- By CNI
- Category: အားကစား
- Hits: 955
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၃
၂၀၂၃ အာရှဖလားပြိုင်ပွဲရဲ့ အိမ်ရှင်အသင်းလည်းဖြစ်၊ လက်ရှိချန်ပီယံ အသင်းလည်းဖြစ်တဲ့ ကာတာအသင်းဟာ ဒီပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်မှာ လက်ဘနွန်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ကာတာအသင်းအတွက် ဂိုးတွေကို အာကရမ်အဖစ်က ၂ ဂိုးနဲ့ အယ်လ်မိုယက်ဇ်အလီက ၁ ဂိုးသွင်းယူခဲ့တာပါ။
ဒီပွဲမှာ ကာတာအသင်းအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့တဲ့ အာကရမ်အဖစ်ရဲ့ သွင်းဂိုးဟာ ၂၀၂၃ အာရှဖလားပြိုင်ပွဲ ရဲ့ ပထမဆုံးသွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။
ဒီပွဲမှာ ကာတာအသင်းဟာ လက်ဘနွန်အသင်းကို အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး အပိုင်အခွင့်အရေးတွေကို အဆုံး မသတ်နိုင်ခဲ့လို့သာ ဒီထက်ဂိုးပြတ်ပြီး အနိုင်မရခဲ့တာပါ။
ကာတာအသင်းနည်းပြ လိုပက်ဇ်က “အာကရမ်ဟာ ဒီပွဲရဲ့ တန်ဖိုးအရှိဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပြီး သူဟာ အလွန်အရည်အသွေးမြင့်တဲ့ ကစားသမားဖြစ်တာကြောင့် ဒါဟာ သူနဲ့ထိုက်တန်ပါတယ်။ ဒီပွဲအတွက် ကျနော် အလွန်ပျော်ရွှင်ပါတယ်။ ကစားသမားတွေဟာ ကွင်းထဲမှာ လိုအပ်တဲ့အရာတွေအတွက် ၂၀၀ ရာခိုင်နှုန်း ပေးခဲ့ပါတယ်”လို့ ပွဲအပြီး သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

လက်ဘနွန်အသင်းနည်းပြ ရာဂျူလိုဗစ်က ကစားသမားတွေဟာ သူတို့ပြုလုပ်ခဲ့တဲ့ အမှားတွေကြောင့် အပြစ်ပေးခံ ခဲ့ရပြီး ကာတာကစားသမား အာကရမ်ဟာ အာရှရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်တယ်လို့ ပွဲအပြီးမှာ မှတ်ချက်ပြုခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ကာတာအသင်းဟာ အုပ်စုတွင်း ၃ ပွဲ စလုံး အရေးနိမ့်ပြီး ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
ကာတာအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရလဒ်ဆိုးတွေကို မေ့ပျောက်ပြီး အာရှဖလားပြိုင်ပွဲမှာ ချန်ပီယံဆု ကို ကာကွယ်နိုင်ဖို့ ပစ်မှတ်ထားနေတာပါ။
ကာတာအသင်းဟာ ၂၀၂၃ အာရှဖလားပြိုင်ပွဲရဲ့ အုပ်စု A မှာ တရုတ်၊ လက်ဘနွန်၊ တာဂျစ်ကစ္စတန်အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 856
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၃
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက တိုက်စစ်မှူး ဟာလန်းဟာ ဒဏ်ရာကြောင့် ဇန်နဝါရီလအကုန်ထိ အနား ယူရဖွယ်ရှိတယ်လို့ နယူးကာဆယ်အသင်းနဲ့ပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ဒါက အရိုးဖြစ်တဲ့အတွက် အချိန်လိုအပ်ပါတယ်။ ဒီလအကုန်မှာ သူအဆင်သင့်ဖြစ်ပြီး ပါဝင်ကစား ပေးနိုင်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။ ဒါက အစပိုင်းမှာ ကျနော်တို့ မျှော်လင့်ထားတာထက် အနည်းငယ် ပိုပါ တယ်။ ကျနော်တို့ သူ့ကိုလိုအပ်တယ်”လို့ ပြောခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာ ဒီဇင်ဘာလ ၆ ရက်က အက်စတွန်ဗီလာအသင်းကို အရေးနိမ့်တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပြီး မန်စီးတီးအသင်းက ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူပြန်လည်ပါဝင်နိုင်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။
