- By CNI
- Category: အားကစား
- Hits: 876
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၆
ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက ပရက်စတန်အသင်းနဲ့ ကစားမယ့် FA ဖလားတတိယအဆင့်ပွဲစဉ်မှာ အကောင်းဆုံး လူစာရင်းကို အသုံးပြုသွားမယ်လို့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ပိုချက်တီနိုက “ဒီပွဲမှာ ကျနော်တို့လူစာရင်းကို အများကြီး ပြောင်းလဲသွားဖို့ မရှိပါဘူး။ FA ဖလားပွဲစဉ်လို မဟုတ်ဘဲ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲလို ကစားသွားမှာပါ။ ပရက်စတန်ကို လေးစားမှုအပြည့်ရှိပြီး ဒါကို ခင်ဗျားတို့ မြင်တွေ့ ရပါလိမ့်မယ်။ ကျနော်တို့က အနိုင်ရချင်တဲ့အတွက် အလုပ်တွေ အများကြီးပိုပြီးလုပ်ဖို့ လိုပါတယ်။ ဒီအဆင့်ကို ကျော်ဖြတ်ပြီး နောက်တစ်ဆင့်တက်ဖို့က အလွန်အရေးကြီးပါတယ်”လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ အိမ်ကွင်းမှာ ကစားရမယ့် FA ဖလား တတိယအဆင့်ပွဲစဉ်မှာ ချန်ပီယံရှစ်ကလပ် ပရက်စတန်အသင်းကို အနိုင်ယူပြီး စတုတ္တအဆင့်တက်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရသလို ပရက်စတန်အသင်း ကလည်း ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အဆင့် ၁၄ နေရာမှာ ရပ်တည်နေတာပါ။
ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက ဒီပွဲကို ပရီးမီးယားလိဂ်ပွဲလို ကစားသွားမယ်လို့ ပြောထားပါတယ်။
ချယ်လ်ဆီးအသင်းရဲ့ အဓိကတိုက်စစ်မှူးဖြစ်တဲ့ ဂျက်ဆန်ဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဝင်ဖို့ ဆီနီဂေါ အသင်းနဲ့ သွားရောက် ပူးပေါင်းနေတာကြောင့် ပရက်စတန်အသင်းနဲ့ ပွဲမှာ အသင်းရဲ့ တိုက်စစ်မှူး နေရာအတွက် ဘရိုဂျာနဲ့ အန်ကွန်ကူတို့ ပွဲထွက်လာနိုင်တာပါ။
ပိုချက်တီနိုကတော့ ဘရိုဂျာကို ပွဲထွက်လူစာရင်းမှာ အသုံးပြုဖို့ ရှိနေပြီး အန်ကွန်ကူကို လူစားဝင် ကစားသမား အဖြစ်သာ အသုံးပြုနိုင်တယ်လို့ ပြောခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ လာမယ့်ကြားရက်ထဲမှာ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် မယ်ဒယ်ဘရော့အသင်းနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 667
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၆
ပေါ်တူဂီနဲ့ အယ်လ်နာဆာ အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ၂၀၂၃ ခုနှစ်ရဲ့ ကမ္ဘာ့ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်ခဲ့ပေမယ့် IFFHS က ထုတ်ပြန်ခဲ့တဲ့ တစ်နှစ်တာ အကောင်းဆုံးအသင်းမှာ ချန်လှပ်ခံခဲ့ရပါတယ်။
ရော်နယ်ဒိုဟာ ၂၀၂၃ ခုနှစ်ထဲမှာ ပေါ်တူဂီနဲ့ အယ်လ်နာဆာ အသင်းအတွက် ၅၉ ပွဲ ပါဝင်ကစားခဲ့ပြီး ၅၄ ဂိုး သွင်းယူနိုင်ခဲ့တာပါ။
အသက် ၃၈ နှစ်အရွယ်ရှိ ကစားသမားဟာ ဒီလိုစွမ်းဆောင်နိုင်ခဲ့ပေမယ့် နိုင်ငံတကာဘောလုံးသမိုင်းကြောင်းနဲ့ အချက်အလက်အဖွဲ့အစည်း(IFFHS) ရဲ့ တစ်နှစ်တာ အကောင်းဆုံးအသင်းမှာ ပါဝင်ဖို့အတွက် မလုံလောက်ခဲ့ ပါဘူး။
