CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၁၉

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ မတ်လ ၂၁ ရက်မှာ ကစားမယ့် ဆွီဒင်အသင်းနဲ့ ခြေစမ်းပွဲအတွက် ပေါ်တူဂီအသင်း လူစာရင်းကနေ ထွက်ခွာခဲ့ပါတယ်။

ပေါ်တူဂီအသင်းနည်းပြ မာတီနက်ဇ်ဟာ ရော်နယ်ဒိုကို အသင်းရဲ့ ပဏာမလူစာရင်း ၃၂ ဦးထဲ ထည့်သွင်းခဲ့ပေမယ့် ဆွီဒင်အသင်းနဲ့ပွဲအတွက် ၂၄ ဦးစာရင်းမှာ အယ်လ်နာဆာ အသင်းခေါင်းဆောင် မပါဝင်တော့တာပါ။ 

ဆွီဒင်အသင်းနဲ့ပွဲမှာ ရော်နယ်ဒို အပြင် ဒါလော့၊ ကန်ဆယ်လို၊ ပါရဲရား၊ အော်တာဗီယို၊ ရူဘင်နာဗက်စ်၊ ဗီတင်ဟာနဲ့ ဂျာအိုဖီးလစ်တို့လည်း မပါဝင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် သူတို့တွေဟာ ဆွီဒင်အသင်းနဲ့ ပွဲအပြီး ဆလိုဗေးနီးယားအသင်းနဲ့ ကစားမယ့်ပွဲအတွက် နိုင်ငံအသင်းထံ ပြန်ရောက်လာမယ်လို့ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားတာပါ။

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်အာလီအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဆော်ဒီပရိုလိဂ် ပွဲစဉ်မှာ အသင်းအတွက် ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပြီး အနိုင်ဂိုး သွင်းယူခဲ့ပါတယ်။ 

ရော်နယ်ဒိုကိုတွေ့ရစဉ်

ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ မိသားစုနဲ့အတူ ဆော်ဒီမှာ အပန်းဖြေ အနားယူနေတာကြောင့် ဆွီဒင်အသင်းနဲ့ ပွဲစဉ်ကို မပါဝင်နိုင်တာလို့ ESPN က ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ရော်နယ်ဒိုဟာ ၂၃ ဂိုး သွင်းယူထားပြီး လိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ဦးဆောင်နေတာပါ။

၂၀၀၃ ခုနှစ်မှာ ပေါ်တူဂီအသင်းကြီးအတွက် စတင်ပွဲထွက်ခွင့်ရခဲ့တဲ့ ရော်နယ်ဒိုဟာ လက်ရွေးစင်အသင်းအတွက် ၂၀၅ ပွဲ ပါဝင်ကစားထားပြီး ၁၂၈ ဂိုး သွင်းယူကာ နိုင်ငံတကာ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်တင် ထားပါတယ်။ 

ပေါ်တူဂီအသင်းဟာ မတ် ၂၆ ရက်မှာ ဆလိုဗေးနီးယားအသင်းနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်မှာဖြစ်ပါတယ်။ 

Source: ESPN