ဒါပေမယ့် ဟာလန်းဟာ ဒဏ်ရာက မသက်သာသေးတာကြောင့် မန်စီးတီးအသင်း နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် ၈ ပွဲစလုံး မပါဝင်နိုင်ခဲ့တာပါ။

ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ၂၂ ပွဲ ပါဝင်ကစားထားပြီး ၁၉ ဂိုး သွင်းယူထားတဲ့ ဟာလန်းဟာ နယူးကာဆယ် အသင်းနဲ့ ပွဲစဉ်အပြင် စပါးအသင်းနဲ့ FA ဖလားပွဲစဉ်၊ ဘန်လေအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် တွေကို ထပ်ပြီးလွဲချော်ဖို့ ရှိနေပါတယ်။
နယူးကာဆယ်အသင်းနဲ့ ပွဲစဉ်မှာ ဟာလန်းအပြင် နောက်ခံလူတွေဖြစ်တဲ့ အကန်ဂျီနဲ့ ဂျွန်စတုန်းစ်တို့လည်း လွဲချော်မယ်လို့ နည်းပြ ဂွာဒီယိုလာက အတည်ပြုခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် ထိပ်ဆုံးနေရာက လီဗာပူးလ်အသင်းနဲ့ ၅ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး နယူးကာဆယ်အသင်းကို အနိုင်ယူနိုင်ခဲ့ရင် လီဗာပူးလ်အသင်းနဲ့ အမှတ် ကွာဟမှုကို လျှော့ချနိုင်မှာပါ။
မန်ချက်စတာကလပ်ဟာ ဒီပွဲအပြီးမှာ အဘူဒါဘီကို သွားရောက်ကာ စခန်းသွင်းလေ့ကျင့်မှုတွေ ပြုလုပ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 779
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၂
ဒဏ်ရာကြောင့် အနားယူနေရတဲ့ စပါးအသင်းနောက်ခံလူ ရိုမဲရိုးဟာ လေ့ကျင့်မှုအပြည့်အဝ ပြန်လည် လုပ်နိုင်ပြီ ဖြစ်တာကြောင့် ယူနိုက်တက်အသင်းနဲ့ ပွဲစဉ်မှာ ပါဝင်လာနိုင်ဖွယ် ရှိနေပါတယ်။
ရိုမဲရိုးဟာ စပါးအသင်းက အဲဗာတန်အသင်းကို အနိုင်ရရှိခဲ့တဲ့ ဒီဇင်ဘာလပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ တာကြောင့် အနားယူ နေရတာဖြစ်ပြီး ဖေဖော်ဝါရီလအထိ ပြန်ကစားနိုင်ဖို့ မျှော်လင့်ထားခြင်း မရှိပါဘူး။
ရိုမဲရိုးအပြင် ဗဟိုနောက်ခံလူ ဗန်ဒီဗန်လည်း အနားယူနေရတာကြောင့် စပါးအသင်းဟာ ဘယ်နောက်ခံလူနဲ့ ညာနောက်ခံလူဖြစ်တဲ့ အီမာဆန်နဲ့ ဘန်ဒေးဗီးစ်တို့ကို ဗဟိုနောက်ခံလူအဖြစ် အသုံးပြုခဲ့ရတာပါ။
အဲ့ဒါကြောင့် စပါးအသင်းဟာ အခုအပြောင်းအရွှေ့မှာ ဂျီနိုအာအသင်း ဗဟိုနောက်ခံလူ ဒရာဂူဆင်ကို ခေါ်ယူပြီး အားဖြည့်ခဲ့တာ ဖြစ်ပါတယ်။
ရိုမဲရိုးဟာ ကွင်းလယ်လူ မက်ဒီဆင်နဲ့အတူ ဒီရာသီ စပါးအသင်းရဲ့ ဒုတိယအသင်းခေါင်းဆောင်အဖြစ် နည်းပြ ပိုစတီကိုဂလူးက ခန့်အပ်ထားတာပါ။

ရိုမဲရိုးကို တွေ့ရစဉ်
လက်ရှိအချိန်မှာ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်က တောင်ကိုရီးယား အသင်းနဲ့အတူ အာရှဖလားပြိုင်ပွဲ အတွက် ပူးပေါင်းနေပြီး ရိုမဲရိုးနဲ့ မက်ဒီဆင်တို့ဟာ ဒဏ်ရာကြောင့် အနားယူနေရတဲ့အတွက် စပါးအသင်းဟာ ကွင်းထဲမှာ ခေါင်းဆောင်မှု အခန်းကဏ္ဍ အားနည်းနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် Evening Standard က ရိုမဲရိုးဟာ ယူနိုက်တက် အသင်းနဲ့ပွဲမတိုင်ခင် လေ့ကျင့်မှု အပြည့်အဝ ပြန်လည် ပြုလုပ်နေပြီလို့ ဖော်ပြထားတာပါ။
ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ နောက်ခံလူ ဗန်ဒီဗန်ဟာ ပြီးခဲ့တဲ့ စပါးအသင်းရဲ့ FA ဖလားပွဲစဉ်မှာ အရန် လူစာရင်းထဲ ပြန်ပါဝင်လာခဲ့တာကြောင့် ယူနိုက်တက် အသင်းနဲ့ပွဲစဉ်မှာ ပါဝင်လာနိုင်ဖွယ် ရှိနေပါတယ်။
စပါးအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက လိုက်ပ်ဇစ်အသင်းကနေ ခေါ်ယူထားတဲ့ တိုက်စစ်မှူး တီမိုဝါနာကို ယူနိုက်တက် အသင်းနဲ့ပွဲမှာ ပွဲဦးထွက်အဖြစ် အသုံးပြုမယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။
စပါးအသင်းဟာ ယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ ၁ ပတ်ကြာ အနားယူရမှာဖြစ်ပြီး ဇန်နဝါရီ ၂၆ ရက်မှ FA ဖလားပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 656
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၂
ဝါရင့်ကွင်းလယ်လူ မာတစ်ဟာ လေ့ကျင့်ရေး အစီအစဉ်တွေကို ခွင့်မပြုချက်မရှိဘဲ ပျက်ကွက်ခဲ့တာကြောင့် ပြင်သစ်ကလပ် ရီးနက်စ်အသင်းက ကစားသမားရဲ့ အပြုအမူကို ဝေဖန်တဲ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
ရီးနက်စ်အသင်းက”ကွင်းလယ်ကစားသမား မာတစ်ဟာ မကြာသေးခင်က ရီးနက်စ်အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်ကို ပူးပေါင်းဖို့ ပျက်ကွက်ခဲ့ပါတယ်။ ဒါဟာ ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ အတွေ့အကြုံ ရင့် ကစားသမားတစ်ဦးဆီကနေ လုံးဝ နားမလည်နိုင်စရာ အပြုအမူပါပဲ။ အသင်းအနေနဲ့ ကစားသမားရဲ့ ရှင်းပြ ချက်ကို စောင့်ဆိုင်းနေတယ်”လို့ ထုတ်ပြန်ခဲ့တာပါ။
အသက် ၃၅ နှစ်အရွယ်ရှိ မာတစ်ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လကမှ ရိုးမားအသင်းကနေ ရီးနက်စ်အသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဒီရာသီမှာအသင်းအတွက် ၁၉ ပွဲပါဝင်ကစားထားတာ ဖြစ်ပါတယ်။
ပြင်သစ်မီဒီယာတွေကတော့ ချယ်လ်ဆီးနဲ့ ယူနိုက်တက်အသင်း ကစားသမားဟောင်း မာတစ်ဟာ ရီးနက်စ်အသင်း ကနေ ထွက်ခွာဖို့ကြိုးပမ်းနေတာဖြစ်ပြီး မြို့ကနေပါ ထွက်ခွာသွားခဲ့တာလို့ ဖော်ပြခဲ့ကြတာပါ။

မာတစ်ကို တွေ့ရစဉ်
ရီးနက်စ်အသင်းရဲ့ ကြေညာချက် ထွက်ပေါ်လာပြီး အနည်းငယ်အကြာမှာ မာတစ်က သူ့ရဲ့ကလေးတွေအတွက် သင့်တော်မယ့်ကျောင်းကို ရှာဖွေနေတာကြောင့် လေ့ကျင့်ရေး ပျက်ကွက်ခဲ့တာလို့ ရှင်းပြခဲ့ပါတယ်။
မာတစ်ဟာ မကြာခင်မှာ ရီးနက်စ်အသင်းနဲ့ ပြန်ပူးပေါင်းပြီး လေ့ကျင့်မှုတွေ ပြုလုပ်သွားမယ်လို့ သူ့ရဲ့ ဆိုရှယ် မီဒီယာမှာ ရေးသားထားပါတယ်။
မာတစ်ဟာ ရီးနက်စ်အသင်းအတွက် ကစားထားတဲ့ ၁၉ ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိပေမယ့် ၃ ဂိုး ဖန်တီး ထားတာပါ။
ရီးနက်စ်အသင်းဟာ ဒီရာသီ ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲမှာ အဆင့် ၁၀ နေရာ ရပ်တည်နေပြီး ဇန်နဝါရီ ၁၃ ရက်မှာ လိဂ်ပွဲစဉ်အဖြစ် နိုက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ရီးနက်စ်အသင်းဟာ လီဂူးဝမ်းပြိုင်ပွဲမှာ ရလဒ်တွေ မကောင်းဖြစ်နေပေမယ့် ယူရိုပါလိဂ်ပြိုင်ပွဲမှာတော့ အေစီမီလန် အသင်းနဲ့ ပလေးအော့ဖ်အဆင့် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲတွေကို ဖေဖော်ဝါရီလထဲ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 911
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၂
