- By CNI
- Category: အားကစား
- Hits: 530
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၃
ဘာမင်ဂမ်အသင်းနည်းပြသစ် ဝိန်းရွန်နီက အသင်းကို ပရီးမီးယားလိဂ် ပြိုင်ပွဲဆီ ပြန်လည်ပို့ဆောင်ပေးနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ ပြောလိုက်ပါတယ်။
ဝိန်းရွန်နီက “ကျနော်ဟာ ဘာမင်ဂမ်အသင်းကို အကောင်းဆုံး တည်ဆောက်ပေးချင်ပြီး အသင်းရှိသင့်တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြန်လည် ပို့ဆောင်ပေးချင်ပါတယ်။ ဘာမင်ဂမ်က ကြီးမားတဲ့ကလပ်ပါ။ ကလပ်နဲ့ ကျနော့်ရဲ့ ရည်မှန်းချက်က ဘာမင်ဂမ်ကို ပရီးမီးယားလိဂ်ပြိုင်ပွဲထံ ပြန်ပြီးပို့ဆောင်ပေးဖို့ပါ။ ဒါက စိန်ခေါ်မှုဖြစ်ပြီး ဒီလိုလုပ်ပြနိုင်ဖို့ အခွင့်အရေးရှိပါတယ်”လို့ ပြောပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ ဝိန်းရွန်နီဟာ အင်္ဂလန်ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်အသင်းရဲ့ နည်းပြသစ်အဖြစ် ၃ နှစ်ခွဲ စာချုပ်နဲ့ ခန့်အပ်ခြင်း ခံထားရတာ ဖြစ်ပါတယ်။
ဘာမင်ဂမ်အသင်းဟာ ၁၅ လကြာ ကိုင်တွယ်ခဲ့တဲ့ နည်းပြ ယူစတက်စ်ကို ထုတ်ပယ်ပြီးနောက် အင်္ဂလန်အသင်း ခေါင်းဆောင်ဟောင်းကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

ဘာမင်ဂမ်အသင်းကို တွေ့ရစဉ်
ဝိန်းရွန်နီ အတွက်တော့ ဘာမင်ဂမ်အသင်းဟာ ဒါဘီ၊ ဒီစီယူနိုက်တက်တို့ပြီးနောက် တတိယမြောက် ကိုင်တွယ်တဲ့ အသင်းဖြစ်လာခဲ့ပါတယ်။
ဘာမင်ဂမ်အသင်းနည်းပြသစ် ဝိန်းရွန်နီဟာ မျှော်လင့်ချက် ဖိအားတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပြဿနာမရှိဘူးလို့ လည်း ပြောခဲ့ပါတယ်။
ဘာမင်ဂမ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂၀၁၁ ခုနှစ်က နောက်ဆုံး ကစားခဲ့တာဖြစ်ပြီး ဒီနောက်ပိုင်း ပရီးမီးယားလိဂ်နဲ့ ဝေးကွာနေတာ ဆယ်စုနှစ် တစ်ခုကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဝိန်းရွန်နီက “ကျနော်ဟာ ၁၆ နှစ် အရွယ်ကတည်းကနေ ကစားသမားဘဝ တစ်လျှောက်လုံး ဖိအားတွေနဲ့ ရင်ဆိုင် ခဲ့ရတာပါ။ အမှားတွေ လုပ်ခဲ့မိပြီဆိုရင်လည်း ဒီကနေပြန်ပြီး သင်ယူရမယ်၊ တိုးတက်အောင် လုပ်ရပါမယ်။ ကျနော် တို့မှာ မျှော်မှန်းချက်တွေနဲ့ ပစ်မှတ်တွေ ရှိပါတယ်။ ပရီးမီးယားလိဂ်ကို ပြန်သွားဖို့က ကျနော်တို့ရဲ့ ပစ်မှတ်ဖြစ်ပြီး ဒီလိုဖြစ်အောင်လုပ်ဖို့ ကျနော်ဒီကိုရောက်ရှိနေတာပါ”လို့ ပြောခဲ့ပါတယ်။
ဘာမင်ဂမ်အသင်းဟာ အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲမှာ အဆင့် ၆ နေရာ ရပ်တည်နေပြီး နိုင်ငံတကာပွဲစဉ်အပြီးမှာ မယ်ဒယ်ဘရော့အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 644
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၃
ဝင်ဘာလေမှာ ကစားမယ့် အင်္ဂလန်အသင်းရဲ့ ပွဲတွေမှာ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကြောင့် ဒုက္ခရောက်တဲ့ သူတွေကို ထောက်ခံကြောင်းပြသတဲ့ အလံတွေ၊ အင်္ကျီတွေကို ခွင့်ပြုသွားမှာမဟုတ်ဘူးလို့ အင်္ဂလန် ဘောလုံး အဖွဲ့ချုပ်(FA)က ကြေညာလိုက်ပါတယ်။