ဒီအဖွဲ့အစည်းဟာ ရော်နယ်ဒိုအစား ရှေ့တန်းမှာ ဟာလန်း၊ ဘတ်ပီနဲ့ ဟာရီကိန်းတို့ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
ဟာလန်းဟာ ၂၀၂၃ ခုနှစ်ထဲမှာ ဂိုး ၅၀ သွင်းပြီး မန်စီးတီးအသင်းကို ဆုဖလားတွေ ရယူနိုင်အောင် ကူညီပေးနိုင်ခဲ့တာပါ။

ဘတ်ပီနဲ့ ဟာရီကိန်းတို့ကလည်း ၂၀၂၃ ခုနှစ်ထဲမှာ ၅၂ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ မကြာသေးခင်က IFFHS ရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမား ၁၀ ဦးစာရင်းမှာ ချန်လှပ်ခံ ခဲ့ရလို့ ရယ်မောတဲ့ အီမိုဂျီနဲ့ တုန့်ပြန်ခဲ့သေးတာပါ။
ရော်နယ်ဒိုရဲ့ အဓိကပြိုင်ဘက်ကြီး မက်ဆီကတော့ IFFHS ရဲ့ တစ်နှစ်တာ အကောင်းဆုံးအသင်းမှာ ကွင်းလယ် ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
မက်ဆီဟာ မန်စီးတီးအသင်းက ဒီဘရိုင်း၊ ရိုဒရီ၊ ရီးရယ်လ်အသင်းက ဘယ်လင်ဂမ်တို့နဲ့အတူ ကွင်းလယ်မှာ ရွေးချယ်ခံခဲ့ရတာပါ။
နောက်တန်းမှာတော့ မန်စီးတီးအသင်းက ရူဘင်ဒီယက်ဇ်၊ ဘိုင်ယန်မြူးနစ်အသင်းက ကင်မင်ဂျေးနဲ့ အယ်လ်ဖွန်ဆို ဒေးဗီးစ်တို့ ရွေးချယ်ခံခဲ့ရပြီး ဂိုးသမားနေရာမှာ မန်စီးတီးအသင်းက အီဒါဆန် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ၂၀၂၃ ခုနှစ်ထဲမှာ ဆုဖလား ၅ လုံးအထိ ရယူနိုင်ခဲ့တာကြောင့် IFFHS ရဲ့ တစ်နှစ်တာ အကောင်းဆုံး အသင်းမှာ ကစားသမား ၅ ဦးအထိ ရွေးချယ်ခံခဲ့ရပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 876
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၅
ပရီးမီးယားလိဂ် ကလပ်အသင်းအချို့ဟာ ဆော်ဒီပရိုလိဂ်ကလ် အယ်လ်အာလီအသင်းမှာ ကစားနေတဲ့ လီဗာပူးလ် အသင်း တိုက်စစ်မှူးဟောင်း ဖာမီနိုကို ခေါ်ယူဖို့ ကမ်းလှမ်းမှု ပြုလုပ်ထားပါတယ်။
ဘရာဇီးလ်တိုက်စစ်မှူး ဖာမီနိုဟာ လီဗာပူးလ်အသင်းမှာ ၈ နှစ်ကြာ ကစားပြီးနောက် ပြီးခဲ့တဲ့နွေရာသီက အယ်လ်အာလီအသင်းထံ ပြောင်းရွှေ့သွားခဲ့တာပါ။
ဖာမီနိုဟာ အယ်လ်အာလီအသင်းအတွက် ပွဲဦးထွက်တဲ့ပွဲမှာ ဟက်ထရစ် သွင်းယူပြီး ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် နောက်ဆုံး ၁၈ ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိပါဘူး။
ဖာမီနိုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက မိသားစုအားလပ်ရက်အတွင်းမှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တဲ့ ဖခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
ဖာမီနိုဟာ ဒီအဖြစ်အပျက်တွေအပြင် အယ်လ်အာလီအသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတာကြောင့် အခုအပြောင်းအရွှေ့မှာ အသင်းက ထွက်ခွာချင်နေတာပါ။
ဒီအချိန်မှာ ဖူလ်ဟမ်အသင်းဟာ လီဗာပူးလ်အသင်း တိုက်စစ်မှူးဟောင်းကို ခေါ်ယူဖို့ ကမ်းလှမ်းထားတဲ့ ပရီးမီးယားလိဂ် အသင်းတွေထဲက တစ်သင်းဖြစ်တယ်လို့ talkSPORT က ဖော်ပြထားပါတယ်။

ဖာဖီနိုကို တွေ့ရစဉ်
ဖာမီနိုကို ခေါ်ယူဖို့ ရှက်ဖီးယူနိုက်တက်အသင်းကလည်း စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။
ဖူလ်ဟမ်အသင်းကတော့ ပြီးခဲ့တဲ့နွေရာသီက ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ မီထရိုဗစ် နေရာမှာ အတွေ့အကြုံရှိတဲ့ တိုက်စစ်မှူးတစ်ဦးကို အစားထိုးချင်နေပါတယ်။
