CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၄

ယူနိုက်တက်နဲ့ မန်စီးတီးအသင်းတိုက်စစ်မှူးဟောင်း တီဗက်ဇ်ဟာ ရင်ဘတ်အောင့်ဝေဒနာကြောင့် ဗျူနိုအေးရိစ်ရှိ ဆေးရုံကိုတင်ခဲ့ရပြီး ဆေးစစ်မှုပြုလုပ်တာခံနေရတာဖြစ်ပါတယ်။

အသက် ၄၀ နှစ်အရွယ်ရှိ တီဗက်ဇ်ဟာ လက်ရှိအချိန်မှာ သူ့ရဲ့မွေးရပ်မြေကလပ်ဖြစ်တဲ့ အင်ဒီပန်ဒီယန်တီ အသင်းကို ကိုင်တွယ်နေတာပါ။

တီဗက်ဇ်ဟာ ရင်ဘတ်အောင့်ဝေဒနာကြောင့် ပြီးခဲ့တဲ့ အင်္ဂါနေ့ညက ဆေးရုံ မှာနေခဲ့သလို နောက်ထပ်ဆေးစစ်မှုပြုလုပ်တာခံယူဖို့ ဆက်နေရဦးမှာဖြစ်တယ်လို့ အင်ဒီပန်ဒီယန်တီအသင်းက အတည်ပြုထားပါတယ်။ 

တီဗက်ဇ်ဟာ အင်ဒီပန်ဒီယန်တီအသင်းကို ၂၀၂၃ ခုနှစ်က စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ကိုင်တွယ်ထားတဲ့ ၂၉ ပွဲမှာ ၁၃ ပွဲအနိုင်ရအောင် စွမ်းဆောင်ပေးထားတာပါ။

တီဗက်ဇ်ဟာ အင်ဒီပန်ဒီယန်တီအသင်းကို မကိုင်တွယ်ခင် အာဂျင်တီးနားကလပ်အသင်းဖြစ်တဲ့ ရိုဆာရီယို အသင်းကို ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။ 

အာဂျင်တီးနားကစားသမားဟောင်းဟာ ကစားသမားဘဝမှာ အောင်မြင်မှုအများအပြားရယူနိုင်ခဲ့ပေမယ့် နည်းပြဘဝမှာတော့ အောင်မြင်မှုမရရှိသေးတာပါ။

တီဗက်ဇ်ဟာ ယူနိုက်တက်နဲ့ မန်စီးတီးအသင်းအပြင် ဝက်စ်ဟမ်း၊ဂျူဗင်တပ်စ်၊ရှန်ဟိုင်းရှန်ဟွာ၊ကိုရင်သီယန်နဲ့ ဘိုကာ ဂျူနီယာအသင်းတွေမှာ ကစားခဲ့တာဖြစ်ပါတယ်။

တီဗက်ဇ်ဟာ ကစားသမားဘဝမှာ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ချန်ပီယံလိဂ်ဖလား ၁ ကြိမ်၊စီးရီးအေဖလား ၂ ကြိမ်အပါအဝင် ဆုဖလားအများအပြားရယူနိုင်ခဲ့တာပါ။ 

တီဗက်ဇ်ဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ၇၆ ပွဲကစားပြီး ၁၃ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ 

အသက် ၄၀ နှစ်အရွယ်ရှိ ကစားသမားဟောင်းဟာ အာဂျင်တီးနား အိုလံပစ်အသင်းနဲ့ ၂၀၀၄ အေသင်အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ရယူနိုင်ခဲ့တာပါ။

တီဗက်ဇ်ကိုင်တွယ်နေတဲ့ အင်ဒီပန်ဒီယန်တီအသင်းဟာ နောက်ဆုံးကစားထားတဲ့ ၄ ပွဲစလုံးရှုံးပွဲမရှိဘဲ ၂ ပွဲနိုင် ၂ ပွဲသရေရလဒ်ထွက်ပေါ်ထားတာဖြစ်ပါတယ်။

Source:Metro