- By CNI
- Category: အားကစား
- Hits: 643
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၄
ယူနိုက်တက်အသင်းဟာ ဂါလာတာစာရေးအသင်းကို ချန်ပီယံလိဂ်မှာ အရေးနိမ့်ပြီး ရာသီအစ ရလဒ်တွေ ဆိုးနေခဲ့ပေမယ့် နည်းပြ အဲရစ်တန်ဟတ်ကတော့ သူဟာ အသင်းဘုတ်အဖွဲ့ရဲ့ ထောက်ခံမှုကို ရရှိနေဆဲဖြစ် တယ်လို့ ပြောလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “ပြီးခဲ့တဲ့ရာသီက ကျနော်တို့ဟာ မျှော်လင့်ထားတာထက် ပိုပြီးကောင်းခဲ့ပါတယ်။ အခုအချိန်မှာ ကျနော်တို့ဟာ အလွန်ခက်ခဲတဲ့ အချိန်ကာလကို ရောက်ရှိနေပေမယ့် အတူတူလက်တွဲပြီး တိုက်ပွဲဝင်ရမှာပါ။ ကျနော်ဟာ ဒါရိုက်တာတွေ၊ အသင်းနဲ့အတူ အတူတကွ တိုက်ပွဲဝင်သွားရမှာပါ။ အခုအခြေအနေတွေက ကျနော် တို့ပုံစံ မဟုတ်တဲ့အတွက် ကျနော်တို့ ပိုပြီးကောင်းမွန်အောင် လုပ်ရမယ်ဆိုတာ သိပါတယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဂါလာတာစာရေးအသင်းကို အိမ်ကွင်းမှာ ၃ ဂိုး- ၂ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် အသင်း သမိုင်း တစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ် ၂ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက် ကစားသမားများကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း ပဲလေ့စ်အသင်းကို အရေးနိမ့်ခဲ့တဲ့အတွက် အခုနှစ် ဘောလုံးရာသီ ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ရှုံးပွဲ ၆ ပွဲအထိ ကြုံတွေ့ထားခဲ့ရတာပါ။
ရာသီအစ ရလဒ်ဆိုးတွေကြောင့် နည်းပြ အဲရစ်တန်ဟတ်ရဲ့ ယူနိုက်တက်အသင်း အနာဂတ်နဲ့ပတ်သက်ပြီး မေးခွန်းတွေ အများအပြား ထွက်ပေါ်လာခဲ့ပေမယ့် ဒတ်ချ်လူမျိုးနည်းပြကတော့ ယူနိုက်တက်အသင်း ဘုတ်အဖွဲ့ရဲ့ ထောက်ခံမှုကို ရရှိထားတယ်လို့ ယုံကြည်မှု ရှိနေပါတယ်။
ဒါ့အပြင် အဲရစ်တန်ဟတ်က ဝေဖန်မှုတွေ ခံနေရတဲ့ ဂိုးသမား အိုနာနာကို ကာကွယ်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
အဲရစ်တန်ဟတ်က “သူဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရောက်ရှိခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ဂိုးသမား တွေထဲက တစ်ဦးဖြစ်လာဖို့ စွမ်းဆောင်နိုင်စွမ်း ရှိတယ်ဆိုတာကို ပြသခဲ့ပါတယ်။ သူ့ရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင် ရည်တွေကို ပွဲတွေမှာ တွေ့ခဲ့ပြီးပြီဖြစ်လို့ သူပြန်လာနိုင်ပါလိမ့်မယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ အောက်တိုဘာ ၇ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဘရန်ဖို့ဒ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 593
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃
အယ်လ်အစ်တီဟတ်အသင်းဟာ အာရှချန်ပီယံလိဂ်အုပ်စုပွဲစဉ်ကစားဖို့အတွက် အဝတ်စားလဲခန်းကနေ ထွက်ခွာဖို့ ငြင်းဆန်ခဲ့တာကြောင့် အီရန်ကလပ် ဆီပါဟန်အသင်းနဲ့ ပွဲစဉ်ကို ဖျက်ခဲ့ရပါတယ်။
