CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၁၉

ဘာစီလိုနာအသင်းနည်းပြ ဇာဗီဟာ ဒီရာသီလာလီဂါပြိုင်ပွဲမှာ ဒုတိယအကြိမ်မြောက် အနီကတ်ပြ ထုတ်ပယ် ခံရပြီးနောက် ၃ ပွဲ ပယ်ခံရဖွယ်ရှိနေပါတယ်။

ဇာဗီဟာ ဘာစီလိုနာအသင်းက အသလက်တီကိုအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်ရဲ့ ပထမပိုင်းမှာ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတာပါ။ 

စပိန်လူမျိုးနည်းပြဟာ ကန့်ကွက်မှုတွေကြောင့် ကနဦး အဝါကတ် ပြသခံခဲ့ရပေမယ့် ကွင်းဘေးစည်းမှာ ဆက်ပြီး ဒေါသထွက်နေတာကြောင့် ကွင်းလယ်ဒိုင်လူကြီးရဲ့ အနီကတ်ပြ ထုတ်ပယ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ 

ဇာဗီဟာ တိုက်ရိုက်အနီကတ်ကြောင့် ၂ ပွဲပယ် ပြစ်ဒဏ်ကျခံရမှာပါ။

ဒါပေမယ့် ဇာဗီဟာ ဒီရာသီ လာလီဂါပြိုင်ပွဲမှာ ဒုတိယအကြိမ်မြောက် အနီကတ်ပြသ ခံခဲ့ရတဲ့အတွက် လိဂ်က သူ့ကို နောက်ထပ် ၁ ပွဲ ထပ်တိုး ပွဲပယ်ပြစ်ဒဏ် ချမှတ်နိုင်တယ်လို့ Diario Sport က ဖော်ပြခဲ့ပါတယ်။ 

ဇာဗီကို တွေ့ရစဉ်

ဇာဗီအနေနဲ့ ၃ ပွဲပယ်ခံရမယ်ဆိုရင် ဧပြီ ၂၁ ရက်မှာ ကစားရမယ့် ရီးရယ်လ်နဲ့ ဘာစီလိုနာအသင်းတို့ ပွဲစဉ်ကို ပွဲကြည့်စင်ပေါ်ကနေသာ ကြည့်ရှုရတော့မှာပါ။ ဇာဗီဟာ ဘာစီလိုနာအသင်းကို ကိုင်တွယ်ခဲ့တဲ့ ၃ နှစ်အတွင်းမှာ အဝါကတ် ၂၄ ကတ် ပြသခံခဲ့ရပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီရာသီအကုန်မှာ နည်းပြရာထူးက ဇာဗီထွက်ခွာမယ်လို့ ကြေညာပြီးနောက်ပိုင်း ကစား ခဲ့တဲ့ပွဲတွေမှာ ရလဒ်ကောင်းတွေ ရရှိထားပြီး စပိန်လာလီဂါ အမှတ်ပေးဇယားအဆင့် ၂ နေရာကို တက်နိုင်ခဲ့တာပါ။ 

ဒါအပြင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ်အဆင့်ကို တက်နိုင်ခဲ့ပြီး ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်း နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

ဘာစီလိုနာအသင်းဟာ နိုင်ငံတကာပွဲစဉ်အပြီး မတ် ၃၀ ရက်မှာ လာလီဂါပွဲစဉ်အဖြစ် လက်စ်ပါးမက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

ဘာစီလိုနာအသင်းဟာ ဒီပွဲအပြီး ဧပြီ ၁၀ ရက်မှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် ပီအက်စ်ဂျီ အသင်းအိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမယ်လို့ သိရပါတယ်။

Source: Goal