CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၅

တောင်ကိုရီးယားကလပ် FC ဆိုးလ်အသင်းမှာ ကစားနေတဲ့ လင်ဂတ်ဟာ ဒူးခွဲစိတ် ကုသမှုခံယူပြီး ၁၂ ရက်အကြာ မှာ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နေပြီ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်း ကစားသမားဟောင်း လင်ဂတ်ဟာ အခုလ အစောပိုင်းက ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက် ဆေးရုံကုတင်ပေါ်မှာ ရိုက်ကူးထားတဲ့ပုံကို သူ့ရဲ့ အင်စတာဂရမ်မှာ တင်ထားခဲ့တာပါ။ 

ဒီပုံကိုတင်ပြီး ၁၂ ရက် အကြာမှာပဲ လင်ဂတ်ဟာ ဘောလုံးနဲ့အတူ ကွင်းထဲမှာ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်ခဲ့ တာ ဖြစ်ပါတယ်။ 

နော်တင်ဟမ်ဖောရက်စ် အသင်းကနေ ထွက်ခွာခဲ့တဲ့ ပြီးခဲ့တဲ့ ရာသီကုန်ကတည်းက အသင်းလက်မဲ့ ဖြစ်နေခဲ့တဲ့ လင်ဂတ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ FC ဆိုးလ်အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။

လင်ဂတ်ဟာ FC ဆိုးလ်အသင်းအတွက် လူစားဝင်အဖြစ် ၃ ပွဲသာပါဝင် ကစားထားရပြီး ဂိုးသွင်း၊ ဂိုးဖန်တီးမှုလည်း ပြုလုပ်နိုင်ခြင်း မရှိသေးပါဘူး။

လင်ဂတ်ကို တွေ့ရစဉ်

လင်ဂတ်ဟာ လူစားဝင်ကစားတဲ့ အချိန်တွေမှာ ကြိုးစားအားထုတ်မှုမရှိလို့ FC ဆိုးလ်နည်းပြရဲ့ ဝေဖန်ခြင်းကို လည်း ခံထားရတာပါ။

လင်ဂတ်ဟာ လက်ရှိအချိန်မှာ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နေပေမယ့် နည်းပြကတော့ ကစားသမားဟာ ကြံ့ခိုင်မှုအပြည့်အဝ ပြန်လည်ရရှိဖို့ ၁ လကြာ အနားယူရဦးမယ်လို့ ပြောထားပါတယ်။

လင်ဂတ်ဟာ FC ဆိုးလ်အသင်းနဲ့ ၂ နှစ် စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၁၇,၅၀၀ သာရရှိကာ ယူနိုက်တက်အသင်းမှာ ကစားခဲ့ချိန်တုန်းက တစ်ပတ်လုပ်ခပေါင် ၁၀၀,၀၀၀ ရရှိတာကြောင့် အဆပေါင်းများစွာ ကွာဟနေတာပါ။ 

FC ဆိုးလ်အသင်းဟာ ဒီရာသီ ကေလိဂ်ပွဲစဉ် ၈ ပွဲ ကစားအပြီးမှာ ရမှတ် ၉ မှတ်နဲ့ အဆင့် ၇ နေရာမှာ ရပ်တည် နေတာ ဖြစ်ပါတယ်။ 

Source: Thesun