စပါးနဲ့ ဝုလ်ဗ်စ်အသင်းနည်းပြဟောင်း နူနိုဆန်တို ကိုင်တွယ်နေပြီး ဖာဘင်ဟိုနဲ့ ကန်တီတို့ပါဝင်တဲ့ အယ်လ် အစ်တီဟတ်အသင်းဟာ ကွင်းအဝင်ဝမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ အီရန်ဗိုလ်ချုပ်ကြီး တစ်ဦးရဲ့ရုပ်တု ထားရှိ ထားတဲ့အပေါ် ဆန့်ကျင်ခဲ့ကြတာဖြစ်ပါတယ်။ အီရန်နဲ့ ဆော်ဒီတို့အကြား တင်းမာမှုအခြေအနေတွေကြောင့် လုံခြုံရေးမပေးနိုင်တဲ့အတွက် ၂၀၁၆ ခုနှစ်ကတည်းက ဒီ ၂ နိုင်ငံက ကလပ်အသင်းတွေ ကစားတဲ့ပွဲတွေကို ကြားကွင်းမှာ ကျင်းပခဲ့တာပါ။

အာရှဘောလုံးအဖွဲ့ချုပ်ကတော့ မျှော်လင့်ထားခြင်းမရှိတဲ့ အခြေအနေတွေကြောင့် ပွဲကိုဖျက်ခဲ့ရပြီး ဒီ အဖြစ် အပျက်တွေကို သက်ဆိုင်ရာကော်မတီတွေဆီ တင်ပြသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ အီရန်ကလပ် ဆီပါဟန်အသင်းထားရှိထားတဲ့ ရုပ်တုဟာ အီရန်ဗိုလ်ချုပ်ကြီး ဆိုလီမာနီရဲ့ ရုပ်တုဖြစ်ပါတယ်။ ဆိုလီမာနီဟာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီက ဘဂ္ဂဒက်လေဆိပ်အနီးနားမှာ အမေရိကန်ရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် သေဆုံး သွားခဲ့တာပါ။
အီရန်နိုင်ငံရဲ့ ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့က တီဟီရန်ရှိ ဆော်ဒီသံရုံးကို တိုက်ခိုက်မှုတွေပြုလုပ်ပြီးနောက် ဆော်ဒီ အသင်းတွေဟာ နိုင်ငံတကာအားကစားပြိုင်ပွဲတွေအတွက် အီရန်နိုင်ငံကို သွားရောက်ဖို့ ငြင်းဆန်ခဲ့ပြီး သူတို့ရဲ့ လုံခြုံရေးအတွက် အာမခံခြင်းမရှိဘူးလို့ ပြောခဲ့ပါတယ်။ အခုနှစ်ဘောလုံးရာသီမှာတော့ ဆော်ဒီကလပ်တွေဟာ အီရန်နိုင်ငံကို ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ရောက်ရှိလာခဲ့တာပါ။
ရော်နယ်ဒို ဦးဆောင်တဲ့ အယ်လ်နာဆာအသင်းဟာ ပြီးခဲ့တဲ့လက အာရှချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဆီပိုလစ်အသင်းကို အနိုင်ရပြီးနောက် အခုနှစ်ဘောလုံးရာသီ အီရန်နိုင်ငံမှာ လာရောက်ကစားတဲ့ ပထမဆုံးဆော်ဒီအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 809
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃
စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာနိုင်တယ်လို့ သတင်းတွေ ထွက်နေတဲ့ ချယ်လ်ဆီး အသင်း နည်းပြဟောင်း ဖရန့်လမ်းပတ်က နည်းပြလောကထဲကို အလျင်စလို ပြန်လာမှာမဟုတ်ဘူးလို့ ပြောလိုက် ပါတယ်။
ဖရန့်လမ်းပတ်က “လက်ရှိအခြေအနေတွေက ကျနော့်အတွက်ကောင်းပြီး ဖိအားတွေလည်း မရှိပါဘူး။ အနည်း ငယ် အားပြန်ဖြည့်ပြီး အလုပ်လုပ်တဲ့ အချိန်တုန်းက လုပ်ခွင့်မရတဲ့ အရာတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကြိုးစား ရှာဖွေတာက အရေးကြီးတယ်လို့ ထင်ပါတယ်။ ပရီးမီးယားလိဂ်မှာ အလုပ်လုပ်ရတာက တကယ်ကို ကောင်းပြီး နည်းပြတိုင်းက သူတို့ကိုယ်သူတို့ မျှော်လင့်ချက်တွေ ထားကြပါတယ်။ ခင်ဗျားက အကောင်းဆုံး ဖြစ်ချင်တဲ့ အတွက် ဒါတွေက မလွယ်ကူပါဘူး”လို့ Sky Sports ကို ပြောခဲ့တာပါ။
ဖရန့်လမ်းပတ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ချယ်လ်ဆီးအသင်းကို ယာယီနည်းပြအဖြစ် ရာသီအကုန်ထိ ကိုင်တွယ်ပြီးနောက် အနားယူနေတာ ဖြစ်ပါတယ်။