အဲ့ဒါကြောင့် ဖာမီနိုဟာ ဖူလ်ဟမ်အသင်းရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ ဖာမီနိုဟာ လီဗာပူးလ်အသင်းမှာ ကစားခဲ့ တဲ့ အချိန်အတွင်း ဆုဖလားအားလုံးကို ရယူနိုင်ခဲ့ပြီး ဆာလက်၊ မာနေးတို့နဲ့အတူ အသင်းတိုက်စစ်မှာ အတွဲညီခဲ့ တာပါ။
ဖာမီနိုဟာ လီဗာပူးလ်အသင်းအတွက် ၂၀၁၅ ခုနှစ်ကနေ ပြီးခဲ့တဲ့နှစ်အထိ ပွဲပေါင်း ၃၆၂ ပွဲ ပါဝင်ကစားကာ ၁၁၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ဖာမီနိုဟာ မကြာသေးခင်က လီဗာပူးလ် အသင်းဖော်ဟောင်း ဖာဘင်ဟိုနဲ့အတူ လီဗာပူးလ်အသင်းက နယူးကာဆယ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲကို တက်ရောက် ကြည့်ရှုအားပေးခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ဒုတိယနေရာက အက်စတွန်ဗီလာအသင်းကို ရမှတ် ၃ မှတ်အသာရပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 775
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၅
ဂီတာဖေးအသင်းဟာ ဗယ်လက်ကာနိုအသင်းကို အရေးနိမ့်တဲ့ပွဲမှာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်ရဲ့ အနီကတ်ပြစ်ဒဏ်ကို စပိန်လာလီဂါ ဘောလုံးအဖွဲ့ချုပ်ထံ အယူခံဝင်လိုက်ပါတယ်။
ယူနိုက်တက်အသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ ဂရင်းဝုဒ်ဟာ ဒီပွဲမှာ ပြိုင်ဘက် ကစားသမားတွေက သူ့ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့အပေါ် အရေးယူမှု မပြုလုပ်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးကို တုန့်ပြန်ခဲ့တာကြောင့် တိုက်ရိုက် အနီကတ် ပြသခံခဲ့ရတာပါ။
ကွင်းလယ်ဒိုင်လူကြီးရဲ့ ပွဲအပြီး အစီရင်ခံစာမှာ ဂရင်းဝုဒ်က သူ့ကို ဆဲဆိုမှုပြုလုပ်ခဲ့တယ်လို့ ဖော်ပြခဲ့ပေမယ့် ကစားသမားကတော့ ဒါကို ငြင်းဆန်ထားတာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ဂီတာဖေးအသင်းဟာ ဂရင်းဝုဒ်ရဲ့ အနီကတ်ပြစ်ဒဏ်ကို အယူခံဝင်ခဲ့တာလို့ မာကာသတင်းဌာနက ဖော်ပြထားတာပါ။
ဒီပွဲမှာ ဂီတာဖေးအသင်းဘက်က ဂရင်းဝုဒ်တစ်ဦးတည်း ထုတ်ပယ်ခံရတာ မဟုတ်ဘဲ အသင်းဖော်တွေဖြစ်တဲ့ လာတာဆာနဲ့ ဒါမီယန်ဆွာရက်ဇ်တို့လည်း ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဂီတာဖေးအသင်းသားတွေကိုတွေ့ရစဉ်
ဂရင်းဝုဒ်ဟာ ဒီရာသီမှာ ဂီတာဖေးအသင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်တာကြောင့် အနီကတ်ပြစ်ဒဏ်ကို ရှောင်ရှားပြီး လာမယ့်ပွဲတွေမှာ ပြန်လည်ပါဝင်နိုင်စေဖို့ အသင်းဘက်က မျှော်လင့်နေတာပါ။
ဂီတာဖေးအသင်းအတွက် ဂရင်းဝုဒ်ဟာ ၁၆ ပွဲ ပါဝင်ကစားထားပြီး ၅ ဂိုးသွင်းယူကာ ၄ ဂိုး ဖန်တီးထားတာ ဖြစ်ပါတယ်။
ဂီတာဖေးအသင်းကတော့ ဂရင်းဝုဒ်ကို အပြီးသတ် ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေပြီး ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ သိရတာပါ။
ဂရင်းဝုဒ်ကို ခေါ်ယူဖို့ ဘာစီလိုနာနဲ့ အသလက်တီကို အသင်းတို့ကလည်း စိတ်ဝင်စားနေပေမယ့် ကစားသမားရဲ့ အိမ်တွင်း အကြမ်းဖက်မှုကိစ္စရပ်တွေကြောင့် နောက်ပိုင်းမှာ စိတ်ဝင်စားမှု အနည်းငယ် လျော့ကျသွားခဲ့တာ ဖြစ်ပါတယ်။