အင်္ဂလန်အသင်းဟာ အောက်တိုဘာ ၁၄ ရက်မှာ သြစတြေးလျနဲ့ ခြေစမ်းပွဲ၊ ၁၈ ရက်မှာ အီတလီအသင်းနဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲကစားရမှာပါ။ အင်္ဂလန်နဲ့ သြစတြေးလျအသင်းကစားသမားတွေဟာ အနက်ရောင်လက်ပတ် ဝတ်ဆင်ကြမှာဖြစ်ပြီး၊ ပွဲမစခင်မိနစ်အနည်းငယ်ကြာ ငြိမ်သက်မှုပြုလုပ်သွားမယ်လို့ FA ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ FA ဟာ ဝင်ဘာလေကွင်းအဝင်ဝမှာ အစ္စရေးအလံပါဝင်တဲ့အရောင်နဲ့ မီးမထွန်းပေးဖို့ ဆုံးဖြတ် ခဲ့တာကြောင့်လည်း ဝေဖန်မှုတွေခံခဲ့ရတာပါ။
FA ဟာ ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုခံခဲ့ရတဲ့ ယူကရိန်းကို ထောက်ခံကြောင်းပြသခဲ့ပေမယ့် အခု အစ္စရေးကို ထောက်ခံကြောင်းမပြသတဲ့အတွက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ အင်္ဂလန်အသင်း နည်းပြ ဆောက်ဂိတ်ကတော့ FA ရဲ့ ဆုံးဖြတ်ချက်တွေကို ကာကွယ်သွားခဲ့ပါတယ်။

ဆောက်ဂိတ်က “ကျနော့်ဘဝမှာ အရှေ့အလယ်ပိုင်းဟာ အရှုပ်အထွေးဆုံးနဲ့ နားလည်ရခက်ခဲတဲ့အခြေအနေမှာ ရှိနေပါတယ်။ ဒါကြောင့် တရားမျှတမှုကို ၁၀ မိနစ်အတွင်းလုပ်ဆောင်နိုင်ဖို့ ခက်ခဲပါတယ်။ FA အနေနဲ့ မှန်ကန်တဲ့ အရာတွေကို လုပ်ဖို့ ကြိုးစားပါလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်က ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမာ့စ်ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ လူပေါင်း ၁,၂၀၀ ကျော်သေဆုံးခဲ့ပြီး အစ္စရေးကလည်း ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ကာ နယ်မြေဒေသအတွင်း အစားအသောက်၊ရေ၊လောင်စာဆီနဲ့ ဆေးဝါးတွေ ဝင်ရောက်ခွင့် ကန့်သတ်ခဲ့တာပါ။ ဒီလို တိုက်ခိုက်မှုတွေကြောင့် ဂါဇာမှာ လူပေါင်း ၁,၃၀၀ ကျော်သေဆုံးပြီး လူပေါင်း ၃၃၈,၀၀၀ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ် လို့ သိရပါတယ်။
Source:ChannelNewsAsia
- By CNI
- Category: အားကစား
- Hits: 676
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၂
ယူနိုက်တက်အသင်းမှာ ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်နေရတဲ့ နောက်ခံလူ မက်ဂွဲယားက ဒီလိုသာဆက်ပြီး ပွဲထွက် ကစားခွင့် မရဘူးဆိုရင် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ထွက်ခွာသွားနိုင်တယ်လို့ ပြောလိုက်ပါတယ်။
မက်ဂွဲယားက “ဒီမှာအမြဲတမ်း ထိုင်နေပြီး တစ်လကိုတစ်ပွဲ ကစားမှာ မဟုတ်ပါဘူး။ ဒီလိုသာဆက်ဖြစ်နေရင် ကလပ်အသင်းနဲ့ စကားပြောဆိုမှုတွေ ပြုလုပ်ရတော့မှာပါ။ ယူနိုက်တက်အတွက် လာမယ့်ပွဲမှာ ပွဲထွက်ခွင့် ရ/မရဆိုတာ ကျနော့်ရဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ကျနော်ဟာ ကျနော့်ရဲ့ အရည်အချင်းကို ယုံကြည်တဲ့အတွက် ဒါတွေက ခက်ခဲပါတယ်။ ကျနော်ဟာ ပွဲတွေကစားချင်ပေမယ့် အခုအချိန်မှာတော့ ကျနော်ကစားချင်သလောက် ကစားခွင့် မရသေးပါဘူး”လို့ ပြောပါတယ်။
မက်ဂွဲယားဟာ ပြီးခဲ့တဲ့ ရာသီကတည်းက ယူနိုက်တက်အသင်းမှာ ပွဲကစားခွင့် ဆုံးရှုံးခဲ့ပြီး အခုရာသီအစမှာ အသင်းခေါင်းဆောင် လက်ပတ်ပါ လွှဲပြောင်းပေးခဲ့ရပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ မက်ဂွဲယားကို ဝက်စ်ဟမ်းအသင်းထံ ရောင်းချဖို့ လုပ်ဆောင်ခဲ့ပေမယ့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့လို့ အသင်းမှာဆက်ပြီး ရှိနေခဲ့ပါတယ်။

