CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၆

ကနေဒါအသင်းဟာ နည်းပြရာထူးအတွက် ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်း မရှိသေးတဲ့ ဂျက်ဆီမာ့ရှ်နဲ ဆိုးလ်ရှားတို့ကို စာရင်းထဲ ထည့်သွင်းထားတာ တွေ့ရပါတယ်။

The Standard က ကနေဒါဘောလုံးအဖွဲ့ချုပ်ဟာ လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် ဂျက်ဆီမာ့ရှ်နဲ့ ဆိုးလ်ရှားတို့ နှစ်ဦးစလုံးကို ချဉ်းကပ်မှု ပြုလုပ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ၂၀၂၁ ခုနှစ်ကတည်းက ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်း မရှိသေးတာ ဖြစ်ပါတယ်။ 

ဆိုးလ်ရှားဟာ နိုင်ငံနဲ့ ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပေမယ့် နည်းပြလောကထဲကို ပြန်လည် ဝင်ရောက်ခြင်း မရှိသေးပါဘူး။

ဂျက်ဆီမာ့ရှ်ကတော့ လိဒ်စ်အသင်းကနေ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီက ထုတ်ပယ်ခံထားရပြီး အခုထိ ဘယ်အသင်း ကိုမှ ကိုင်တွယ်ရခြင်း မရှိသေးပါဘူး။ 

အဲဒါကြောင့်လည်း သူတို့နှစ်ဦးဟာ ကနေဒါအသင်း နည်းပြသစ် စာရင်းထဲမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ 

ဂျက်ဆီမာ့ရှ်နဲ့ ဆိုးလ်ရှားတို့ နှစ်ဦးအပြင် ကနေဒါအသင်း နည်းပြသစ် စာရင်းထဲမှာ ပေါလ်ကလီးမန့်နဲ့ ကာရန်ကာ တို့လည်း ပါဝင်နေပါတယ်။

ကနေဒါအသင်း ကစားသမားကိုတွေ့ရစဉ်

ကနေဒါအသင်းကို နှစ်ပေါင်း ၃၆ နှစ်အကြာမှ ပထမဆုံးအကြိမ်အဖြစ် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိအောင် ကိုင်တွယ်ပေးခဲ့တဲ့ နည်းပြ ဟာ့ဒ်မန်းဟာ လက်ရွေးစင်အသင်းက ထွက်ခွာပြီး မေဂျာလိဂ်ကလပ် တိုရွန်တိုအသင်းကို ကိုင်တွယ်နေတာ ဖြစ်ပါတယ်။

ကနေဒါဘောလုံးအဖွဲ့ချုပ်ဟာ ဖရန့်လမ်းပတ်နဲ့ မော်ရင်ဟိုတို့ကို နည်းပြရာထူးအတွက် အင်တာဗျူးပြုလုပ်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် နှစ်ဦးစလုံးက ပယ်ချခဲ့တာပါ။

ကနေဒါနိုင်ငံဟာ အမေရိကန်၊ မက္ကဆီကို နိုင်ငံတို့နဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမှာဖြစ်လို့ နိုင်ငံအသင်း အောင်မြင်မှုရယူနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ဒီပြိုင်ပွဲမတိုင်ခင် အသင်းကို အကောင်းဆုံး တည်ဆောက်နိုင်ဖို့ နည်းပြသစ် ရှာဖွေမှုတွေ ပြုလုပ်နေတာပါ။

ကနေဒါအသင်းဟာ နွေရာသီမှာ ကိုပါအမေရိကဖလားပြိုင်ပွဲ ယှဉ်ပြိုင်ဖို့ ရှိနေပြီး လက်ရှိချန်ပီယံ အာဂျင်တီးနား၊ ပီရူး၊ ချီလီအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။

Source: Goal