ဖရန့်လမ်းပတ်ကို တွေ့ရစဉ်
ရိန်းဂျားစ်အသင်းဟာ အခုနှစ် ဘောလုံးရာသီ ရလဒ်ဆိုးတွေကြောင့် မကြာသေးခင်ကမှ နည်းပြဖြစ်သူ မိုက်ကယ်ဘီယယ်လ်ကို ရာထူးက ထုတ်ပယ်ပြီး နည်းပြသစ် ရှာဖွေနေတာပါ။
ရိန်းဂျားစ်အသင်း နည်းပြသစ် ဖြစ်လာဖို့ ချိတ်ဆက် ခံခဲ့ရတဲ့သူတွေထဲမှာ ဖရန့်လမ်းပတ်လည်း တစ်ဦး အပါအဝင် ဖြစ်ပါတယ်။
ဒါပေမယ့် အင်္ဂလန် ကစားသမားဟောင်းကတော့ အခုအချိန်မှာ ရိန်းဂျားစ်အသင်း အပါအဝင် ဘယ်အသင်းကိုမှ ကိုင်တွယ်ဖို့ အစီအစဉ်မရှိဘူးလို့ ပြောခဲ့တာပါ။
ရိန်းဂျားစ်အသင်းဟာ ဖရန့်လမ်းပတ်ရဲ့ အင်္ဂလန် လက်ရွေးစင် အသင်းဖော်ဟောင်း စတီဗင်ဂျရတ် ကိုင်တွယ် ခဲ့ချိန်တုန်းက အောင်မြင်မှု ရခဲ့ပေမယ့် နောက်ပိုင်းမှာ ရလဒ်တွေဆိုးခဲ့ပြီး အခုနှစ် ဘောလုံးရာသီ စကော့တလန် လိဂ် ထိပ်ဆုံးနေရာမှာ ဦးဆောင်နေတဲ့ ဆဲလ်တစ်အသင်းနဲ့ ၇ မှတ်ကွာဟနေပါတယ်။
ရိန်းဂျားစ်အသင်း နည်းပြသစ်ဖြစ်လာဖို့ AZ အယ်လ်ခမာ အသင်းနည်းပြ ပါစကယ်လ်ဂျန်ဆန်က ရေပန်းစားနေ တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 646
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃
ဖူလ်ဟမ်အသင်းကို အနိုင်ရပြီး ရလဒ်ကောင်းတွေပြန်ရလာခဲ့ပေမယ့် လူငယ်ကစားသမားတွေ အများအပြားကို ခေါ်ယူထားတဲ့ ချယ်လ်ဆီးအသင်းကို စိတ်ရှည်ပေးဖို့ နည်းပြ ပိုချက်တီနိုက ပြောလိုက်ပါတယ်။
ပိုချက်တီနိုက “ကျနော်တို့ဟာ လူငယ်တွေကို နားလည်ဖို့ လိုပါတယ်။ ဒီကိုကြီးမားတဲ့ အပြောင်းအလဲပြုလုပ်ဖို့ ရောက်လာခဲ့တာဖြစ်ပေမယ့် အသင်းတစ်သင်းကို ရောက်တဲ့အချိန်မှာ အခြေချဖို့က မလွယ်ကူပါဘူး။ ဘာကြောင့် လဲဆိုရင် ခိုင်မာတောင့်တင်းမှုမရှိတဲ့အသင်းကို လူငယ်တွေအများကြီးရောက်ရှိလာလို့ပါ။ သူတို့တွေကို ယုံကြည်မှု ပေးရပါမယ်။ လူတွေက တစ်ခါတလေမှာ စိတ်ရှည်မှုမရှိကြပေမယ့် ကျနော့်အတွက်တော့ စိတ်ရှည်မှုနဲ့ သက်ဆိုင် ပါတယ်” လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဖူလ်ဟမ်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ပြိုင်ပွဲစုံ ၂ ပွဲ ဆက်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းအတွက် ဂိုးတွေကို မူဒရစ်နဲ့ ဘရိုဂျာတို့က သွင်းယူခဲ့တာ ဖြစ်ပြီး မူဒရစ်အတွက်တော့ ချယ်လ်ဆီးကစားသမားဘ၀ ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့တာပါ။ လန်ဒန်ကလပ် ဟာ ဖူလ်ဟမ်အသင်းကို အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၁ နေရာကို ရောက်ရှိ လာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က အသက် ၂၅ နှစ်အထက် ကစားသမားတွေကို ခေါ်ယူခဲ့ခြင်းမရှိတာကြောင့် ရာသီအစ ရလဒ်ပိုင်းတွေဟာ ဆိုးရွားနေခဲ့တာပါ။ ဖူလ်ဟမ်အသင်းကို အနိုင်ရ ခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ မူဒရစ်၊ ဘရိုဂျာနဲ့ ကွင်းလယ်ကစားသမား ကိုင်စီဒိုတို့ ဒဏ်ရာရရှိခဲ့ပေမယ့် အရမ်းကြီး စိုးရိမ်စရာမရှိဘူးလို့ နည်းပြ ပိုချက်တီနိုက ပြောခဲ့တာပါ။
