CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၁၃

အယ်လ်ဟီလယ်အသင်းဟာ ဆော်ဒီပရိုလိဂ်ပြိုင်ဘက် အယ်လ်အစ်တီဟတ်အသင်းကို အာရှချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ အနိုင်ရပြီးနောက် ပြိုင်ပွဲစုံ ၂၈ ပွဲဆက် အနိုင်ရရှိကာ ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။

အယ်လ်ဟီလယ်အသင်းဟာ အယ်လ်အစ်တီဟတ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် ၂၀၁၆-၁၇ ရာသီက ဝေးလ်စ်ကလပ် The New Saints အသင်းရဲ့ ၂၇ ပွဲဆက် အနိုင်ရရှိတဲ့ ကမ္ဘာ့စံချိန်ကို ချိုးဖျက်ပြီး ၁ ပွဲအသာနဲ့ စံချိန် သစ် တင်နိုင်ခဲ့တာပါ။ 

အယ်လ်ဟီလယ်အသင်းဟာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာက ဒါမတ်အသင်းနဲ့ ၁ ဂိုးစီ သရေကျပြီး နောက်ပိုင်း ကစားခဲ့တဲ့ပွဲတိုင်းကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

အယ်လ်ဟီလယ်အသင်းဟာ အယ်လ်အစ်တီဟတ်အသင်းကို နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိကာ အာရှချန်ပီယံလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အယ်လ်အိန်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ 

အယ်လ်ဟီလယ်အသင်းနည်းပြ ဂျော့ဂျီးဆပ်စ်က ဒါက မယုံနိုင်စရာ အောင်မြင်မှုဖြစ်ပြီး ဒီအောင်မြင်မှု မှတ်တမ်း မှာ ပါဝင်ခဲ့ကြတဲ့ ကလပ်မှာရှိတဲ့ လူတိုင်းကို ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ်။

 

 အယ်လ်ဟီလယ်အသင်းကို တွေ့ရစဉ်

ဒါပေမယ့် ဒီမှတ်တမ်းတွေက ဆုဖလားတွေလောက် အရေးမကြီးတာကြောင့် ဆုဖလားတွေ ရယူနိုင်ဖို့လိုတယ်လို့ ပြောခဲ့တာပါ။

အယ်လ်ဟီလယ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ခေါ်ယူခဲ့တဲ့ နေမာကို ဒဏ်ရာကြောင့် ဆုံးရှုံးထားရပေမယ့် ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာက ဦးဆောင်နေပြီး အဆင့် ၂ နေရာက အယ်လ်နာဆာအသင်းကို ၁၂ မှတ် အသာရထားတာ ဖြစ်ပါတယ်။ 

အယ်လ်ဟီလယ်အသင်း ကမ္ဘာ့စံချိန် မှတ်တမ်းရယူနိုင်ဖို့အတွက် ပြီးခဲ့တဲ့နွေရာသီက ခေါ်ယူခဲ့တဲ့ မီထရိုဗစ်၊ ရူဘင်နာဗက်စ်၊ ဆာဗစ်နဲ့ ကူလီဘာလီတို့ကလည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။ 

မီထရိုဗစ်ဆိုရင် အယ်လ်ဟီလယ်အသင်း နိုင်ပွဲဆက်နေတဲ့ အချိန်မှာ သွင်းယူနိုင်ခဲ့တဲ့ ၈၁ ဂိုးထဲက ၂၆ ဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

အယ်လ်ဟီလယ်အသင်းရဲ့ ၂၈ ပွဲဆက်နိုင်ပွဲမှာ ဆော်ဒီပရိုလိဂ်က ၁၆ ပွဲ၊ ပြည်တွင်းဖလားပွဲ ၃ ပွဲနဲ့ အရှချန်ပီယံလိဂ် ၉ ပွဲပါဝင်ခဲ့တာပါ။ 

အယ်လ်ဟီလယ်အသင်းဟာ ဒီရာသီယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲအားလုံးရဲ့ ဆုဖလားလမ်းကြောင်းပေါ်မှာ ရှိနေတာ ကြောင့် ဆုဖလားအားလုံးကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ 

Source: ESPN