ဘာစီလိုနာအသင်းနည်းပြ ဇာဗီက စပိန်စူပါဖလားဗိုလ်လုပွဲမှာ ရင်ဆိုင်ရမယ့် ရီးရယ်လ်အသင်းကို အနိုင်ယူ သွားမယ်လို့ အိုဆာဆူနာအသင်းကို အနိုင်ရခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အပြီးမှာ ပြောလိုက်ပါတယ်။
ဇာဗီက “ကျနော်တို့ ပြီးခဲ့တဲ့နှစ်က ဗိုလ်လုပွဲမှာ ရီးရယ်လ်ကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီရာသီ လာလီဂါမှာ ကျနော်တို့ ရီးရယ်လ်ကို အရေးနိမ့်ခဲ့ပေမယ့် ပွဲချိန်အများစုကို အသာစီးနဲ့ ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ရီးရယ်လ်အသင်းဟာ မနှစ်ကထက်ပိုပြီးကောင်းပေမယ့် ကျနော်တို့ သူတို့ကို အသာစီးနဲ့ ကစားနိုင်ဖို့ ကြိုးစား သွားမှာဖြစ်ပြီး အနိုင်ယူမယ်လို့ထင်ပါတယ်။ ကျနော်တို့ဟာ ဗိုလ်လုပွဲအတွက် အဆင်သင့်ပါပဲ”လို့ ပြောခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ စပိန်စူပါဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ အိုဆာဆူနာအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာ ဖြစ်ပြီး ဂိုးတွေကို လီဝန်ဒေါစကီးနဲ့ ယာမဲလ်တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စပိန်စူပါဖလား ဆီမီးဖိုင်နယ် ပွဲစဉ်တစ်ပွဲမှာ ရီးရယ်လ်အသင်းက အသလက်တီကိုအသင်းကို အချိန်ပိုမှာ ၅ ဂိုး- ၃ ဂိုးနဲ့အနိုင်ရခဲ့တာကြောင့် စပိန် စူပါဖလားဗိုလ်လုပွဲအဖြစ် ရီးရယ်လ်နဲ့ ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ရမှာပါ။ ဒီရာသီ လာလီဂါမှာ ဒီနှစ်သင်း တွေ့ဆုံခဲ့တုန်းကရီးရယ်လ်အသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ အိုဆာဆူနာအသင်းကို အနိုင်ရခဲ့တာကြောင့် ၂၀၂၄ ခုနှစ်ထဲမှာ ပြိုင်ပွဲစုံ ၃ ပွဲဆက် နိုင်ပွဲရယူနိုင်ခဲ့တာပါ။ ဘာစီလိုနာအသင်းကွင်းလယ်လူ ဒီဂျောင်က အသင်းဟာ နိုင်ပွဲဆက်နေပေမယ့် ဒီထက် ပိုပြီးတိုးတက်ဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
ဒီဂျောင်က “ကျနော်တို့ ဒီထက်ပိုပြီးတိုးတက်ဖို့လိုပေမယ့် တိုးတက်အောင်လုပ်ဆောင်နေပါတယ်။ ကျနော်တို့ဟာ အခုပွဲအနည်းငယ်ကိုဆက်တိုက်နိုင်ပွဲရယူထားပေမယ့် အိုဆာဆူနာနဲ့ ဒုတိယပိုင်းမှာတော့ အတော်လေး ကောင်းမွန်ခဲ့ပါတယ်။ ရီးရယ်လ်နဲ့ပွဲဟာ ကစားသမားတိုင်းအတွက်ကောင်းမွန်တဲ့ပွဲပါ။ ကျနော်တို့ဟာ ဒီပွဲမှာ ကောင်းမွန်တဲ့ပုံစံ၊ ယုံကြည်မှုအပြည့်နဲ့ ယှဉ်ပြိုင်သွားမှာပါ” လို့ ပြောခဲ့တာပါ။
ရီးရယ်လ်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ စပိန်စူပါဖလားဗိုလ်လုပွဲကို ဇန်နဝါရီ ၁၄ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါ တယ်။
Source:ESPN
- By CNI
- Category: အားကစား
- Hits: 962
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၂
ယူနိုက်တက်အသင်းကနေ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဆန်ချိုက ဒေါ့မွန်အသင်းထံ ပြန်ရောက်ရှိလာခဲ့တဲ့အတွက် ဝမ်းမြောက်မိပြီး အိမ်ကိုပြန်ရောက်သလို ခံစားရတယ်လို့ ပြောလိုက်ပါတယ်။
