ဂျူဗင်တပ်စ်အသင်းက ချန်ပီယံဆုကို ၃၆ ကြိမ် ရရှိထားပြီး အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေကာ အင်တာမီလန်အသင်းက အကြိမ် ၂၀ နဲ့ ဒုတိယ၊ အေစီမီလန်အသင်းက ၁၉ ကြိမ်နဲ့ တတိယ နေရာမှာ ရပ်တည်နေတာပါ။

အင်တာမီလန်အသင်းဟာ ဒီတစ်ပတ် စီးရီးအေပွဲစဉ်အဖြစ် တိုရီနိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: BBC