ဂရင်းဝုဒ်အနေနဲ့ အယူခံ မအောင်မြင်ခဲ့ရင် ဂီတာဖေးအသင်းရဲ့ ပွဲစဉ်အချို့ကို လွဲချော်သွားရဖို့ ရှိနေတာပါ။
ဒီရာသီလာလီဂါပြိုင်ပွဲမှာ အဆင့် ၈ နေရာ ရပ်တည်နေတဲ့ ဂီတာဖေးအသင်းဟာ ကိုပါဒယ်ရေးဖလား ၃၂ သင်း အဆင့်ပွဲစဉ်အဖြစ် အက်စ်ပန်ညိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 819
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၅
ဂိုးသမား အိုနာနာဟာ ဝီဂန်အသင်းနဲ့ ကစားမယ့် FA ဖလား တတိယအဆင့်ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားသွားမယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “ကျနော်တို့ ကင်မရွန်းဘောလုံးအဖွဲ့ချုပ်နဲ့ ဆွေးနွေးမှုတွေရှိခဲ့ပြီး အပြုသဘောဆောင်ပါတယ်။ အိုနာနာဟာ စပါးအသင်းနဲ့ ပွဲစဉ်မှာ ပါဝင်နိုင်မလားဆိုတာ ကျနော်မသိပေမယ့် ဝီဂန်အသင်းနဲ့ ကစားမယ့်ပွဲမှာ တော့ ကျနော်တို့နဲ့အတူ ရှိနေမှာပါ”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ယှဉ်ပြိုင်မယ့် ကင်မရွန်းအသင်းထံ ဂိုးသမား အိုနာနာကို နောက်ကျမှ စေလွှတ်ဖို့အတွက် ကင်မရွန်းဘောလုံးအဖွဲ့ချုပ်နဲ့ သဘောတူညီမှုရရှိထားတာပါ။
ကင်မရွန်းအသင်းဟာ ဇန်နဝါရီ ၁၅ ရက်မှာ အာဖရိကနိုင်ငံများဖလား အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဂီနီအသင်းနဲ့ စတင် ယှဉ်ပြိုင်ရတော့မှာဖြစ်ပြီး အိုနာနာဟာ ဇန်နဝါရီ ၁၄ ရက်မှာ ယှဉ်ပြိုင်မယ့် ယူနိုက်တက်နဲ့ စပါးအသင်းပွဲစဉ်အပြီးမှ နိုင်ငံအသင်းနဲ့ သွားရောက်ပူးပေါင်းမယ်လို့ သတင်းတွေ ထွက်နေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် နည်းပြ အဲရစ်တန်ဟတ်က အိုနာနာဟာ စပါးအသင်းနဲ့ ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မသေချာဘူးလို့ ပြောခဲ့တာ ပါ။

အဲရစ်တန်ဟတ်နဲ့ အိုနာနာကို တွေ့ရစဉ်
ပရီးမီးယားလိဂ် ကလပ်အသင်းတွေဟာ အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲ ယှဉ်ပြိုင်မယ့် နိုင်ငံအသင်းတွေထံ ကစားသမားတွေကို ဇန်နဝါရီ ၁ ရက်နေ့ နောက်ဆုံးထား စေလွှတ်ရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ယူနိုက်တက်နဲ့ ကင်မရွန်းအသင်းတို့ဟာ ဆွေးနွေးမှုပြုလုပ်ပြီး နှစ်ဦးသဘောတူညီမှု ရယူခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ရလဒ်တွေ မတည်မငြိမ်ဖြစ်နေပြီး နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်အဆင့် ၈ နေရာကို ရောက်ရှိသွားခဲ့ပြီး အဆင့် ၄ နေရာက အာဆင်နယ်အသင်းနဲ့ ၉ မှတ် ကွာဟသွားခဲ့တာပါ။
နည်းပြ အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်း ရှယ်ယာရှင် ရက်ကလစ်ဖ်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ ပြီးနောက် အသင်းကို ရလဒ်ကောင်းတွေ ပြန်လည်ရယူပေးနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 915
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၅
ဘာစီလိုနာအသင်းနည်းပြ ဇာဗီက လက်စ်ပါးမက်စ်အသင်းကို အနိုင်ရတဲ့ပွဲအပြီးမှာ မိမိတို့အသင်းဟာ စပိန် လာလီဂါပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံဖြစ်တဲ့အတွက် လေးစားမှုရှိဖို့ ပြောလိုက်ပါတယ်။