ဆန်ချိုက “ဒေါ့မွန်ကို ပြန်လာရတာ အလွန်ကောင်းမွန်ပြီး ကျနော့်အတွက် အိမ်လိုပါပဲ။ ဒါက ပရော်ဖက်ရှင်နယ် ဘောလုံးသမား တစ်ဦးအနေနဲ့ ကျနော့်ရဲ့ ကစားသမားဘဝကို စတင်ခဲ့တဲ့နေရာပါ။ ကျနော့်ရဲ့ အသင်းဖော်တွေက ကျနော်ဒီမှာ ပြန်စတင်နိုင်ဖို့အတွက် လွယ်ကူအောင် လုပ်ပေးမယ်လို့ ထင်ပါတယ်။ ကျနော့်ရဲ့ မျက်နှာပေါ်မှာ အပြုံးတွေနဲ့ ဘောလုံးကစားမှာဖြစ်ပြီး ဂိုးတွေသွင်းယူမယ်၊ ဖန်တီးမှုတွေပြုလုပ်ပြီး အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ရအောင် ကူညီပေးသွားမယ်”လို့ ပြောခဲ့ပါတယ်။
ဆန်ချိုဟာ အသင်းဟောင်း ဒေါ့မွန်အသင်းထံ အခုရာသီအကုန်ထိ ၆ လ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အပြီးသတ် ဝယ်ယူခွင့် မပါဝင်တာကြောင့် အငှားစာချုပ် ကုန်ဆုံးချိန်မှာ ယူနိုက်တက်အသင်းထံ ပြန်လာရမှာ ဖြစ်ပါတယ်။
ဆန်ချိုဟာ ယူနိုက်တက်အသင်းမှာ နည်းပြ အဲရစ်တန်ဟတ်နဲ့ အဆင်မပြေဖြစ်ခဲ့သလို ကစားခဲ့တဲ့ ၈၂ ပွဲမှာ ၁၂ ဂိုး သွင်းပြီး ၆ ဂိုးဖန်တီးကာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဆန်ချိုဟာ အခုအပြောင်း အရွှေ့မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီး အသင်းဟောင်း ဒေါ့မွန်အသင်းထံ အငှားနဲ့ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဆန်ချိုကို ယူနိုက်တက်အသင်းမှာ တွေ့ရစဉ်
ဒေါ့မွန်အသင်းဟာ ဆန်ချိုအတွက် ယူနိုက်တက်အသင်းကို အငှားကြေး ပေါင် ၃ သန်း ပေးချေခဲ့ရတာဖြစ်ပြီး ကစားသမားရဲ့ ပွဲအရေအတွက်၊ ချန်ပီယံလိဂ် အောင်မြင်မှုနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အပေါ် မူတည်ပြီး နောက်ထပ် ပေါင် ၃.၄ သန်း ထပ်ပြီးပေးချေရမှာပါ။
ဒေါ့မွန်အသင်းမှာ ကျောနံပါတ် ၁၀ ဝတ်ဆင်မယ့် ဆန်ချိုဟာ အသင်းဖော်တွေနဲ့ ပူးပေါင်းပြီး လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ပါဝင်နေပြီလည်း ဖြစ်ပါတယ်။
ဒေါ့မွန်အသင်းဟာ ဇန်နဝါရီ ၁၃ ရက်မှာ ဒမ်စတက်အသင်းနဲ့ ဘွန်ဒစ်လီဂါပွဲစဉ် ယှဉ်ပြိုင်ဖို့ ရှိနေပြီး ဒီပွဲမှာ ဆန်ချို ဟာ ဒေါ့မွန်အသင်းအတွက် ပါဝင်လာနိုင်ဖွယ်ရှိနေတာပါ။
ဒေ့ါမွန်အသင်းဟာ ဒီရာသီ ဘွန်ဒစ်လီဂါပွဲစဉ် ၁၆ ပွဲ ကစားအပြီးမှာ ရမှတ် ၂၇ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရပ်တည် နေပြီး အဆင့် ၄ နေရာက လိုက်ပ်ဇစ်အသင်းနဲ့ ၆ မှတ်ကွာဟနေတာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 747
CNI Sport News
၂၀၂၄ ခုနှစ်၊ဇန်နဝါရီ ၁၀
ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီက တိုက်စစ်မှူး ဘတ်ပီကို အသင်းမှာဆက်ရှိစေချင်ပြီး ပီအက်စ်ဂျီက သူ့အတွက်အကောင်းဆုံးကလပ်လို့ ပြောလိုက်ပါတယ်။
အယ်လ်ခီလိုင်ဖီက “ဘတ်ပီကို ဒီမှာဆက်ရှိစေချင်တာနဲ့ ပတ်သက်ပြီး ကျနော်ဖုံးကွယ်ထားမှာမဟုတ်ပါဘူး။ ဘတ်ပီဟာ ကမ္ဘာပေါ်မှာအကောင်းဆုံးကစားသမားဖြစ်ပြီး သူ့အတွက် အကောင်းဆုံးကလပ်က ပီအက်စ်ဂျီပါ။ ကျနော်နဲ့ ဘတ်ပီကြားမှာ လူကြီးလူကောင်းဆန်တဲ့ သဘောတူညီမှုရှိထားပြီး ငွေကြေးနဲ့ အသေးစိတ် အချက် အလက်တွေကို မှတ်ချက်ပေးမှာမဟုတ်ပါဘူး။ သူဟာ ပီအက်စ်ဂျီမှာ ပျော်ရွှင်နေပြီး သူ့ကို ကျနော်ယုံကြည်မှု ရှိတယ်” လို့ RMC Sport ကိုပြောခဲ့တာပါ။