ယူနိုက်တက် အသင်းဖော်တွေနဲ့ မက်ဂွဲယားကို တွေ့ရစဉ်
ဒီရာသီ ယူနိုက်တက်အသင်းရဲ့ ခံစစ်ပိုင်းဟာ ဒဏ်ရာတွေနဲ့ ရင်ဆိုင်နေရလို့ မက်ဂွဲယားဟာ ဘရန်ဖို့ဒ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။
မက်ဂွဲယားဟာ လာမယ့်ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ချင်နေတာကြောင့် ကလပ်အသင်းမှာ ပုံမှန်ပွဲထွက် ကစားခွင့်ရဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
မက်ဂွဲယားဟာ အင်္ဂလန်အသင်းရဲ့ ပုံမှန်ပွဲထွက် လူစာရင်းမှာ အမြဲတမ်း ပါဝင်နေပေမယ့် ကလပ်အသင်းမှာ ကစားခွင့် ဆုံးရှုံးနေရင် ဒီအခွင့်အရေးကို လက်လွှတ်ရနိုင်တယ်လို့ နည်းပြ ဆောက်ဂိတ်က သတိပေးထားပါတယ်။
အသက် ၃၀ နှစ်အရွယ်ရှိ မက်ဂွဲယားဟာ လက်ရှိအချိန်မှာ သြစတြေးလျနဲ့ ခြေစမ်းပွဲ၊ အီတလီနဲ့ ယူရို ၂၀၂၄ ခြေစစ် ပွဲ ကစားမယ့် အင်္ဂလန်အသင်းနဲ့အတူ လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။
အင်္ဂလန်အသင်းဟာ ယူရိုခြေစစ်ပွဲ ၅ ပွဲ ကစားအပြီးမှာ ရမှတ် ၁၃ မှတ်နဲ့ ခြေစစ်ပွဲ အောင်မြင်ဖို့ နီးစပ်နေတာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 716
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၂
အင်ဒိုနီးရှားဟာ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို သြစတြေးလျ၊ မလေးရှား၊ စင်္ကာပူတို့နဲ့ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ နိုင်ငံရဲ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အဲရစ်သိုဟီရာက အောက်တိုဘာ ၁၁ ရက်က ပြောလိုက်ပါတယ်။
အဲရစ်သိုဟီရာက “ကျနော်တို့ အိမ်ရှင်အဖြစ် လျှောက်ထားဖို့ သြစတြေးလျနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ ကျနော် မလေးရှားနဲ့ စင်္ကာပူကို သွားရောက်လည်ပတ်တုန်းက အင်ဒိုနီးရှား၊ သြစတြေးလျတို့နဲ့ ပူးပေါင်းဖို့အတွက် နှစ်နိုင်ငံစလုံးက စိတ်ဝင်စားကြောင်း ဖော်ပြခဲ့တယ်”လို့ Sydney Morning Herald ကို ပြောခဲ့ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဟာ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လျှောက်ထားဖို့ အာရှနဲ့ သမုဒ္ဒရာ ပိုင်းဇုန်ကို ပြောထားခဲ့တာဖြစ်ပြီး အိမ်ရှင်အဖြစ် လျှောက်ထားမှုကို အောက်တိုဘာ ၃၁ ရက်အထိ နောက်ဆုံးရက် သတ်မှတ်ပေးထားပါတယ်။

အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ် တာ၀န်ရှိသူကို တွေ့ရစဉ်
မလေးရှားဘောလုံးအဖွဲ့ချုပ် အကြီးအကဲကတော့ အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်ရဲ့ ပြောဆိုမှုကို ငြင်းဆန်ထားပြီး သူတို့ဟာ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပဖို့ ဘယ်နိုင်ငံမှ စကားပြောဆိုခြင်း မရှိဘူးလို့ ပြောထားပါတယ်။
လက်ရှိအချိန်မှာ ဆော်ဒီဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပဖို့ ဖီဖာထံ တရားဝင် လျှောက်ထားပြီးပြီဖြစ်ပြီး မလေးရှားဘောလုံးအဖွဲ့ချုပ်ဟာ ဆော်ဒီကိုထောက်ခံကြောင်းလည်း ပြောခဲ့ပါတယ်။
၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပေါ်တူဂီ၊ စပိန်နဲ့ မော်ရိုကိုတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမှာဖြစ်ပြီး ဥရုဂွေး၊ ပါရာဂွေးနဲ့ အာဂျင်တီးနားတို့ဟာ အုပ်စုအဖွင့်ပွဲစဉ်တွေကို အိမ်ရှင်အဖြစ် ကျင်းပမယ်လို့ ဖီဖာက ကြေညာထားပါ တယ်။
အင်ဒိုနီးရှားကတော့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာမှာ ကျင်းပခဲ့ပြီးဖြစ်လို့ အရှေ့အလယ်ပိုင်းဒေသမှာ ပြန်ပြီး ကျင်းပဖို့ စောနေသေးတယ်လို့ ယူဆထားပြီး ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို သူတို့ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 724
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၂
ချယ်လ်ဆီးနဲ့ ရီးရယ်လ်အသင်း ကစားသမားဟောင်း ဟာဇက်ဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝက အနား ယူဖို့ မဆုံးဖြတ်ခင်မှာ မေဂျာလိဂ်နဲ့ ဆော်ဒီကလပ် အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။
ဟာဇက်ဟာ ပြီးခဲ့တဲ့ရာသီအကုန်မှာ ရီးရယ်လ်အသင်းကနေ ထွက်ခွာပြီးနောက် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းတချို့ရဲ့ ချိတ်ဆက်မှုတွေကို ခံခဲ့ရပါတယ်။
အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမန်နိုက အသက် ၃၂ နှစ်အရွယ်ရှိ ဟာဇက်ကို ခေါ်ယူဖို့ မေဂျာလိဂ်နဲ့ ဆော်ဒီ ကလပ်အသင်းတွေက လွန်ခဲ့တဲ့ ၄ လက ကြိုးစားခဲ့ပေမယ့် အပြောင်းအရွှေ့ ဖြစ်မြောက်အောင် ကစား သမားကို ဆွဲဆောင်နိုင်ခဲ့ခြင်း မရှိဘူးလို့ ဖော်ပြခဲ့ပါတယ်။
ဟာဇက်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ၁၆ နှစ်ကြာ ကစားသမားဘဝကို အဆုံးသတ်ဖို့ အချိန်တန်ပြီလို့ ကြေညာသွား ခဲ့ပါတယ်။

ရီးရယ်လ်အသင်းမှာ ကစားခဲ့တုန်းက ဟာဇက်ကို တွေ့ရစဉ်
ဟာဇက်က “၁၆ နှစ်နဲ့ ပွဲပေါင်း ၇၀၀ ကျော် ကစားအပြီးမှာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ဦး အနေနဲ့ ကျနော့်ရဲ့ ကစားသမားဘဝကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ကျနော့်ရဲ့ အိပ်မက်ကို အကောင်အထည်ဖော် နိုင်ခဲ့ပြီး ကမ္ဘာပေါ်မှာရှိတဲ့ ကွင်းအများအပြားမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားနိုင်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။
ဟာဇက်ဟာ လိုင်လီ၊ ချယ်လ်ဆီးနဲ့ ရီးရယ်လ်အသင်းတွေမှာ ပွဲပေါင်း ၆၂၀ ကျော် ပါဝင်ကစားခဲ့ပြီး သူ့ရဲ့ ထင်ရှား တဲ့ ကစားသမားဘဝမှာ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ လာလီဂါ၊ ယူရိုပါလိဂ်၊ ချန်ပီယံလိဂ်၊ ကလပ်ကမ္ဘာ့ဖလားနဲ့ လီဂူးဝမ်းဆုဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။
ဟာဇက်ဟာ ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းအတွက် ၁၂၆ ပွဲ ကစားခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယ နေရာ ရရှိအောင် ဦးဆောင် ပေးနိုင်ခဲ့ပါတယ်။
ကစားသမားဘဝက အနားယူခဲ့ပြီဖြစ်တဲ့ ဟာဇက်ဟာ နည်းပြလောကထဲကို ဝင်ရောက်လာဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်နေပြီး သူကလည်း အတွေ့အကြုံသစ်တွေ ရယူဖို့ အချိန်ရောက်ပြီလို့ ပြောထားခဲ့ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 569
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၂
အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ ပါရာဂွေးအသင်းနဲ့ ကစားမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မသေချာသေးဘူးလို့ နည်းပြ စကာလိုနီက ပြောလိုက်ပါတယ်။
စကာလိုနီက “မက်ဆီအတွက် နောက်ထပ်လေ့ကျင့်ခန်းအစီအစဉ်တွေက အရေးကြီးပြီး သူပါဝင်ကစားမလား၊ မကစားနိုင်ဘူးလားဆိုတာကို ဆုံးဖြတ်ဖို့ ကျနော်သူနဲ့ စကားပြောရပါလိမ့်မယ်။ ကျနော်သူနဲ့ အရင်စကားပြောမှာ ဖြစ်ပြီး သူပွဲထွက်လူစာရင်းမှာ ပါဝင်နိုင်တယ်ဆိုတာ သေချာဖို့လိုအပ်ပါတယ်။ အရေးကြီးဆုံးအရာက သူ သက်သောင့်သက်သာဖြစ်နေဖို့ပါ” လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။
မက်ဆီဟာ ကြွက်သားပြဿနာကြောင့် အင်တာမိုင်ယာမီအသင်းအတွက် တစ်လကြာမကစားနိုင်ခဲ့ဘဲ နောက်ဆုံး ကစားခဲ့တဲ့ စင်စင်နာတီအသင်းနဲ့ ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပြန်လည်ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အာဂျင်တီးနားအသင်းကတော့ မက်ဆီကို ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် အသင်းလူစာရင်းမှာ ထည့်သွင်းခဲ့တာပါ။ မက်ဆီဟာ လက်ရှိအချိန်မှာ အာဂျင်တီးနားအသင်းနဲ့ ပူးပေါင်းနေပြီး လေ့ကျင့်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းလူစာရင်းမှာ ဒဏ်ရာကြောင့် ဒီမာရီယာနဲ့ ကော်ရီယာတို့ မပါဝင်ခဲ့ပေမယ့် ရိုးမားအသင်း အတွက် ပါဝင်ကစားခဲ့ရင်း ဒူးဒဏ်ရာရရှိခဲ့တဲ့ ဒိုင်ဘားလားကတော့ ပါဝင်လာခဲ့တာပါ။ အာဂျင်တီးနား အသင်း နည်းပြ စကာလိုနီက ဒဏ်ရာကြောင့်မပါဝင်နိုင်ခဲ့တဲ့သူတွေဟာ အသင်းအတွက် အရေးပါတဲ့ကစားသမားတွေ ဖြစ်ပေမယ့် သူတို့နေရာမှာအစားထိုးမယ့် ကစားသမားတွေကလည်း လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံး အလုပ်လုပ်နေကြတယ်လို့ ပြောခဲ့ပါတယ်။
အာဂျင်တီးနားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်တွေအဖြစ် အောက်တိုဘာ ၁၃ ရက်မှာ ပါရာဂွေး၊ ၁၈ ရက်မှာ ပီရူးအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။ အာဂျင်တီးနားအသင်းဟာ ခြေစစ်ပွဲ ၂ ပွဲကစား အပြီးမှာ ၂ ပွဲစလုံးနိုင်ပွဲရရှိထားတာဖြစ်ပါတယ်။
Source:ChannelNewsAsia
- By CNI
- Category: အားကစား
- Hits: 607
နာပိုလီနည်းပြရာထူးကို ရယူဖို့ ကွန်တီ စိတ်အားထက်သန်၏
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၂
အီတလီလူမျိုးနည်းပြ ကွန်တီဟာ စပါးအသင်းနည်းပြ ရာထူးကနေ အခုနှစ် အစောပိုင်းမှာ ထုတ်ပယ်ခံရပြီးနောက် နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်ချင်နေပြီး နာပိုလီအသင်းကို ကိုင်တွယ်ဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။
နာပိုလီအသင်းဟာ အခုနှစ် ဘောလုံးရာသီ အစပိုင်းမှာ ရလဒ်တွေ ဆိုးရွားနေတာကြောင့် နည်းပြ ရူဒီဂါစီယာနဲ့ လမ်းခွဲဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
နာပိုလီအသင်းကို ပြီးခဲ့တဲ့ရာသီက နှစ်ပေါင်း ၃၀ ကျော်ကြာ ဝေးကွာနေတဲ့ စီးရီးအေဖလား ရယူပေးနိုင်ခဲ့သူ နည်းပြ စပယ်လက်တီဟာ ရာသီအကုန်မှာ ထွက်ခွာသွားခဲ့လို့ သူ့ရဲ့နေရာမှာ ရူဒီဂါစီယာကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