ပိုချက်တီနိုက “မူဒရစ်နဲ့ ဘရိုဂျာတို့ရဲ့ စွမ်းဆောင်ရည်ကို ကျနော်ကျေနပ်ပါတယ်။ သူတို့တွေရဲ့ ဒဏ်ရာကလည်း ကြီးကြီးမားမားမဟုတ်ဖို့ မျှော်လင့်ပါတယ်။ ကိုင်စီဒိုကလည်း အတွင်းကြွက်သားထိခဲ့တာဖြစ်ပြီး ဘာမှမဖြစ်ဖို့ မျှော်လင့်ကြောင်း”ပြောခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ အောက်တိုဘာ ၇ ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘန်လေအသင်းနဲ့ ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။
Source:The Guardian
- By CNI
- Category: အားကစား
- Hits: 590
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃
ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက တာဂျစ်ကစ္စတန်ကလပ် အစ္စတစ်လိုအသင်းကို အနိုင်ရခဲ့တဲ့ အာရှ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပျော်ရွှင်တယ်လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသား ထားခဲ့ပါတယ်။
ရော်နယ်ဒိုက “အသင်းမှာရှိတဲ့ လူတိုင်းအတွက် အလွန်ကောင်းမွန်တဲ့ ပွဲတစ်ပွဲပါ။ ကျနော့်ရဲ့ ပထမဆုံး အာရှ ချန်ပီယံလိဂ်သွင်းဂိုးကို သွင်းယူနိုင်ခဲ့လို့ ပျော်ရွှင်ပါတယ်။ ကျနော်တို့ နိုင်ပွဲရနေတာကို ဆက်ပြီးထိန်းသိမ်း သွားရမယ်” လို့ ရေးသားခဲ့တာပါ။
အယ်လ်နာဆာအသင်းဟာ အစ္စတစ်လိုအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အာရှချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စု ဒုတိယပွဲစဉ်မှာ ရော်နယ်ဒိုဟာ အသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့တာဖြစ်ပြီး အနိုင်ဂိုးတွေကို တယ်လီစကာက ၂ ဂိုးစလုံးသွင်းယူခဲ့တာဖြစ်ပါတယ်။ အယ်လ်နာဆာအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်တုန်းကလည်း ပါဆီပိုလစ် အသင်းကို အနိုင်ရခဲ့တဲ့အတွက် ၂ ပွဲကစားအပြီးမှာ ၂ ပွဲစလုံးအနိုင်ရကာ အုပ်စုတွင်းအမှတ်ပေးဇယားကို ဦးဆောင် နေတာပါ။

အသက် ၃၈ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ အစ္စတစ်လိုအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂိုးသွင်းယူပြီးနောက် အယ်လ်နာဆာအသင်းအတွက် နောက်ဆုံးပါဝင်ကစားပေးခဲ့တဲ့ ၈ ပွဲမှာ ၈ ဂိုးသွင်းပြီး ၄ ဂိုးဖန်တီးထားတာ ဖြစ်ပါတယ်။ ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ အခုနှစ်ဘောလုံးရာသီမှာ အယ်လ်နာဆာအသင်းအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး ၁၆ ပွဲပါဝင်ကစားထားတာမှာ ၁၇ ဂိုးသွင်းယူပေးထားပြီး အာရပ်ကလပ် ချန်ပီယံ များဖလား ရယူပေးထားတာပါ။
အယ်လ်နာဆာအသင်းဟာ အောက်တိုဘာ ၆ ရက်မှာ ဆော်ဒီပရိုလိဂ်ပွဲစဉ်အဖြစ် အက်ဘာအသင်းနဲ့ ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။ ပြိုင်ပွဲစုံ ၁၀ ပွဲဆက်တိုက်နိုင်ပွဲရရှိထားတဲ့ အယ်လ်နာဆာအသင်းဟာ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာက အယ်လ်ဟီလယ်အသင်းနဲ့ ၂ မှတ်အကွာ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။
Source:ChannelNewsAsia
- By CNI