ဘတ်ပီနဲ့ ပီအက်စ်ဂျီအသင်းတို့ ချုပ်ဆိုထားတဲ့စာချုပ်ဟာ ဇွန်လအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်လို့ သူဟာ အခု အပြောင်းအရွှေ့မှာ အခြားကလပ်အသင်းတွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်လို့ရပြီဖြစ်ပါတယ်။ မကြာသေးခင်က ရီးရယ်လ်နဲ့ ဘတ်ပီတို့ဟာ အပြောင်းအရွှေ့အတွက် သဘောတူညီမှုရရှိထားတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ် လာခဲ့တာကို ကစားသမားရဲ့အဖွဲ့အစည်းက ငြင်းဆန်ထားတာပါ။ ပီအက်စ်ဂျီအသင်းကတော့ ဘတ်ပီကို စာချုပ် သစ်ချုပ်ပြီး အသင်းမှာဆက်ထိန်းသိမ်းနိုင်အောင် ကြိုးစားနေတာဖြစ်ပါတယ်။

ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့စာချုပ်ကုန်ဆုံးဖို့နီးစပ်လာပေမယ့် အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ရခြင်း မရှိဘူးလို့ ပြောထားတာပါ။ လက်ရှိအချိန်မှာ အသက် ၂၅ နှစ်အရွယ်ရှိ တိုက်စစ်မှူးကို ခေါ်ယူဖို့ ရီးရယ်လ်အပြင် လီဗာပူးလ်အသင်းကလည်း စိတ်ဝင်စားနေတာဖြစ်ပါတယ်။ ဘတ်ပီဟာ ဒီရာသီအစပိုင်းမှာ ပီအက်စ်ဂျီအသင်းနဲ့ တင်းမာမှုတွေရှိခဲ့ပေမယ့် အခုအချိန်မှာ အကောင်းဆုံးပုံစံ ပြသနေပြီး ၂၄ ပွဲကစားထားတာမှာ ၂၅ ဂိုးသွင်းယူ ထားတာပါ။
ပီအက်စ်ဂျီအသင်းဟာ ဒီရာသီ ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲမှာ အဆင့် ၁ နေရာဦးဆောင်နေသလို ချန်ပီယံလိဂ်ပြိုင်ပွဲ မှာလည်း ၁၆ သင်းအဆင့်တက်ရောက်ထားပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဇန်နဝါရီ ၁၄ ရက်မှာ ပြင်သစ် လီဂူးဝမ်းပွဲစဉ်အဖြစ် လန်းစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Besoccer
- By CNI
- Category: အားကစား
- Hits: 802
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၀
ယူနိုက်တက်အသင်းရဲ့ ပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်ဟာ အသင်းရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူပြီး နောက် ပထမဆုံးပွဲစဉ်အဖြစ် ယူနိုက်တက်နဲ့ စပါးအသင်းပွဲစဉ်ကို တက်ရောက်ကြည့်ရှုမယ်လို့ ဗြိတိန်မီဒီယာ တွေက ဖော်ပြထားပါတယ်။
ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ်ရဲ့ INEOS ဟာ ယူနိုက်တက်အသင်းရဲ့ အစုရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ပေါင် ၁.၃ ဘီလီယံနဲ့ ဝယ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တာပါ။
INEOS ဟာ ဒီအစုရှယ်ယာကို ဝယ်ယူပြီးနောက်မှာ ယူနိုက်တက်အသင်းရဲ့ အားကစားဆိုင်ရာ ကိစ္စရပ်တွေကို တာဝန်ယူဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဆာဂျင်ရက်ကလစ်ဖ်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်နဲ့ နာရီပေါင်း များစွာကြာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာ အပါအဝင် ကလပ်ရဲ့ အဆင့်တိုင်းမှာရှိတဲ့ ဝန်ထမ်းတွေနဲ့လည်း တွေ့ဆုံခဲ့တာပါ။
ဆာဂျင်ရက်ကလစ်ဖ်ဟာ ယူနိုက်တက်အသင်းရဲ့ အစုရှယ်ယာကို ဝယ်ယူပြီးနောက် အသင်းကစားခဲ့တဲ့ ဗီလာ၊ နော်တင်ဟမ်ဖောရက်စ်နဲ့ ဝီဂန်အသင်းတို့ရဲ့ပွဲတွေကို တက်ရောက်ကြည့်ရှုခြင်း မရှိခဲ့ပါဘူး။

ဆာဂျင်ရက်ကလစ်ဖ်နဲ့ အဲရစ်တန်ဟတ်ကို တွေ့ရစဉ်
INEOS ရဲ့ အားကစားဒါရိုက်တာ ဆာဒေ့ဗ်ကတော့ ဒီ ၃ ပွဲစလုံးကို ကြည့်ရှုခဲ့ပြီး အမှုဆောင်ချုပ် ဘလန့်စ်ကိုလည်း ဗီလာနဲ့ ဝီဂန်အသင်းတို့ရဲ့ ပွဲတွေမှာ တွေ့ခဲ့ရပါတယ်။