အခုအချိန်မှာတော့ ရူဒီဂါစီယာဟာ နည်းပြရာထူးက ထုတ်ပယ်ခံရဖွယ်ရှိနေတဲ့အတွက် နာပိုလီအသင်းဟာ နည်းပြသစ် ရှာဖွေမှုတွေ ပြုလုပ်နေခဲ့ပါတယ်။

နာပိုလီအသင်း နည်းပြ ရူဒီဂါစီယာကို တွေ့ရစဉ်
နာပိုလီအသင်း ခန့်အပ်မယ့် နည်းပြသစ် စာရင်းထဲမှာ ကွန်တီဟာ ရေပန်းအစားဆုံးအဖြစ် ရှိနေတာ ဖြစ်ပါတယ်။
နာပိုလီအသင်းပိုင်ရှင် ဒီလော်ရန်းတစ်က ပြင်သစ်လူမျိုးနည်းပြ ရူဒီဂါစီယာအတွက် လက်ရှိအချိန်ဟာ ကောင်းမွန် တဲ့ အခိုက်အတန့် မဟုတ်ဘူးလို့ အရိပ်အမြွက် ပြောထားပါတယ်။
Sky Italy က ဒီလော်ရန်းတစ်၊ ရူဒီဂါစီယာနဲ့ နာပိုလီအသင်း တာဝန်ရှိသူတွေဟာ အသင်းရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး အစည်းအဝေး ပြုလုပ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
လက်ရှိအချိန်မှာ ကွန်တီအပြင် မာဆေးလ်အသင်း နည်းပြဟောင်း တူဒါ၊ ဘရိုက်တန်နဲ့ ချယ်လ်ဆီးအသင်း နည်းပြဟောင်း ဂရေဟမ်ပေါ်တာတို့ဟာ နာပိုလီအသင်း နည်းပြရာထူးအတွက် ရေပန်းစားနေပါတယ်။
လက်ရှိချန်ပီယံ နာပိုလီအသင်းဟာ ဒီရာသီစီးရီးအေ ၈ ပွဲ ကစားအပြီးမှာ ရမှတ် ၁၄ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးနေရာက အေစီမီလန်အသင်းနဲ့ ၇ မှတ်ကွာဟနေပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 708
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၁
ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)ဟာ ရုရှား ယူ-၁၇ အသင်းတွေကို ဥရောလူငယ် ချန်ပီယံရှစ် ပြိုင်ပွဲတွေမှာ ပြန်လည် ယှဉ်ပြိုင်ခွင့်ပေးမယ့် အစီအစဉ်တွေကို ပယ်ဖျက်လိုက်ပြီ ဖြစ်ပါတယ်။
UEFA ဟာ ယူကရိန်းကို ကျူးကျော်မှုကြောင့် ရုရှားလက်ရွေးစင်နဲ့ ကလပ်အသင်းတွေကို ပြိုင်ပွဲယှဉ်ပြိုင်ခွင့် ဆိုင်းငံ့ထားပေမယ့် လူငယ်အသင်းတွေကို ပြန်လည်ယှဉ်ပြိုင်ခွင့်ပြုမယ်လို့ စက်တင်ဘာလက ပြောခဲ့ပါတယ်။
UEFA ဟာ လူကြီးတွေရဲ့ လုပ်ရပ်ကြောင့် လူငယ်ကစားသမားတွေကို အပြစ်မပေးသင့်ဘူးလို့ ပြောခဲ့ပေမယ့် အခုအချိန်မှာတော့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြီးပြောင်းခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်းဘောလုံးအဖွဲ့ချုပ်ကတော့ ရုရှားအသင်းတွေပါဝင်တဲ့ UEFA လက်အောက်က ပြိုင်ပွဲတွေမှာ ပါဝင်ကစား ခြင်းမပြုဘဲ သပိတ်မှောက်မယ်လို့ တုံ့ပြန်ခဲ့သလို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အပါအဝင် နိုင်ငံအများအပြားက ရုရှားအသင်းနဲ့ ကစားမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

UEFA ရုံးကိုတွေ့ရစဉ်
ရုရှားလူငယ်အသင်းတွေကို ပြန်လည် ယှဉ်ပြိုင်ခွင့်ပေးမယ့် အစီအစဉ်ကို ပယ်ဖျက်ပေးခဲ့တဲ့အတွက် ကျေးဇူး တင်တယ်လို့ ယူကရိန်းဘောလုံးအဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန်ပြီး ပြောခဲ့ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ကလည်း ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ပုံစံအတိုင်းလိုက်ကာ ရုရှား ယူ-၁၇ အသင်း တွေကို ပြန်လည်ယှဉ်ပြိုင်ခွင့်ပေးမယ်လို့ ပြောထားခဲ့ပေမယ့် အခုလအစောပိုင်းမှာ ကြေညာထားခဲ့ပါတယ်။