- Category: အားကစား
- Hits: 734
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂
မြောက်ကိုရီးယားအသင်းကစားသမားတွေဟာ ဂျပန်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ အာရှ အားကစား ပြိုင်ပွဲအမျိုးသားဘောလုံးပွဲစဉ်ရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်အပြီးမှာ ကွင်းလယ်ဒိုင်လူကြီးကို တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ ရုပ်သံဖိုင်တွေ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံခဲ့တာဖြစ်ပါတယ်။
မြောက်ကိုရီးယားအသင်းခေါင်းဆောင်အပါအဝင် အသင်းဖော်တွေဟာ ကွင်းလယ်ဒိုင်လူကြီးကို ထိပ်တိုက် တွေ့ဆုံဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး မြောက်ကိုရီယားအသင်းနည်းပြက သူ့ကစားသမားတွေဆီပြေးကာ အခြေ အနေကို ထိန်းသိမ်းဖို့ လုပ်ဆောင်ခဲ့ရတာပါ။ မြောက်ကိုရီးယားကစားသမားတွေဟာ ဂျပန်အသင်းကို ပင်နယ်တီပေးခဲ့တာကြောင့် ဒိုင်လူကြီးကို အစောပိုင်းကတည်းက ဒေါသထွက်နေခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ တိုက်ခိုက်ဖို့အထိပါ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားအသင်းနည်းပြကတော့ ဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ သူ့ရဲ့ကစားသမားတွေကို ကာကွယ်သွားခဲ့တာပါ။
မြောက်ကိုရီယားအသင်းနည်းပြက “ကျနော့်ကစားသမားတွေက အနည်းငယ်စိတ်လှုပ်ရှားနေကြတယ်ဆိုတာကို ကျနော်ဝန်ခံပါတယ်။ ဒါပေမယ့် ဒါက ဘောလုံးပွဲပါ။ ဘောလုံးပွဲတွေမှာ ဒီလိုထိပ်တိုက်တွေ့ဆုံမှုတွေရှိကြပါတယ်။ ကျနော်တို့ရဲ့ အပြုအမူက လက်ခံနိုင်စရာလို့ ထင်ကြောင်း”ပြောခဲ့ပါတယ်။
ဂျပန်အသင်းနည်းပြက ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ကာ ဒီပွဲက သူတို့ မျှော်လင့် ထားသလိုပါပဲလို့ ပြောခဲ့တာပါ။ ဂျပန်အသင်းဟာ အာရှအားကစားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်မှာ ဟောင်ကောင် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နောက်ထပ်ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် တောင်ကိုရီးယားအသင်းနဲ့ ဥဇဘတ်ကစ္စတန် အသင်းတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ဒီပွဲတွေကို အောက်တိုဘာ ၄ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 650
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂
ယူနိုက်တက်အသင်းနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ဟာ ခြေဖဝါးဒဏ်ရာကို ဒုတိယအကြိမ်မြောက် ခွဲစိတ် ကုသမှုခံယူရမှာဖြစ်လို့ ၂၀၂၄ ခုနှစ်အထိ အနားယူရဖွယ်ရှိနေတယ်လို့ The Athletic က ဖော်ပြထားပါတယ်။
အာဂျင်တီးနားအသင်းနောက်ခံလူဟာ ခြေဖဝါးဒဏ်ရာကို နောက်ထပ်ခွဲစိတ်ကုသမှုခံယူပြီးရင် အနည်းဆုံး ၃ လကြာအနားယူရဖွယ်ရှိနေပြီး ခံစစ်ပိုင်းအခက်အခဲတွေရှိနေတဲ့ ယူနိုက်တက်အတွက် ကြီးမားတဲ့ ထိုးနှက် ချက်ဖြစ်လာခဲ့တာပါ။