ဇာဗီက “ကျနော်တို့ဟာ ချန်ပီယံပြေးလမ်းကြောင်းထဲမှာ ပါဝင်နေပါသေးတယ်။ ဒီတစ်ပတ်ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်တွေကို ကြည့်လိုက်မယ်ဆိုရင် ဒီလိဂ်မှာ အနိုင်ရဖို့ ခက်ခဲတယ်ဆိုတာ တွေ့ရမှာပါ။ ဂျီရိုနာက နောက်ဆုံး မိနစ်မှာ အနိုင်ရတယ်၊ ရီးရယ်လ်က မိနစ် ၈၀ မှာ ထောင့်ကန်ဘောကနေ ဂိုးရခဲ့ပြီး ကျနော်တို့က ပင်နယ်တီနဲ့ နောက်ဆုံး အခိုက်အတန့်မှာ အနိုင်ရခဲ့ပါတယ်။ ဘာစီလိုနာအသင်း လာလီဂါဖလားရဖို့ ငြင်းခုံမှုတွေရှိပေမယ့် ကျနော်တို့က လက်ရှိချန်ပီယံပါ။ ဒါကြောင့် လက်ရှိချန်ပီယံကို လေးစားပါ”လို့ ပြောခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ လက်စ်ပါးမက်စ်အသင်းနဲ့ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါ တယ်။
ဒီပွဲမှာ လက်စ်ပါးမက်စ်အသင်းက ဦးဆောင်ဂိုး စတင်သွင်းယူခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းအတွက် ဖာရန်တော ရက်စ်က ချေပဂိုးနဲ့ ဂန်ဒိုဂန်က နောက်ဆုံးမိနစ် ပင်နယ်တီဂိုးသွင်းပြီး အနိုင် ၃ မှတ်ရယူပေးခဲ့တာပါ။

ဇာဗီကိုတွေ့ရစဉ်
ဘာစီလိုနာအသင်းဟာ ဒီပွဲအနိုင်ရခဲ့ပေမယ့် ထိပ်ဆုံးနေရာက ရီးရယ်လ်၊ ဂျီရိုနာအသင်းတို့နဲ့ ၇ မှတ်အကွာ လာလီဂါအဆင့် ၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ဒီပွဲမှာ ဘာစီလိုနာအသင်း နောက်ခံလူ ကန်ဆယ်လိုဟာ ဒူးဒဏ်ရာ ရရှိသွားခဲ့ပြီး နည်းပြ ဇာဗီကတော့ ကစား သမားကို အချိန်အကြာကြီး မဆုံးရှုံးရဖို့ မျှော်လင့်နေတာပါ။
ဘာစီလိုနာအသင်းဟာ စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အိုဆာဆူနာအသင်းနဲ့ ကစားဖို့ ဆော်ဒီနိုင်ငံကို မထွက်ခွာခင် ဇန်နဝါရီ ၇ ရက်မှာ စပိန်ကိုပါဒယ်ရေးဖလား ပွဲစဉ်ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။
ဘာစီလိုနာအသင်းဟာ စပိန်ကိုပါဒယ်ရေးဖလား ၃၂ သင်းအဆင့်အဖြစ် လိဂ်အဆင့်အတန်းနိမ့်တဲ့ ဘာဘစထရို အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
စပိန်စူပါဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အိုဆာဆူနာ အသင်းနဲ့ ဇန်နဝါရီ ၁၁ ရက်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နောက်ထပ် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ရီးရယ်လ်နဲ့ အသလက်တီကို အသင်းတို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 935
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃
အဲဗာတန်အသင်းဟာ အသင်းလက်မဲ့ဖြစ်နေတဲ့ ယူနိုက်တက်ကစားသမားဟောင်း လင်ဂတ်ကို အခုရာသီ အကုန်ထိ ကာလတိုစာချုပ်ချုပ်ဆိုဖို့ စဉ်းစားနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