အခုအချိန်မှာတော့ UEFA က သူတို့ရဲ့ အစီအစဉ်ကို ပယ်ဖျက်ခဲ့သလို့ ဖီဖာကလည်း ပယ်ဖျက်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။
UEFA ဟာ ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် ရုရှားနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ၂၀၂၂ ချန်ပီယံလိဂ် ဗိုလ်လုပွဲ၊ ၂၀၂၃ ဥရောပ စူပါဖလားပွဲတို့ကို နေရာပြောင်းပြီး ကျင်းပခဲ့သလို နိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီကြီး Gazprom နဲ့ စပွန်ဆာ စာချုပ်ချုပ်ဆိုထားတာကိုလည်း ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 762
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၁
ယူရို ၂၀၂၈ ပြိုင်ပွဲကို ဗြိတိန်နဲ့ အိုင်ယာလန်နိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပသွားမယ်လို့ ဥရောပဘောလုံး အဖွဲ့ချုပ်(UEFA)က အတည်ပြု လိုက်ပါတယ်။
ယူရို ၂၀၃၂ ပြိုင်ပွဲကို အီတလီနိုင်ငံနဲ့အတူ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပဖို့ တူရကီနိုင်ငံက နုတ်ထွက်ခဲ့ပြီးနောက် ဆွစ်ဇာလန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ UEFA အမှုဆောင်ကော်မတီ အစည်းအဝေးမှာ ယူရို ၂၀၂၈ ပြိုင်ပွဲကို ဗြိတိန်နဲ့ အိုင်ယာလန်နိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမှာကို အတည်ပြုခဲ့ပါတယ်။
ဗြိတိန်နဲ့ အိုင်ယာလန်နိုင်ငံတို့ဟာ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပမယ့် မျှော်လင့်ချက် အဆုံးသတ်ခဲ့ပြီးနောက် ယူရို ၂၀၂၈ ပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပဖို့ အာရုံစိုက်ခဲ့တာ ဖြစ်ပါတယ်။
ဝေးလ်စ်အသင်း ခေါင်းဆောင်ဟောင်း ဂါရတ်ဘေးလ်က ယူရို ၂၀၂၈ ပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်ကို ကာဒစ်ဖ်မှာ ကျင်းပ စေချင်နေပြီး အားကစားကွင်းနဲ့ အခြေခံ အဆောက်အဦတွေ ရှိတယ်လို့ ပြောခဲ့ပါတယ်။

ယူရို ၂၀၂၈ နဲ့ ၂၀၃၂ ပြိုင်ပွဲကျင်းပရေး မဲခွဲစဉ်
အိုင်ယာလန်၊ မြောက်အိုင်ယာလန်နဲ့ ဝေးလ်စ်နိုင်ငံတို့ဟာ ဘောလုံးပြိုင်ပွဲကြီးတွေရဲ့ အဓိကပြိုင်ပွဲတွေကို အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့ဖူးခြင်း မရှိပါဘူး။
ယူရို ၂၀၂၈ ပြိုင်ပွဲကို ဝင်ဘာလေ၊ ဟမ်ဒန်ပါ့ခ်၊ အေဗီဗာတို့ အပါအဝင် ကွင်း ၁၀ ကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါ တယ်။
အင်္ဂလန်နိုင်ငံဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲကို စကော့တလန်နိုင်ငံနဲ့အတူ ကျင်းပခွင့်ရခဲ့တဲ့ နိုင်ငံ ၁၁ နိုင်ငံထဲမှာ ပါဝင်ခဲ့သလို ၁၉၉၆ ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း အိမ်ရှင်အဖြစ် ကျင်းပခဲ့ပါတယ်။
ဒါ့အပြင် အင်္ဂလန်နိုင်ငံဟာ ၂၀၂၂ အမျိုးသမီး ယူရိုပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တာ ဖြစ်ပါတယ်။ ယူရို ၂၀၃၂ ပြိုင်ပွဲကိုတော့ အီတလီနဲ့ တူရကီနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပသွားမှာပါ။
အီတလီနိုင်ငံဟာ ၁၉၆၈ ၊ ၁၉၈၀ ယူရိုပြိုင်ပွဲတွေကို အိမ်ရှင်အဖြစ် ကျင်းပခဲ့သလို ယူရို ၂၀၂၀ ပြိုင်ပွဲကိုလည်း ပူးတွဲ အိမ်ရှင်အဖြစ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။
