CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၃

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက အက်ဘာအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ဟက်ထရစ်ဂိုး သွင်းယူနိုင်ပြီး နောက် ဒီရာသီဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ၂ ပွဲဆက်တိုက် ဟက်ထရစ်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းက အက်ဘာအသင်းကို ၈ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ ရော်နယ်ဒိုဟာ ပွဲချိန် ၄၂ မိနစ်အတွင်း ဟက်ထရစ်သွင်းယူနိုင်ခဲ့တာပါ။ အသက် ၃၉ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ဒီပွဲမှာ ပြစ်ဒဏ်ဘောကနေ ၂ ဂိုးသွင်းယူခဲ့တာဖြစ်ပြီး သူ့ရဲ့ ကစားသမားဘဝမှာ ပြစ်ဒဏ်ဘောကနေ တိုက်ရိုက် သွင်းယူတဲ့ ဂိုးအရေအတွက်ဟာ ၆၃ ဂိုးအထိရှိလာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဒီပွဲမှာသွင်းယူခဲ့တဲ့ ဟက်ထရစ် ဂိုးဟာ ရော်နယ်ဒိုအတွက် ကစားသမားဘဝမှာ သွင်းယူနိုင်ခဲ့တဲ့ ၆၅ ကြိမ်မြောက် ဟက်ထရစ်လည်း ဖြစ်လာ ခဲ့တာပါ။

အက်ဘာအသင်းနဲ့ပွဲမှာ ဟက်ထရစ်ဂိုးအပြင် ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်ခဲ့တဲ့ ရော်နယ်ဒိုကို အယ်လ်နာဆာ အသင်းဟာ ပထမပိုင်းအပြီးမှာ လူစားလဲအနားပေးခဲ့တာဖြစ်ပါတယ်။ 

ရော်နယ်ဒိုဟာ ဒီပွဲမှာ သွင်းယူခဲ့တဲ့ ဟက်ထရစ်ဂိုးကြောင့် ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၂၉ ဂိုးအထိ ရှိလာခဲ့ပြီး ဒုတိယနေရာက အယ်လ်ဟီလယ်အသင်းတိုက်စစ်မှူး မီထရိုဗစ်ကို ၇ ဂိုးအသာရရှိကာ ဦးဆောင်နေတာပါ။ မီထရိုဗစ်ဟာ ဒဏ်ရာကြောင့် ဒီရာသီလက်ကျန်ပွဲစဉ်တွေမှာ အယ်လ်ဟီလယ်အသင်းအတွက် ပါဝင်နိုင်တော့မှာမဟုတ်လို့ ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲရဲ့ရွှေဖိနပ်ဆုကို ရရှိဖို့ သေချာသွားပြီလည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ ဂိုးသွင်းပြီး အောင်ပွဲခံနေတဲ့ပုံတွေနဲ့အတူ သူတို့ အရှိန်လျှော့သွားမှာမဟုတ်ဘူးလို့ ဆိုရှယ် မီဒီယာမှာ ရေးသားခဲ့တာပါ။ 

မကြာသေးခင်ကမှ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲရဲ့ မတ်လအတွက် အကောင်းဆုံး ကစားသမားဆု ရရှိထားတဲ့ ရော်နယ်ဒိုဟာ ဒီရာသီမှာ အယ်လ်နာဆာအသင်းအတွက် ၄၁ ပွဲ ကစားထားပြီး ၄၂ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ အယ်လ်နာဆာအသင်းဟာ ဧပြီ ၆ ရက်မှာ ဆော်ဒီပရိုလိဂ်ပွဲစဉ်အဖြစ် ဒါမက် အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

အယ်လ်နာဆာအသင်းဟာ ဒီပွဲအပြီး ဧပြီ ၉ ရက်မှာ ဆော်ဒီစူပါဖလားဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အယ်လ်ဟီလယ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:ESPN