လီဆန်ဒရိုမာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဆီဗီလာအသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ရရှိခဲ့တဲ့ ညာဘက်ခြေဖဝါးဒဏ်ရာကို ခွဲစိတ်ပြီးနောက် ၂ လနီးပါးကြာ အနားယူခဲ့ရပါတယ်။
လီဆန်ဒရိုမာတီနက်ဇ်ဟာ အခုနှစ်ဘောလုံးရာသီမစတင်ခင် ယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ် တွေမှာ ပါဝင်ခဲ့ပြီး ပွဲတွေပါဝင်ကစားပေးခဲ့ပေမယ့် အာဆင်နယ်အသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ နာကျင်မှု တွေပြန်လည်ခံစားခဲ့ရတာပါ။ အာဂျင်တီးနားကစားသမားဟာ နာကျင်မှုခံစားခဲ့ရပေမယ့် ဘရိုက်တန်အသင်းနဲ့ ပရီးမီးယားလိဂ်၊ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲတွေမှာ ယူနိုက်တက်အသင်းအတွက် ပါဝင်ကစား ပေးခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ ယူနိုက်တက်အသင်းရဲ့ဆေးအဖွဲ့ဟာ ကာလရှည်ကြာခံစားနေရတဲ့ လီဆန်ဒရိုမာတီနက်ဇ်ရဲ့ ဒဏ်ရာအခြေအနေပြန်ကောင်းလာနိုင်စေဖို့ ခွဲစိတ်မှုထပ်မံခံယူဖို့က အကောင်းဆုံးဖြစ်မယ်လို့ ဆုံးဖြတ်ချက် ချခဲ့တာပါ။ လီဆန်ဒရိုမာတီနက်ဇ်အပါအဝင် လုပ်ခ်ရှော၊ မာလာစီယာ၊ ဝမ်ဘစ်ဆာကာ၊ ရယ်ဂီလွန်တို့ကလည်း ဒဏ်ရာတွေကြောင့် အနားယူနေရတဲ့အတွက် ယူနိုက်တက်အသင်းဟာ ခံစစ်ပိုင်းအခက်အခဲတွေနဲ့ ရင်ဆိုင် နေရတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ ကွင်းလယ်လူ အမ်ရာဘတ်ကို ဘယ်နောက်ခံနေရာမှာ အသုံးပြုနေရပြီး ဗဟိုခံစစ်မှာတော့ ဗာရန်း၊ လင်ဒီလော့ဖ်နဲ့ မက်ဂွဲယားတို့ကို အလှည့်ကျအသုံးပြုဖို့ ရှိနေတာပါ။ ယူနိုက်တက် အသင်းဟာ လာမယ့်ကြားရက်မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဂါလာတာစာရေးနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲအပြီးမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရန်ဖိုဒ့်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 937
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂
စပါးအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ VAR ပြုလုပ်ခဲ့တဲ့ အမှားကြောင့် အားကစား ဂုဏ်သိက္ခာကို ကျဆင်းစေတယ်လို့ လီဗာပူးလ်အသင်းက ကြေညာချက် ထုတ်ပြန်ပြီး ပြောလိုက်ပါတယ်။
စပါးအသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ လီဗာပူးလ်အသင်း တောင်ပံကစားသမား ဒီယက်ဇ်ရဲ့ သွင်းဂိုးကို လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တာမှာ VAR ရဲ့ ဆုံးဖြတ်ချက် မှားယွင်းခဲ့တယ်လို့ အင်္ဂလန်ပရော်ဖက်ရှင်နယ် ဒိုင်လူကြီးများအဖွဲ့ချုပ်(PGMOL)က ပွဲအပြီးမှာ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
အဲ့ဒါကြောင့် PGMOL က စပါးနဲ့ လီဗာပူးလ်အသင်း ပွဲစဉ်ကို တာဝန်ယူခဲ့တဲ့ VAR တာဝန်ရှိသူတွေကို ဒီတစ်ပတ် ပွဲစဉ်တွေမှာ တာဝန်ပေးခြင်းကနေ အနားပေးခဲ့တာ ဖြစ်ပါတယ်။
PGMOL က ဂိုးမပေးခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ သိသာထင်ရှားတဲ့ လူသား အမှားဖြစ်တယ်လို့ ပြောခဲ့ပေမယ့် လီဗာပူးလ် အသင်းကတော့ ဒီရှင်းလင်းချက်ဟာ လက်ခံနိုင်စရာမရှိဘဲ ပွင့်လင်းမြင်သာမှု အပြည့်နဲ့ သုံးသပ်ပေးဖို့ တောင်းဆိုထားပါတယ်။