တူရကီနိုင်ငံကတော့ ပထမဆုံးအကြိမ် ယူရိုပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာပါ။ လာမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲကိုတော့ ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 850
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၁
ယူနိုက်တက်အသင်း တောင်ပံကစားသမား ဆန်ချိုဟာ အသင်းဖော် အန်တိုနီကို နည်းပြ အဲရစ်တန်ဟတ် မျက်နှာ သာ ပေးတယ်လို့ ထင်မြင်နေပြီး သူ့အပေါ် ဆက်ဆံပုံတွေကို စိတ်ပျက်နေတယ်လို့ ဂျာနယ်လစ်တစ်ဦးက ဖွင့်ချ လာခဲ့ပါတယ်။
ဆန်ချိုဟာ နည်းပြ အဲရစ်တန်ဟတ်နဲ့ အဆင်မပြေမှုတွေ ဖြစ်နေတာကြောင့် လာမယ့် ဇန်နဝါရီလ အပြောင်း အရွှေ့မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ မျှော်လင့်နေပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိ တောင်ပံကစားသမားဟာ အသင်းကြီးနဲ့ ပတ်သက်ခွင့် ပိတ်ပင်ခံထားရပြီး အကယ်ဒမီ အသင်းနဲ့သာ လေ့ကျင့်မှုတွေ ပြုလုပ်နေရတာ ဖြစ်ပါတယ်။
ဆန်ချိုဟာ အာဆင်နယ် အသင်းနဲ့ပွဲမှာ သူ့ကို လူစာရင်းကနေ ချန်လှပ်ခဲ့တာနဲ့ ပတ်သက်ပြီး နည်းပြ အဲရစ်တန်ဟတ်ကို ဝေဖန်ခဲ့လို့ ယူနိုက်တက် အသင်းအတွက် ပါဝင်ကစားခွင့် မရတော့ဘဲ ဖြစ်နေပါတယ်။
ဆန်ချိုအနေနဲ့ ယူနိုက်တက် လူစာရင်းထဲမှာ ပြန်ပါဝင်ခွင့်ရဖို့က သူ့အပေါ်မှာပဲ မူတည်တယ်လို့ ဒတ်ချ်လူမျိုး နည်းပြက ပြီးခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲတွေမှာ ပြောထားပါတယ်။

အန်တိုနီနဲ့ အဲရစ်တန်ဟတ်ကို တွေ့ရစဉ်
အင်္ဂလန်ကစားသမားဟာ နည်းပြ အဲရစ်တန်ဟတ်ကို ပြန်ပြီးတောင်းပန်မယ်ဆိုရင် အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြန်ပြုလုပ်ပြီး ပွဲကစားခွင့် ရနိုင်ပေမယ့် သူကတော့ ဒီလိုလုပ်ဖို့ကို ဆန္ဒမရှိဘဲ ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ထွက်ခွာသွားဖို့ အစီအစဉ်ရှိနေပါတယ်။
ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ တယ်လ်ဘော့က ဆန်ချိုဟာ အသင်းအတွင်းပိုင်း ပြဿနာတွေကို ဖြေရှင်းတာမှာ အန်တိုနီကို သူ့ထက် ပိုမိုကောင်းမွန်တဲ့ ဆက်ဆံမှုတွေ ပြုလုပ်နေတဲ့ ဒတ်ချ်လူမျိုးနည်းပြကို စိတ်ပျက်နေတယ်လို့ ပြောခဲ့ပါတယ်။
အိမ်တွင်း အကြမ်းဖက်မှု စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အန်တိုနီကို နည်းပြက သူ့လိုအကဲဖြတ်မှု ပြုလုပ်ခဲ့ခြင်း မရှိဘူးလို့ ဆန်ချိုက ယုံကြည်နေပါတယ်။
အဲ့ဒါကြောင့် အန်တိုနီအနေနဲ့ အမှားအယွင်းတွေ၊ ပြဿနာတွေကို ပြုလုပ်ခဲ့မယ်ဆိုရင်တောင် နည်းပြ အဲရစ်တန်ဟတ်ရဲ့ မျက်နှာသာပေးမှုကြောင့် ဘာမှဖြစ်မှာ မဟုတ်ဘူးလို့ အင်္ဂလန်ကစားသမားက ထင်မြင်နေတာ ဖြစ်ပါတယ်။
ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာမယ့် ဆန်ချိုကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်၊ အသင်း ဟောင်း ဒေါ့မွန်တို့အပြင် အသင်းအချို့က စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဆန်ချိုဟာ ယူနိုက်တက် အသင်းအတွက် ၈၂ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၂ ဂိုး သွင်းယူထားပါတယ်။
Source: besoccer
