CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၆

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက နောက်ထပ်ဆုဖလား ၃ လုံး ရယူနိုင်မှာကို မစဉ်းစားဘူးလို့ နယူးကာဆယ် အသင်းနဲ့ ကစားမယ့် FA ဖလားကွာတားဖိုင်နယ် ပွဲစဉ်မတိုင်ခင် ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက “ရာသီရဲ့ နောက်ဆုံး ၂ ပတ် ဒါမှမဟုတ် ၃ ပတ်ဆိုရင်တော့ ကျနော်ဒီအကြောင်းကို စဉ်းစားမှာ ဖြစ်ပေမယ့် အခုအချိန်မှာတော့ ဒီအကြောင်းကို ကျနော်စဉ်းစားမှာ မဟုတ်ပါဘူး။ ကျနော်တို့ လက်ရှိကစားရမယ့် ကွာတားဖိုင်နယ်အတွက်ပဲ စဉ်းစားနေတယ်”လို့ ပြောခဲ့တာပါ။ 

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက သမိုင်းဝင် အောင်မြင်မှုအဖြစ် ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ ချန်ပီယံလိဂ် ဖလားတို့ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ဒီရာသီမှာလည်း ဆုဖလား ၃ လုံးကို ထပ်ပြီး ရယူနိုင်ခဲ့မယ်ဆိုရင် ၂ နှစ်ဆက်တိုက် ဆုဖလား ၃ လုံး ရယူနိုင်တဲ့ ပထမဆုံး အင်္ဂလန်အသင်းအဖြစ် စံချိန်သစ်တင်နိုင်မှာပါ။ 

မန်စီးတီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်၊ လီဗာပူးလ်အသင်းတို့ရဲ့နောက် ရမှတ် ၁ မှတ် အကွာနဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး FA ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

ဒါအပြင် မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဖြစ် ရီးရယ်လ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ 

နယူးကာဆယ်အသင်းနဲ့ ပွဲမှာ ပေါင်ခြံဒဏ်ရာ ရရှိနေတဲ့ ကွင်းလယ်လူ ဒီဘရိုင်းနဲ့ ဂိုးသမား အီဒါဆန်တို့ ပါဝင်နိုင် မှာ မဟုတ်ပေမယ့် လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နေတဲ့ ကွင်းလယ်လူ ဂရီလစ်ရှ်ကတော့ မန်စီးတီးအသင်း အတွက် ပြန်လည် ပါဝင်နိုင်ဖို့ရှိနေပါတယ်။ 

နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟိုဝီကတော့ သူတို့ဟာ မန်စီးတီးအသင်းကို အနိုင်ကစားပြီး ဆီမီးဖိုင်နယ်ကို တက်ဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့တာပါ။

နယူးကာဆယ်အသင်းဟာ FA ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ၆ ကြိမ်ရရှိထားပေမယ့် FA ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ကို နောက်ဆုံး ရောက်ရှိခဲ့တာက ၂၀၀၅ ခုနှစ်က ဖြစ်တယ်လို့ သိရပါတယ်။ 

Source: BBC