အဲဗာတန်အသင်းဟာ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုကြောင့် ပရီးမီးယားလိဂ်ရဲ့ ၁၀ မှတ်လျှော့ ပြစ်ဒဏ် ချမှတ်ခံထားရပြီး နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲဆက်တိုက်ရှုံးနိမ့်ထားခဲ့တာပါ။ အဲဗာတန်အသင်းဟာ ဒီရှုံးပွဲတွေ ကြောင့် တန်းဆင်းဇုန်ထဲက အသင်းနဲ့ ရမှတ်ကွာဟမှုကျဉ်းမြောင်းလာခဲ့တဲ့အတွက် အခုအပြောင်းအရွှေ့မှာ ကစားသမားအင်အားဖြည့်တင်းဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ အဲဒါကြောင့် ပရီးမီးယားလိဂ်ပွဲပေါင်း ၂၀၀ နီးပါး ပါဝင်ကစားထားပြီး အင်္ဂလန်အသင်းအတွက် ၃၂ ပွဲပါဝင်ကစားထားတဲ့ လင်ဂတ်ဟာ အဲဗာတန်အသင်းရဲ့ ပစ်မှတ် ဖြစ်လာခဲ့တာပါ။

လင်ဂတ်ဟာ ပြီးခဲ့တဲ့ရာသီက နော်တင်ဟမ်ဖောရက်စ်အသင်းမှာကစားခဲ့ပြီး ပွဲပေါင်း ၂၀ ပါဝင်ကစားခဲ့တာမှာ ၂ ဂိုးသာသွင်းယူနိုင်ခဲ့တာကြောင့် အသင်းကသူ့ကို စာချုပ်သက်တမ်းမတိုးဘဲ ထွက်ခွာခွင့်ပေးခဲ့တာဖြစ်ပါတယ်။ လင်ဂတ်ဟာ နော်တင်ဟမ်ဖောရက်စ်အသင်းကနေ ထွက်ခွာအပြီးမှာ အသင်းဟောင်း ဝက်စ်ဟမ်းအသင်းနဲ့ လေ့ကျင့်မှုတွေပြုလုပ်ခဲ့ပေမယ့် အပြောင်းအရွှေ့ဖြစ်ခဲ့ခြင်းမရှိပါဘူး။ ယူနိုက်တက်ကစားသမားဟောင်းဟာ စတီဗင်ဂျရတ်ကိုင်တွယ်နေတဲ့ အယ်လ်အက်တီဖတ်အသင်းနဲ့လည်း လေ့ကျင့်မှုတွေပြုလုပ်ခဲ့ပေမယ့် စာချုပ် အကောင်အထည်ဖော်နိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။
အဲဒါကြောင့် လင်ဂတ်ဟာ သူ့ရဲ့ ကြံ့ခိုင်မှုပိုင်းကို ဆက်ပြီးထိန်းနိုင်ဖို့အတွက် တစ်ဦးတည်းလေ့ကျင့်မှုတွေ ပြုလုပ်နေတာပါ။ ယူနိုက်တက်အသင်းမှာ ဆယ်စုနှစ် ၂ ခုကြာဖြတ်သန်းခဲ့တဲ့ လင်ဂတ်ဟာ လက်စတာ၊ ဘာမင်ဂမ်၊ ဘရိုက်တန်နဲ့ ဒါဘီအသင်းတွေမှာလည်း အငှားနဲ့ သွားရောက်ကစားဖူးတာ ဖြစ်ပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 1062
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃
ဂျပန်နဲ့ အာဆင်နယ်အသင်း နောက်ခံလူ တိုမီယာဆုက ဇန်နဝါရီလထဲ ကျင်းပတော့ အာရှဖလားပြိုင်ပွဲကို ယူရိုပြိုင်ပွဲလို ဇွန်လမှာ ပြောင်းရွှေ့ ကျင်းပသင့်တယ်လို့ ပြောလိုက်ပါတယ်။
တိုမီယာဆုက “ယူရိုပြိုင်ပွဲလိုပဲ အာရှဖလားပြိုင်ပွဲကို ဇွန်လမှာ ကျင်းပစေချင်ပါတယ်။ ဘာကြောင့် ဇန်နဝါရီမှာ ကျင်းပလဲဆိုတာတော့ ကျနော်လည်း မသိပါဘူး။ အာရှဖလားတစ်ခုတည်း မဟုတ်ဘဲ အာဖရိကနိုင်ငံများ ဖလား လည်း ဒီလိုပါပဲ။ ဒီလိုကျင်းပတာက ကစားသမားတွေအတွက် မကောင်းပါဘူး။ ဒါပေမယ့်လည်း ကျနော်တို့ဟာ ဆုဖလားနဲ့အတူ ပြန်လာနိုင်ဖို့ ကြိုးစားရမှာပါ”လို့ Evening Standard သတင်းစာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ အာရှဖလားပြိုင်ပွဲ နောက်ဆုံး ၃ ကြိမ်ကို ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တာဖြစ်ပြီး အခုပြိုင်ပွဲ ကိုတော့ ကာတာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမှာဖြစ်လို့ ပြိုင်ပွဲဝင်မယ့် နိုင်ငံတွေဟာ ပူပြင်းတဲ့ဒဏ်ကို ခံစားရ တော့မှာ ဖြစ်ပါတယ်။
ဂျပန်အသင်းသာ အာရှဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို ရောက်ရှိခဲ့မယ်ဆိုရင် တိုမီယာဆုဟာ အာဆင်နယ်အသင်း အတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲ အပါအဝင် ပွဲစဉ် ၆ ပွဲအထိ လွဲချော်နိုင်ဖွယ်ရှိနေတာပါ။

တိုမီယာဆုကို တွေ့ရစဉ်
