CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၉

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က အသင်းမှာ ပြဿနာတွေရှိနေတယ်လို့ အဲဗာတန်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် ပြောလိုက်ပါတယ်။

အဲရစ်တန်ဟတ်က “ကျနော်တို့ဟာ အောင်မြင်ချင်သလို အောင်မြင်ဖို့လည်း လိုအပ်ပါတယ်။ ကျနော်တို့မှာ ပြဿနာတွေရှိနေပေမယ့် တိုက်ပွဲဝင်သွားမှာပါ။ အသင်းမှာ ဒဏ်ရာပြဿနာတွေ ရှိနေပါတယ်။ ဒါပေမယ့် အသုံးပြုလို့ရတဲ့ ကစားသမားတွေနဲ့ ကျနော်တို့ တိုက်ပွဲဝင်သွားမှာဖြစ်ပြီး ဘယ်ပြိုင်ဘက် အသင်းဖြစ်နေပါစေ အနိုင်ရဖို့အတွက် သွားရမယ်”လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ရလဒ်ပိုင်းတွေ ဆိုးရွားနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၄ နေရာက ဗီလာအသင်းနဲ့ ၁၁ မှတ်ကွာဟနေတာပါ။ 

ဒါအပြင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုနောက်ဆုံးနေရာနဲ့ ထွက်ခဲ့ရသလို ကာရာဘောင်းဖလားပြိုင်ပွဲမှာ ၁၆ သင်း အဆင့်ကနေ ထွက်ခဲ့ရပါတယ်။ 

ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် တစ်ခုတည်းသော မျှော်လင့်စရာဆုဖလားအဖြစ် FA ဖလားသာ ရှိတော့တာပါ။  ဒါပေမယ့် FA ဖလားပြိုင်ပွဲမှာ ပြိုင်ဘက်ကြီး လီဗာပူးလ်အသင်းနဲ့ ကွာတားဖိုင်နယ်မှာ တွေ့ဆုံရမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ နည်းပြ အဲရစ်တန်ဟတ်ရဲ့ ပွဲဦးထွက်ရာသီဖြစ်တဲ့ မနှစ်ကရာသီမှာ ကာရာဘောင်းဖလား ရယူနိုင်ခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၃ နဲ့ FA ဖလားပြိုင်ပွဲမှာ ဒုတိယရရှိခဲ့တာပါ။ 

ဒါပေမယ့် ဒီရာသီမှာ ယူနိုက်တက်အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် နည်းပြ အဲရစ်တန်ဟတ်လည်း ဝေဖန်မှုတွေ ခံနေရတာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ အဓိက ကစားသမားအချို့ ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့နေရပြီး အဲဗာတန်အသင်းနဲ့ပွဲကို လွဲချော်ဦးမှာပါ။

ဟော့ဂျ်လန်းနဲ့ မက်ဂွဲယားတို့ဟာ လီဗာပူးလ်အသင်းနဲ့ FA ဖလားပွဲစဉ်မှ ပြန်ပါဝင်နိုင်မှာဖြစ်ပြီး မေဆန်မောင့်က နိုင်ငံတကာပွဲစဉ်အပြီးမှ ယူနိုက်တက်အသင်းအတွက် ပြန်ပါဝင်နိုင်မယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောခဲ့ပါတယ်။

လုပ်ခ်ရှော၊ လီဆန်ဒရိုမာတီနက်ဇ်တို့ဟာ ဆက်လက် အနားယူရဦးမှာဖြစ်သလို မာလာစီယာကတော့ ဒီရာသီမှာ ပါဝင်ကစားနိုင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

Source: Metro