ယူနိုက်တက်အသင်းရဲ့ အမာခံပရိသတ်ဖြစ်တဲ့ ဆာဂျင်ရက်ကလစ်ဖ်ကို ဒီပွဲတွေမှာ မတွေ့ရပေမယ့် စပါးအသင်းနဲ အိုးထရက်ဖို့ဒ်မှာ ကစားမယ့် ပွဲစဉ်မှာ ပထမဆုံးအကြိမ် မြင်တွေ့ရမယ်လို့ Daily Mail က ဖော်ပြထားတာပါ။
ယူနိုက်တက်အသင်းရဲ့ ပိုင်ရှင်တွေထဲက တစ်ဦးဖြစ်တဲ့ အေဗရန်ဂလေဇာဟာ ပြီးခဲ့တဲ့နှစ်က နယူးကာဆယ် အသင်းကို အနိုင်ရခဲ့တဲ့ ကာရာဘောင်းလိဂ်ဖလား ဗိုလ်လုပွဲစဉ်ကို တက်ရောက်ကြည့်ရှု ပြီးနောက်ပိုင်း အသင်းရဲ့ ပွဲတွေနဲ့ဝေးကွာနေတာ ဖြစ်ပါတယ်။
ဂျိုရယ်လ်ဂလေဇာကိုလည်း လွန်ခဲ့တဲ့ ၅ နှစ်က ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ် နောက်ပိုင်း အိုးထရက်ဖို့ဒ် မှာ မြင်တွေ့ရခြင်း မရှိတော့တာပါ။
ဆာဂျင်ရက်ကလစ်ဖ်ကတော့ စပါးအသင်းနဲ့ ပွဲစဉ်ကစတင်ပြီး ယူနိုက်တက်အသင်းရဲ့ ပွဲစဉ်တွေကို မကြာခဏ တက်ရောက် ကြည့်ရှုနိုင်ဖို့ ပြင်ဆင်ထားပြီး ဆာဒေ့ဗ်နဲ့ ဘလန့်စ်တို့ကတော့ အမြဲတမ်းကြည့်ရှုနေမှာ ဖြစ်ပါတယ်။
INEOS ရဲ့ ပေါင် ၁.၃ ဘီလီယံ အရောင်းအဝယ်ကို ဂလေဇာမိသားစုဘက်က မီးစိမ်းပြထားပေမယ့် ပရီးမီးယားလိဂ် ရဲ့ အတည်ပြုချက်ကို ရရှိဖို့ စောင့်ဆိုင်းနေရဆဲ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 988
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၀
စပါးအသင်းဟာ လိုက်ပ်ဇစ်အသင်း တိုက်စစ်မှူး တီမိုဝါနာကို အခုရာသီအကုန်ထိ အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပြီ လို့ ကြေညာလိုက်ပါတယ်။
စပါးအသင်းဟာ တီမိုဝါနာရဲ့ အငှားစာချုပ် ကုန်ဆုံးချိန်မှာ ပေါင် ၁၄.၅ သန်းနဲ့ အပြီးသတ် ဝယ်ယူခွင့်လည်း ရှိနေ ပါတယ်။
လန်ဒန်ကလပ်ဟာ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ကို အာရှဖလားပြိုင်ပွဲအတွက် တောင်ကိုရီးယားအသင်း ထံ စေလွှတ်ထားရသလို မက်ဒီဆင်ကလည်း ဒဏ်ရာကြောင့် အနားယူနေရတဲ့အတွက် တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ တီမိုဝါနာကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
စပါးအသင်းဟာ တီမိုဝါနာအတွက် ရာသီအကုန်ထိ လုပ်ခလစာပေါင် ၄.၅ သန်းကို ပေးချေဖို့ လိုက်ပ်ဇစ်အသင်းနဲ့ သဘောတူညီထားပါတယ်။
တီမိုဝါနာဟာ ချယ်လ်ဆီးအသင်းမှာ ကစားခဲ့တာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အတွေ့အကြုံရှိတဲ့သူဖြစ်ပြီး ချယ်လ်ဆီးအသင်းနဲ့အတူ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။

တီမိုဝါနာကို တွေ့ရစဉ်
ဒါပေမယ့် တီမိုဝါနာဟာ ၂၀၂၂ ခုနှစ်မှာ အသင်းဟောင်း လိုက်ပ်ဇစ်အသင်းထံ ပြန်ပြောင်းရွှေ့ခဲ့ပြီး ဒီရာသီမှာ ပွဲကစားခွင့်ရဖို့ ခက်ခဲနေတာကြောင့် စပါးအသင်းထံ အငှားနဲ့ ထွက်ခွာခဲ့တာပါ။
တီမိုဝါနာဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် ဂျာမနီအသင်းမှာ ပါဝင်ကစားချင်တာကြောင့် ပုံမှန်ကစားခွင့်ရဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
တီမိုဝါနာက “ကျနော် စပါးအသင်းနည်းပြနဲ့ စကားပြောခဲ့ပြီး ဒါဟာ အလွန်ကောင်းမွန်တဲ့ စကားပြောမှု ဖြစ်ခဲ့ပါ တယ်။ စပါးအသင်းရဲ့ ကစားတဲ့ပုံစံဟာ ကျနော်နဲ့ ပြီးပြည့်စုံတယ်လို့ ထင်ပါတယ်။ ကျနော် စပါးအသင်းမှာ အကောင်းဆုံး ကစားသမားဖြစ်လာနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျနော့်ရဲ့ ရည်ရွယ်ချက်ကတော့ ဒီလိဂ်မှာ အနိုင်ရဖို့နဲ့ ဆုဖလားတွေအတွက် တိုက်ပွဲဝင်ဖို့ပါ”လို့ ပြောခဲ့ပါတယ်။
