CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၂၀

ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ဒီရာသီမှာ အသင်းနဲ့အတူ FA ဖလားရယူနိုင်ဖို့နဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံး ၄ သင်းထဲ ဝင်ရောက်ဖို့ ပစ်မှတ်ထားတယ်လို့ ပြောခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်က “လက်ကျန်ရာသီအတွက် ကျနော်တို့ရဲ့ ရည်မှန်းချက်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံး ၄ သင်းထဲဝင်ဖို့နဲ့ FA ဖလားကို ရယူနိုင်အောင် ကြိုးစားဖို့ပါ။ ရာသီအကုန်ထိ ဒီရည်မှန်းချက် ၂ ခုကို ရယူနိုင်ဖို့အတွက် ကျနော်တို့ အရာအားလုံးကို လုပ်ဆောင်သွားမှာပါ။ FA ဖလားဟာ ကလပ်အတွက်ရော နိုင်ငံအတွက်ပါ ကြီးမားတဲ့ ဆုဖလားပါ။ ကျနော်တို့ ဗိုလ်လုပွဲကို တက်ချင်ပါတယ်။ ဒါဟာ ခက်ခဲမယ်ဆိုတာ သိပေမယ့် ဗိုလ်လုပွဲကို ရောက်ဖို့ အတွက် အရာအားလုံးကို လုပ်ဆောင်သွားမယ်”လို့ ပြောပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၆ နေရာ ရပ်တည်နေပြီး FA ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ခြေစွမ်းပိုင်း မတည်ငြိမ်တာကြောင့် ရလဒ်တွေဟာ ကောင်းမွန်မှုမရှိခဲ့တာပါ။ 

ဘရူနိုကို တွေ့ရစဉ်

အဲဒါကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုအဆင့်နဲ့ ထွက်ခွာခဲ့ရသလို ကာရာဘောင်းဖလား ပြိုင်ပွဲမှာလည်း စောစီးစွာ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းအတွက်တော့ FA ဖလားဟာ ဒီရာသီမှာ ရယူနိုင်စရာ တစ်လုံးတည်းသော ဆုဖလားဖြစ်နေ တာကြောင့် ဘရူနိုဖာနန်ဒက်စ် အပါအဝင် တစ်သင်းလုံးက ဒီဆုဖလားကို အရယူချင်နေကြတာပါ။ 

ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်ကစားဖို့ ၁၀ ပွဲ ကျန်ရှိနေသေးပေမယ့် အဆင့် ၄ နေရာက အက်စတွန်ဗီလာအသင်းနဲ့ ၉ မှတ်ကွာဟနေတာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်ရယူနိုင်ဖို့ ခက်ခဲနိုင်ပေမယ့် ဘရူနိုဖာနန်ဒက်စ်ကတော့ အဆင့် ၄ အတွင်းဝင်ပြီး ရာသီအဆုံးသတ်နိုင်ဖို့ ပစ်မှတ်ထားနေတာပါ။

ယူနိုက်တက်အသင်းဟာ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မတ် ၃၀ ရက်မှာ ဘရန်ဖို့ဒ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး FA ဖလားပြိုင်ပွဲမှာတော့ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ကိုဗင်ထရီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: besoccer