CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂

အာဆင်နယ်အသင်းက ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ခံနေရတဲ့ တိုက်စစ်မှူး အိုင်ဆက်ခ်ကို နွေရာသီမှာ ရောင်းချသွားမှာ မဟုတ်ဘူးလို့ နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟိုဝီက ပြောခဲ့ပါတယ်။

အက်ဒီဟိုဝီက “သူဟာ ထူးချွန်တဲ့ အရည်အသွေးရှိတဲ့သူဖြစ်ပြီး နယူးကာဆယ်အသင်းမှာ ရှိနေတဲ့ ဘယ်သူကမှ သူ့ကို နွေရာသီမှာ အဆုံးရှုံးခံချင်မှာ မဟုတ်ပါဘူး။ ဝက်စ်ဟမ်းနဲ့ပွဲမှာ သူဟာ အလွန်ကောင်းမွန်စွာ ကစားနိုင်ခဲ့ တယ်လို့ ထင်ပါတယ်။ ကစားကွက်ကနေ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ပင်နယ်တီ ၂ လုံးစလုံး ကောင်းမွန်ခဲ့ပြီး သူ့ရဲ့ ကစားပုံကလည်း ကောင်းမွန်ခဲ့တယ်”လို့ ပြောခဲ့တာပါ။

လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အိုင်ဆက်ခ်ကို ခေါ်ယူဖို့ အာဆင်နယ်အသင်း အပါအဝင် အသင်းကြီး တချို့က စိတ်ဝင်စားမှုတွေရှိနေတာ ဖြစ်ပါတယ်။ 

သတင်းတွေမှာတော့ အာဆင်နယ်နဲ့ စပါးအသင်းတို့ဟာ အိုင်ဆက်ခ်ကို ပေါင်သန်း ၁၀၀ နဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်လာဖို့ ရှိနေတယ်လို့ ဖော်ပြထားတာပါ။ 

အိုင်ဆက်ခ်ကို တွေ့ရစဉ်

နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟိုဝီက အိုင်ဆက်ခ်ကို ရောင်းချမှာ မဟုတ်ဘူးလို့ ပြောခဲ့ပေမယ့် အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးချိုးဖောက်မှုကို ရှောင်ရှားနိုင်ဖို့အတွက် ကစားသမားအချို့ကို ရောင်းချဖို့ လိုအပ် နေတာပါ။

ဆွီဒင်တိုက်စစ်မှူး အိုင်ဆက်ခ်ဟာ ဒီရာသီမှာ နယူးကာဆယ် အသင်းအတွက် ပရီးမီးယားလိဂ် ၂၁ ပွဲ ပါဝင် ကစားထားအပြီးမှာ ၁၄ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ 

၂၀၂၂ ခုနှစ်က ဆိုစီဒက်အသင်းကနေ ပေါင်သန်း ၆၀ နဲ့ ရောက်ရှိလာခဲ့တဲ့ အိုင်ဆက်ခ်ဟာ နယူးကာဆယ်အသင်း အတွက် ပြိုင်ပွဲစုံ ၅၈ ပွဲ ပါဝင်ကစားထားအပြီးမှာ ၂၈ ဂိုးသွင်းယူကာ ၄ ဂိုးဖန်တီးထားတာပါ။ 

နယူးကာဆယ်အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ရှိနေတဲ့ အိုင်ဆက်ခ်ဟာ တိုက်စစ်မှူးတင် မဟုတ်ဘဲ တောင်ပံ မှာလည်း ကစားနိုင်တာဖြစ်ပါတယ်။

Source: Metro