CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၈

အာဆင်နယ်အသင်းနည်းပြ အာတီတာက အဓိက ကစားသမားတွေဖြစ်တဲ့ ဆာကာနဲ့ မာတင်နယ်လီတို့ နှစ်ဦးစလုံး ဘရန်ဖို့ဒ်အသင်းနဲ့ပွဲမှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။

အာတီတာက “ပြီးခဲ့တဲ့ တနင်္လာနေ့အပြီးမှာ ပြန်လာနိုင်ခဲ့တဲ့ ကစားသမားအချို့ရှိခဲ့ပါတယ်။ ဆာကာနဲ့ မာတင်နယ်လီတို့မှာ ပြဿနာအနည်းငယ်ရှိပေမယ့် သူတို့ဟာ ဒီပွဲမှာပါဝင်နိုင်မယ်ဆိုတာကို အလွန် အပြုသဘော ဆောင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ သူတို့ရဲ့အခြေအနေကို စောင့်ကြည့်ရမှာပါ”လို့ ပြောခဲ့တာပါ။

အာဆင်နယ်အသင်းက ရှက်ဖီးယူနိုက်တက်အသင်းကို ၆ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ မာတင်နယ်လီဟာ ဒဏ်ရာ ကြောင့် လူစားလဲခံခဲ့ရသလို ဆာကာကလည်း ဖျားနာနေတာကြောင့် ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။

ဆာကာကို တွေ့ရစဉ်

အဲဒါကြောင့် ဘရန်ဖို့ဒ် အသင်းနဲ့ပွဲမှာ ဒီကစားသမား ၂ ဦး မပါဝင်နိုင်မှာကို စိုးရိမ်မှုတွေ ရှိနေကြပေမယ့် အာတီတာကတော့ စိုးရိမ်မှုတွေကို ဖြေလျှော့ပေးခဲ့ပြီး ဒီပွဲကို ပါဝင်နိုင်မယ်လို့ ယုံကြည်မှုရှိနေတာပါ။

ဆာကာဟာ ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ၁၆ ဂိုး သွင်းယူထားပြီး ၁၅ ဂိုး ဖန်တီးထားသလို မာတင်နယ်လီကလည်း ၈ ဂိုးသွင်းပြီး ၅ ဂိုးဖန်တီးထားတာ ဖြစ်ပါတယ်။ 

ဒဏ်ရာကြောင့် အနားယူခဲ့ရပြီး ရှက်ဖီးယူနိုက်တက်အသင်းနဲ့ပွဲမှာ ပွဲကစားချိန် မိနစ်ပြန်ရခဲ့တဲ့ ပါတေးနဲ့ တိုက်စစ်မှူး ဂျီးဆပ်စ်တို့ဟာ ဘရန်ဖို့ဒ်အသင်းနဲ့ပွဲမှာ ပါဝင်နိုင်မှာဖြစ်ပြီး ဂိုးသမား ဒေးဗစ်ရေယာကတော့ မိခင်ကလပ်နဲ့ ပြန်လည်ရင်ဆိုင်မှာ ဖြစ်လို့ ဒီပွဲကို လွဲချော်မှာပါ။

အဲ့ဒါကြောင့် ဒီရာသီမှာ အာဆင်နယ် အသင်းအတွက် ၅ ပွဲသာ ပါဝင်ကစားရသေးတဲ့ ရမ်စဒေးလ်ဟာ အသင်းရဲ့ ဂိုးပေါက်ကို ပြန်ပြီးတာဝန်ယူရမှာ ဖြစ်ပါတယ်။ 

နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲမှာ ၂၁ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းအနေနဲ့ ဘရန်ဖို့ဒ် အသင်းနဲ့ပွဲမှာ အနိုင်ရယူနိုင်ခဲ့ရင် ပရီးမီးယားလိဂ်အဆင့် ၁ နေရာကို တက်လှမ်းနိုင်မှာဖြစ်ပါတယ်။

Source: Metro