CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၆


ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်အာလီအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူပြီးနောက် အယ်လ်နာဆာ အသင်းကစားသမားဘဝ သွင်းဂိုး ၅၀ ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။


ဒီပွဲမှာ အယ်လ်နာဆာအသင်းက အယ်လ်အာလီအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ပွဲချိန် ၆၈ မိနစ်မှာ ရော်နယ်ဒိုက ပင်နယ်တီကနေ အနိုင်ဂိုးသွင်းယူခဲ့တာပါ။ 


၂၀၂၂ ခုနှစ်ကုန်ပိုင်းမှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီး အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ ရော်နယ်ဒိုဟာ ဆော်ဒီကလပ်အသင်းအတွက် ဆော်ဒီပရိုလိဂ်၊ အာရှချန်ပီယံလိဂ်၊ ဘုရင့်ဖလား၊ စူပါဖလားနဲ့ အာရပ်ကလပ် ချန်ပီယံများဖလားပြိုင်ပွဲတွေမှာ ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။ 


အသက် ၃၉ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းအတွက် ၅၈ ပွဲ ပါဝင်ကစားအပြီးမှာ ဂိုး ၅၀ ပြည့် သွားခဲ့တာပါ။


အယ်လ်နာဆာအသင်းဟာ မကြာသေးခင်က အာရှချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရသလို ဆော်ဒီပရိုလိဂ် ပြိုင်ပွဲမှာ ရလဒ်ဆိုးတွေ ကြုံတွေ့နေရတာကို အယ်လ်အာလီအသင်းနဲ့ပွဲမှာ အနိုင်ရယူပြီး အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 


အယ်လ်နာဆာအသင်းဟာ ဒီပွဲ အနိုင်ရခဲ့ပေမယ့် ဆော်ဒီပရိုလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အယ်လ်ဟီလယ် အသင်းထက် ၁ ပွဲ ပိုကစားကာ ၉ မှတ်လျော့နဲ့ အဆင့် ၂ နေရာမှာ ဆက်လက် ရပ်တည် နေတာပါ။ 


အယ်လ်နာဆာအသင်းဟာ လာမယ့် နိုင်ငံတကာပွဲစဉ်အပြီးမှ အယ်လ်တိုင်အသင်းနဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။


ရော်နယ်ဒိုကတော့ ပေါ်တူဂီအသင်းရဲ့ ခြေစမ်းပွဲယှဉ်ပြိုင်မယ့် လူစာရင်းမှာ ရွေးချယ်ခံရတာကြောင့် မကြာခင်မှာ နိုင်ငံအသင်းနဲ့ သွားရောက် ပူးပေါင်းတော့မှာပါ။ 


ပေါ်တူဂီအသင်းဟာ မတ် ၂၁ ရက်မှာ ဆွီဒင်၊ ၂၆ ရက်မှာ ဆလိုဗေးနီးယားအသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။


Source: ESPN