တီမိုဝါနာဟာ ဒီတစ်ပတ်ကစားမယ့် ယူနိုက်တက်နဲ့ စပါးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စပါးအသင်း ကစားသမားဘဝ ပွဲဦးထွက်အဖြစ် ပါဝင်ဖို့ ရှိနေပါတယ်။
စပါးအသင်းဟာ ပရီးမီးယားလိဂ်အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး အဆင့် ၁ နေရာက လီဗာပူးလ်အသင်းနဲ့ ၆ မှတ်ကွာဟနေတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 613
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၀
ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက ကာရာဘောင်းလိဂ်ဖလားဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ မယ်ဒယ်ဘရော့အသင်းကို အရေးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့ကစားဖို့ ရှိသေးတာကြောင့် ဗိုလ်လုပွဲတက်ဖို့ အခွင့်အရေးရှိတယ်လို့ ပြောလိုက်ပါတယ်။
ပိုချက်တီနိုက “ပထမပိုင်းမှာပြုလုပ်ခဲ့တဲ့ အမှားအယွင်းတွေကြောင့် ကျနော်တို့ အပြစ်ပေးခံခဲ့ရတာပါ။ ကျနော်တို့ ဂိုးရနိုင်မယ့်အခွင့်အရေးအများအပြားရှိခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒီရလဒ်ကို ကျနော်စိတ်ပျက်မိပါတယ်။ ကျနော်တို့ စတမ်းဖိုဒ့်ဘရစ်ချ်မှာ နောက်ထပ်မိနစ် ၉၀ ကစားဖို့ရှိပါသေးတယ်။ ကျနော်တို့ အပြုသဘောဆောင်ဖို့ လိုပြီး ဒုတိယအကျော့ပွဲကို အနိုင်ရကာ ဗိုလ်လုပွဲကို တက်ဖို့ အခွင့်အရေးရှိတယ်” လို့ Sky Sports ကို ပြောခဲ့တာ ပါ။
ကာရာဘောင်းဖလားဆီမီးဖိုင်နယ်ပထမအကျော့ ပွဲစဉ်အဖြစ်ကစားခဲ့တဲ့ မယ်ဒယ်ဘရော့နဲ့ ချယ်လ်ဆီးအသင်း တို့ပွဲမှာ မယ်ဒယ်ဘရော့အသင်းက ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဒီပွဲမှာ မယ်ဒယ်ဘရော့အသင်းကို ဘောလုံးပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၁၈ ကြိမ်နဲ့ ဂိုးပေါက် တည့်မှု ၅ ကြိမ်ရှိခဲ့ပေမယ့် ဂိုးမသွင်းယူနိုင်ခဲ့တာပါ။ မယ်ဒယ်ဘရော့အသင်းကတော့ ဂိုးပေါက်ကန်သွင်းမှု ၆ ကြိမ် နဲ့ ဂိုးပေါက်တည့်မှု ၂ ကြိမ်သာရှိခဲ့ပေမယ့် ဂိုးရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ အဝေးကွင်းကို လိုက်ပါအားပေးခဲ့တဲ့ ချယ်လ်ဆီးအသင်းပရိသတ်တွေဟာ အသင်းရဲ့ရှုံးနိမ့်မှုကြောင့် ပွဲအပြီးမှာဒေါသတကြီးတုန့်ပြန်ခဲ့တာပါ။ ပိုချက်တီနိုကတော့ စွမ်းဆောင်ရည်နဲ့ အကဲဖြတ်ပြီး တစ်ပွဲလုံးကို ခြုံကြည့်မယ်ဆိုရင် ချယ်လ်ဆီးအသင်းဟာ ပိုကောင်းတဲ့အသင်းဖြစ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ မယ်ဒယ်ဘရော့ အသင်းနည်းပြ မိုက်ကယ်ကာရစ်က သူတို့ဟာ ဒုတိယအကျော့ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောခဲ့တာပါ။
မိုက်ကယ်ကာရစ်က “ဒုတိယအကျော့က လုံးဝကွဲပြားမှာဖြစ်ပြီး ဒါက စိန်ခေါ်မှုအသစ်ပါ။ ဒီအတွက်လည်း ကျနော်တို့အဆင်သင့်ဖြစ်နေပြီး ဒီပွဲကိုစောင့်မျှော်ကာ စိန်ခေါ်မှုတွေကို လက်ခံသွားမှာပါ” လို့ ပြောခဲ့ပါတယ်။
ချယ်လ်ဆီးနဲ့ မယ်ဒယ်ဘရော့အသင်းတို့ရဲ့ ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်ကို ဇန်နဝါရီ ၂၃ ရက်မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source:DailyMail