တိုမီယာဆုအပြင် ပရီးမီးယားလိဂ်ရဲ့ ကြယ်ပွင့် ကစားသမားတွေဖြစ်တဲ့ ဆွန်ဟောင်မင်၊ မီတိုမာနဲ့ ဟွမ်ဟီချန်းတို့ ကလည်း အာရှဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ဒီကစားသမားတွေဟာ စပါး၊ ဘရိုက်တန်နဲ့ ဝုလ်ဗ်စ်အသင်းရဲ့ ပွဲစဉ်အချို့ကို လွဲချော်ကြတော့မှာပါ။
အာရှဖလားပြိုင်ပွဲကို ဇန်နဝါရီ ၁၂ ရက်ကနေ ဖေဖော်ဝါရီ ၁၀ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
အာရှဖလားနဲ့ အပြိုင်ကျင်းပမယ့် အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲကိုတော့ ဇန်နဝါရီ ၁၃ ရက်ကနေ ဖေဖော်ဝါရီ ၁၁ ရက်အထိ ကျင်းပသွားမှာပါ။
အဲ့ဒါကြောင့် ဆာလက်၊ အိုနာနာ၊ အမ်ရာဘတ်၊ကူဒက်စ်၊ အော်ရီယာ၊ ဆန်ဂါရီနဲ့ အချို့ကစားသမားတွေဟာ အာဖရိကဖလားပြိုင်ပွဲဝင်မယ့် နိုင်ငံအသင်းနဲ့ ပူးပေါင်းတော့မှာ ဖြစ်တဲ့အတွက် သူတို့ကလပ်အသင်းတွေရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို လွဲချော်တော့မှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 682
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃
အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီဟာ ရီးရယ်လ်အသင်းကနေ ထွက်ခွာပြီးတာနဲ့ နည်းပြလောက ကနေအနားယူသွားမယ်လို့ မာယော့ကာအသင်းနဲ့ ကစားမယ့်ပွဲ မတိုင်ခင်ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ အတည်ပြုခဲ့ပါတယ်။
အန်ဆယ်လော့တီက “စာချုပ်သက်တမ်းတိုးနိုင်ခဲ့တဲ့အတွက် ကျနော်အလွန်ပျော်ရွှင်ပါတယ်။ စာချုပ်သစ်အတွက် အမြန်ဆုံးသဘောတူညီမှုရယူနိုင်ခဲ့တာဖြစ်ပြီး ရီးရယ်လ်အသင်းမှာ နည်းပြအဖြစ် နောက်ထပ် ၂ နှစ်ကြာ ဆက်ပြီး ရှိရမှာဖြစ်တဲ့အတွက် ပျော်ရွှင်ပါတယ်။ ဒါက ကျနော့်ရဲ့ နောက်ဆုံးခုံတန်းဆိုတာကို အတည်ပြုချင်ပါတယ်။ ဘယ်တော့အဆုံးသတ်မလဲဆိုတာ မသိပေမယ့် ကျနော်တို့ အောင်မြင်မှုရယူနိုင်တဲ့အပေါ်မှာလည်း မူတည် ပါတယ်။ ကျနော် ၂၀၂၈ ခုနှစ်အထိ ရီးရယ်လ်မှာ ဆက်ပြီးရှိချင်တယ်” လို့ ပြောခဲ့တာပါ။
အန်ဆယ်လော့တီဟာ မကြာသေးခင်ကမှ ရီးရယ်လ်အသင်းမှာ ၂၀၂၆ ခုနှစ်၊ဇွန်လအထိ ရှိမယ့် စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ အီတလီလူမျိုးနည်းပြဟာ ဘရာဇီးလ်အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံရဖို့ သတင်းတွေထွက်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ရီးရယ်လ်အသင်းနဲ့ ၂ နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့တာပါ။ အန်ဆယ်လော့တီက ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်နဲ့ ကောင်းမွန်တဲ့ စကားပြောဆိုမှုတွေရှိခဲ့ပြီး သူ့ကို စိတ်ဝင်စားမှုအတွက် ဂုဏ်ယူမိတယ်လို့ ပြောခဲ့ပါတယ်။

အန်ဆယ်လော့တီက “ကျနော် ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်အကြီးအကဲနဲ့ အဆက်အသွယ်ရှိတယ်ဆိုတာ ရီးရယ်လ်အသင်းရော လူတိုင်းကပါ သိကြပါတယ်။ သူတို့ရဲ့ စိတ်ဝင်စားမှုဟာ ကျနော့်အတွက် ဂုဏ်ယူစရာ ဖြစ်ပေမယ့် ရီးရယ်လ်နဲ့ ပတ်သက်တဲ့အခြေအနေက လူတိုင်းအတွက်ရှင်းပါတယ်။ အဆုံးသတ်မှာတော့ ကျနော်ဒီမှာပဲ ဆက်နေချင်တယ်”လို့ ပြောခဲ့တာပါ။