လီဗာပူးလ်နဲ့ စပါး အသင်းယှဉ်ပြိုင်နေစဉ်
လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က PGMOL ရဲ့ ထုတ်ပြန်ချက်ကြောင့် သူတို့ အမှတ်ရမှာ မဟုတ်တဲ့အတွက် ဒါဟာ အကူအညီ မဖြစ်ဘူးလို့ စပါးအသင်းနဲ့ ပွဲအပြီးမှာ ပြောခဲ့တာပါ။
အခုအချိန်မှာတော့ လီဗာပူးလ်အသင်းကလည်း ဒီဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး တရားဝင် ကြေညာချက် ထုတ်ပြန်လာခဲ့ပါတယ်။
လီဗာပူးလ်အသင်းက “PGMOL က သူတို့ရဲ့ ကျရှုံးမှုတွေကို ဝန်ခံခဲ့တဲ့အပေါ် လီဗာပူးလ်အသင်းက အသိအမှတ်ပြု ပါတယ်။ ပွဲရဲ့ နိယာမတွေကို မှန်ကန်စွာ အသုံးမချနိုင်ခဲ့တဲ့အတွက် အားကစားဂုဏ်သိက္ခာကို ကျဆင်းစေတယ်ဆို တာ ရှင်းပါတယ်။ သိသာထင်ရှားတဲ့ လူသားအမှားလို့ ပြောခဲ့တာကို လက်ခံနိုင်စရာမရှိပါဘူး။ အဲ့ဒါကြောင့် အားလုံးကို သေချာသုံးသပ်ပြီး ပွင့်လင်းမြင်သာမှု အပြည့်နဲ့ ပြန်လည်ချမှတ်သင့်ပါတယ်”လို့ ပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ စပါးအသင်းနဲ့ ပွဲမှာ အရေးနိမ့်ခဲ့တာကြောင့် အခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ မှာ ပထမဆုံးရှုံးပွဲ ကြုံတွေ့ခဲ့တာဖြစ်ပြီး အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရမှတ် ၁၆ မှတ်နဲ့ ရပ်တည်နေတာ ပါ။
လီဗာပူးလ်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 693
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂
ချယ်လ်ဆီးအသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ တိုက်စစ်မှူး လူကာကူက မဖြစ်မနေနိုင်ပွဲရယူရမယ့် ဖရိုစီနိုနီအသင်းနဲ့ပွဲမှာ နိုင်ပွဲရယူပြီးနောက် ရိုးမားအသင်းရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးမှုပြုလုပ်သွားခဲ့ပါတယ်။
လူကာကူက “ဒီရက်ပိုင်းမှာ ကျနော်တို့နည်းပြနဲ့ စကားပြောခဲ့ပြီး ဒီပွဲကို အနိုင်ရဖို့ အရေးကြီးတယ်လို့ အချင်းချင်း ပြောခဲ့ကြပါတယ်။ ကျနော်တို့ဟာ ပွဲကောင်းတစ်ပွဲကို ကစားခဲ့ပြီး ၂ ဂိုးသွင်းနိုင်ခဲ့သလို ဂိုး မပေးရအောင်လည်း လုပ်နိုင်ခဲ့ပါတယ်။ ကျနော်တို့ ဒီအတိုင်းဆက်သွားကြပါမယ်။ ကျနော်တို့ဟာ ခက်ခဲတဲ့ အနေအထားမှာ ရှိတယ် ဆိုတာ သိပေမယ့် ရာသီက ရှည်လျားပြီး အခုလုပ်ခဲ့တဲ့ ပုံစံအတိုင်းဆက်သွားရမှာပါ” လို့ ပွဲအပြီး DAZN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
ရိုးမားအသင်းဟာ ဖရိုစီနိုနီအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး လူကာကူနဲ့ ပယ်လီဂရီနီတို့က ဂိုးသွင်း ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ရလဒ်တွေဆိုးနေတဲ့ ရိုးမားအသင်းအတွက် ဒီနိုင်ပွဲဟာ အခုနှစ်ဘောလုံးရာသီ စီးရီးအေ ပြိုင်ပွဲမှာ ဒုတိယမြောက်နိုင်ပွဲလည်း ဖြစ်ခဲ့တာပါ။ အသက် ၃၀ နှစ်အရွယ်ရှိ လူကာကူဟာ ဒီဂိုးကြောင့် ရိုးမား အသင်းအတွက် ပွဲပေါင်း ၆ ပွဲ ကစားအပြီးမှာ သွင်းဂိုး ၄ ဂိုးသွင်းယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

