CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၁၄

ကနေဒါဘောလုံးအဖွဲ့ချုပ်ဟာ ကနေဒါအမျိုးသား လက်ရွေးစင်အသင်း နည်းပြသစ်အဖြစ် လိဒ်စ်ယူနိုက်တက် အသင်း နည်းပြဟောင်း ဂျက်ဆီမာ့ရှ်ကို ခန့်အပ်လိုက်ပါတယ်။

ဂျက်ဆီမာ့ရှ်ဟာ လိဒ်စ်အသင်းကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်း မရှိသေးတာပါ။

 ဂျက်ဆီမာ့ရှ်ဟာ သူ့ရဲ့နည်းပြ အဖွဲ့ဝင်တွေနဲ့အတူ လာမယ့် ရက်သတ္တပတ်ထဲမှာ ကနေဒါအသင်း နည်းပြရာထူးကို စတင်ပြီး တာဝန်ယူတော့မှာ ဖြစ်ပါတယ်။ 

ကနေဒါဘောလုံးအဖွဲ့ချုပ်ဟာ နည်းပြ ဂျွန်ဟာ့ဒ်မန်း ရာထူးက နုတ်ထွက်ပြီးကတည်းက နည်းပြသစ် ရှာဖွေနေ တာဖြစ်ပြီး ဂျက်ဆီမာ့ရှ်ကို မခန့်အပ်ခင်က ဘီရယ်လ်လိုက ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့ရတာပါ။

ဂျက်ဆီမာ့ရှ်ဟာ ကနေဒါအသင်းနည်းပြဘဝ ပထမဆုံးပြိုင်ပွဲအဖြစ် အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် ကိုပါအမေရိကဖလားပြိုင်ပွဲကို စတင်ပြီး တာဝန်ယူရမှာ ဖြစ်ပါတယ်။ 

ကနေဒါအသင်းဟာ ကိုပါအမေရိကဖလား ပြိုင်ပွဲမတိုင်ခင်မှာ နယ်သာလန်၊ ပြင်သစ်အသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ဖို့ စီစဉ်ထားတာပါ။ 

ဂျက်ဆီမာ့ရှ်ကို တွေ့ရစဉ်

ဇွန်လ ၂၀ ရက်ကနေ ဇူလိုင် ၁၄ ရက်အထိ ကျင်းပမယ့် ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ကနေဒါအသင်းဟာ လက်ရှိချန်ပီယံ အာဂျင်တီးနား၊ ပီရူး၊ ချီလီအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။

လိဒ်စ်အသင်းကို မကိုင်တွယ်ခင်က ဆဲလ်ဘတ်နဲ့ လိုက်ပ်ဇစ်အသင်းတို့ကို ကိုင်တွယ်ခဲ့တဲ့ ဂျက်ဆီမာ့ရှ်ဟာ အမေရိကန်၊ မက္ကဆီကိုတို့နဲ့အတူ ကနေဒါနိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို မျက်စိကြနေတာပါ။

ဂျက်ဆီမာ့ရှ်က သူ့ရဲ့အဓိက ရည်ရွယ်ချက်ဟာ ကနေဒါမှာရှိတဲ့ ဘောလုံး အသိုက်အဝန်းကို ကွင်းထဲမှာရော ကွင်းပြင်ပမှာပါ အောင်မြင်မှုရရှိအောင် ပံ့ပိုးပေးသွားဖို့ ဖြစ်တယ်လို့ အင်တာဗျူးမှာ ပြောထားပါတယ်။

ကမ္ဘာ့အဆင့် ၄၉ နေရာမှာ ရပ်တည်နေတဲ့ ကနေဒါအသင်းဟာ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်က ဖြတ်ကျော်နိုင်ဖို့ ပစ်မှတ်ထားနေတာပါ။ 

ကနေဒါအသင်းဟာ ဒီပြိုင်ပွဲရဲ့ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အာဂျင်တီးနားအသင်းနဲ့ ဇွန်လ ၂၀ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Source: BBC