အသက် ၆၄ နှစ်အရွယ်ရှိ အန်ဆယ်လော့တီဟာ ရီးရယ်လ်အသင်းကို ၂ ကြိမ်ကိုင်တွယ်ထားတာမှာ ချန်ပီယံလိဂ် ဖလား ၂ ကြိမ်၊ လာလီဂါဖလား ၁ ကြိမ်အပါအဝင် အဓိကဆုဖလား ၁၀ ခု ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရီးရယ်လ်အသင်းဟာ ဒီရာသီမှာ စပိန်လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်နေသလို ချန်ပီယံလိဂ် ပြိုင်ပွဲ မှာလည်း ၁၆ သင်းအဆင့်တက်ရောက်ထားနိုင်ခဲ့ပါတယ်။
Source:Besoccer
- By CNI
- Category: အားကစား
- Hits: 1175
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃
ယူနိုက်တက်နဲ့ ဒေါ့မွန်အသင်းတို့ဟာ တောင်ပံကစားသမား ဆန်ချိုရဲ့ အငှားစာချုပ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းရင်းမြစ်တစ်ခုက ESPN သတင်းဌာနကို ပြောပါတယ်။
ဒေါ့မွန်အသင်းဟာ ဆန်ချိုကို အခုရာသီကုန်တဲ့အထိ အငှားစာချုပ်နဲ့ ခေါ်ယူချင်ပေမယ့် ကစားသမားရဲ့ လုပ်ခလစာ အများစုကို ယူနိုက်တက်အသင်းက ဆက်ပြီး ပေးချေရဖို့ ရှိနေတာပါ။
အသက် ၂၃ နှစ်အရွယ်ရှိ ဆန်ချိုဟာ နည်းပြ အဲရစ်တန်ဟတ်နဲ့ လူသိရှင်ကြား ပြဿနာဖြစ်ပွားပြီးနောက် သြဂုတ်လကတည်းက ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားခွင့် မရရှိတော့ပါဘူး။
ဆန်ချိုဟာ ယူနိုက်တက်အသင်းကြီးနဲ့ လေ့ကျင့်မှုပြုလုပ်ခွင့် မရတော့ဘဲ တစ်ဦးတည်းသာ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ရတာပါ။
ဆန်ချိုကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်နဲ့ လိုက်ပ်ဇစ်အသင်းတို့ကလည်း စိတ်ဝင်စားနေခဲ့ပေမယ့် ကစားသမားကတော့ အသင်းဟောင်း ဒေါ့မွန်အသင်းကိုသာ ပြန်ပြီးသွားရောက်ချင်နေတာ ဖြစ်ပါတယ်။

ဆန်ချိုနဲ့အဲရစ်တန်ဟတ်ကို တွေ့ရစဉ်
ဆန်ချိုဟာ ၂၀၂၁ ခုနှစ်က ပေါင် ၇၃ သန်းနဲ့ ဒေါ့မွန်အသင်းက ထွက်ခွာပြီး ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ လာခဲ့တာပါ။
ဆန်ချိုဟာ ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသလို နည်းပြ အဲရစ်တန်ဟတ်ကို တောင်းပန်ဖို့ ငြင်းဆန်ခဲ့တာတွေကြောင့် အခုအပြောင်းအရွှေ့မှာ အသင်းကထွက်ခွာဖို့ ဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် ဆန်ချိုဟာ ယူနိုက်တက်အသင်းမှာ တစ်ပတ်လုပ်ခပေါင် ၃၀၀,၀၀၀ ရရှိနေတာကြောင့် သူ့ကို ခေါ်ယူ ချင်နေတဲ့ အသင်းတွေဟာ သူ့ရဲ့ လုပ်ခလစာကို ပေးချေဖို့ အခက်တွေ့နေကြတာပါ။
အဲ့ဒါကြောင့် ယူနိုက်တက်အသင်းဟာ ဆန်ချိုအငှားနဲ့ ထွက်ခွာချိန်မှာ သူ့ရဲ့ လုပ်ခလစာ တစ်စိတ်တစ်ပိုင်းကို ဆက်ပြီးပေးချေရဖို့ရှိနေတာ ဖြစ်ပါတယ်။
အင်္ဂလန်ကစားသမားဟာ ယူနိုက်တက်အသင်းအတွက် နောက်ဆုံးပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရက်စ်အသင်းကို အနိုင်ရရှိခဲ့တဲ့ သြဂုတ် ၂၆ ရက်က ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့တာပါ။
အသက် ၂၃ နှစ်အရွယ်ရှိ ဆန်ချိုဟာ ယူနိုက်တက်အသင်းအတွက် ၈၂ ပွဲ ပါဝင်ကစားထားပြီး ၁၂ ဂိုးသွင်းယူကာ စာချုပ်သက်တမ်းက ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်မှာ ကုန်ဆုံးမယ်လို့ Transfermarkt က ဖော်ပြထားတာ ဖြစ်ပါတယ်။
Source: ESPN