နည်းပြဘ၀ အဆိုးရွားဆုံးမှတ်တမ်းနဲ့ ရင်ဆိုင်နေရတဲ့ မော်ရင်ဟိုအတွက်လည်း ရိုးမားအသင်းရဲ့ နိုင်ပွဲကြောင့် သက်သာရာရစေခဲ့တာပါ။
မော်ရင်ဟိုက “နိုင်ပွဲရယူနိုင်ခဲ့တဲ့အတွက် ကျနော်အလွန်ပျော်ရွှင်ပါတယ်။ ကျနော်တို့ဟာ ကြားရက်တုန်းကလို ရှုံးပွဲကြုံတွေ့သွားရင်တော့ လွယ်ကူမှာမဟုတ်ပါဘူး။ ပရိသတ်တွေဟာ ကျနော်တို့အသင်းကို ဆန့်ကျင်တယ်လို့ ဘယ်တုန်းကမှ မခံစားခဲ့ရပါဘူး။ သူတို့ရဲ့ အားပေးမှုတွေက ထူးခြားပါတယ်။ ကျနော်တို့ဟာ နိုင်ပွဲရသည်ဖြစ်စေ၊ နိုင်ပွဲမရသည်ဖြစ်စေ အသင်းလိုက်စည်းလုံးမှုရှိတယ်” လို့ ပြောခဲ့ပါတယ်။
ရိုးမားအသင်းဟာ ဖရိုစီနိုနီအသင်းကို အနိုင်ရခဲ့ပြီးနောက် လာမယ့်ကြားရက်မှာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ဆာဗတ်တီ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Reuters
- By CNI
- Category: အားကစား
- Hits: 849
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁
MMA ဖိုက်တာ အန်ဂျလာလီဟာ စက်တင်ဘာ ၃၀ ရက်က စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ ONE Fight Night 14 ပွဲစဉ်မှာ MMA အားကစားနည်းကနေ အနားယူကြောင်း ကြေညာလိုက်ပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေအတွက် ကျေးဇူးတင်တယ်လို့ ပြောလိုက်ပါတယ်။
အန်ဂျလာလီဟာ အသက် ၁၉ နှစ် အရွယ်မှာကတည်းက ONE Championship ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ ပြီး အသက်အငယ်ဆုံး ကမ္ဘာ့ချန်ပီယံအဖြစ် မှတ်တမ်း တင်ထားနိုင်ခဲ့တာပါ။
ONE atomweight ချန်ပီယံ အန်ဂျလာလီဟာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ နောက်ပိုင်း ပွဲတွေ ထိုးသတ်ခြင်း မရှိတော့ပါဘူး။ သူမရဲ့ ညီမဖြစ်သူ ဗစ်တိုးရီးယားလီဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ကိုယ့်ကိုယ်ကို သတ်သေသွား ခဲ့တာ ဖြစ်ပါတယ်။
အန်ဂျလာလီဟာ သူ့ရဲ့ချန်ပီယံ ခါးပတ်ကို ပွဲထိုးသတ်တဲ့ နေရာရဲ့ အလယ်မှာ ချထားခဲ့ပြီးနောက် MMA အားကစားနည်းကနေ အနားယူကြောင်း ကြေညာသွားခဲ့တာပါ။

အန်ဂျလာလီကို တွေ့ရစဉ်
အသက် ၂၇ နှစ်အရွယ်ရှိ အန်ဂျလာလီဟာ ONE atomweight ချန်ပီယံဆုကို ၅ ကြိမ်တိုင်တိုင် ကာကွယ်နိုင်ခဲ့ပြီး သူမ အနားယူခဲ့တာကြောင့် ချန်ပီယံအသစ် ထွက်ပေါ်လာခဲ့ပါတယ်။
အန်ဂျလာလီဟာ MMA ပွဲပေါင်း ၁၄ ပွဲ ထိုးသတ်ခဲ့တာမှာ ၁၁ ပွဲအနိုင်ရပြီး ၃ ပွဲ အရေးနိမ့်ခဲ့တာပါ။
အန်ဂျလာလီက ၂၀၁၇ ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ ကားတိုက်မှုဟာ မတော်တဆမှု မဟုတ်ဘဲ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
အန်ဂျလာလီနဲ့ သူမရဲ့ မောင် ခရစ္စတီယန်လီတို့ဟာ ညီမဖြစ်သူ သေဆုံးပြီးနောက် ပွဲတွေထိုးသတ်ခြင်း မရှိတော့ တာပါ။
အန်ဂျလာလီဟာ ညီမဖြစ်သူ သေဆုံးပြီးနောက် စင်္ကာပူနိုင်ငံကို ပထမဆုံးပြန်လာတဲ့ ခရီးစဉ်မှာ သူမဟာ စိတ်ပိုင်းဆိုင်ရာ ရုန်းကန်ခဲ့ရတယ်လို့ ပြောထားပါတယ်။
Source: CNA
