- By CNI
- Category: အားကစား
- Hits: 832
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၃
အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက ဘိုလီးဗီးယားအသင်းကို အနိုင်ရရှိခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (တောင်အမေရိကဇုန်)ပွဲစဉ်မှာ မက်ဆီဟာ ကစားဖို့ အဆင်သင့်မဖြစ်ခဲ့တဲ့အတွက် အသုံးမပြုခဲ့တာလို့ ပြောလိုက် ပါတယ်။
စကာလိုနီက “မက်ဆီဟာ ကစားဖို့အဆင်သင့်မဖြစ်သေးပါဘူး။ မနေ့ကတုန်းက သူအနည်းငယ်လှုပ်ရှားဖို့ ကြိုးစားခဲ့ပေမယ့် သူအဆင်မပြေသလိုခံစားခဲ့ရပါတယ်။ အဲဒါကြောင့် ကျနော်တို့သူ့ကို မစွန့်စားဖို့ ဆုံးဖြတ် ခဲ့ပါတယ်။ ဒီပွဲဟာ ခက်ခဲတဲ့ပွဲဖြစ်တဲ့အတွက် အရန်ခုံကနေ သူလူစားဝင်ကစားမယ်ဆိုရင်တောင် ဒဏ်ရာရ သွားနိုင်မယ့် အခြေအနေမှာရှိနေပါတယ်”လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

အာဂျင်တီးနားအသင်းက ဘိုလီးဗီးယားအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ မက်ဆီဟာ အရန်လူစာရင်းမှာ တောင် မပါဝင်ခဲ့ပါဘူး။ မက်ဆီဟာ ပြီးခဲ့တဲ့ အီကွေဒေါအသင်းနဲ့ ပွဲစဉ်မှာ အာဂျင်တီးနားအသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့ပေမယ့် သူ့ကို လူစားလဲပေးဖို့ နည်းပြကို တောင်းဆိုခဲ့တာပါ။ အီကွေဒေါအသင်းနဲ့ ပွဲအပြီးမှာ မက်ဆီက သူဟာ အနည်းငယ်ပင်ပန်းနေပြီလို့ ပြောခဲ့တာဖြစ်ပါတယ်။
မက်ဆီမပါဝင်ခဲ့ပေမယ့် အာဂျင်တီးနားအသင်းဟာ အန်ဇိုဖာနန်ဒက်ဇ်၊တာဂလီယာဖီဂိုနဲ့ နီကိုလက်စ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ၂ ပွဲဆက် နိုင်ပွဲရယူနိုင်ခဲ့တာပါ။ ဒီပွဲမှာဝါရင့်ကစားသမား ဒီမာရီယာက အာဂျင်တီးနားအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ခြေစွမ်းပြသသွားကာ နိုင်ငံရဲ့အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ခွင့်ရတဲ့အတွက် ဂုဏ်ယူတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် မပါဝင်နိုင်ခဲ့ပေမယ့် လာမယ့် မေဂျာလိဂ်ပွဲစဉ်ဖြစ်တဲ့ အတ္တလန်တာ အသင်းနဲ့ ကစားမယ့်ပွဲမှာတော့ အင်တာမိုင်ယာမီအသင်းအတွက် ပါဝင်နိုင်ဖွယ်ရှိနေတာပါ။ မက်ဆီဟာ အင်တာ မိုင်ယာမီအသင်းအတွက် ပါဝင်ကစားထားတဲ့ ၁၁ ပွဲမှာ ၁၁ ဂိုးသွင်းယူထားပြီး အသင်းကို မေဂျာလိဂ် ပလေးအော့ဖ် အဆင့် ဝင်ခွင့်ရရှိအောင်လုပ်ပေးနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
Source:ESPN
- By CNI
- Category: အားကစား
- Hits: 909
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၃
အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က နောက်ခံလူ မက်ဂွဲယားအပေါ်ပြုမူဆက်ဆံနေတဲ့ ပုံစံတွေအပေါ် ရှုတ်ချလိုက်ပြီး ယူနိုက်တက်နောက်ခံလူရင်ဆိုင်နေရတဲ့ဝေဖန်မှုတွေက ဟာသပဲလို့ ပြောလိုက်ပါတယ်။
ဆောက်ဂိတ်က “ဒီလိုပုံစံနဲ့ ကစားသမားတစ်ဦးအပေါ် ပြုမူဆက်ဆံနေတာကို ကျနော်တစ်ခါမှ မသိခဲ့ဖူးပါဘူး။ ကျနော်တို့အတွက် ဆယ်စုနှစ်အတွင်း ဒုတိယအောင်မြင်မှုအရှိဆုံးအင်္ဂလန်အသင်းမှာ သူဟာ တကယ်ကို အားထားရတဲ့သူပါ။ သူက ကျနော်တို့ရဲ့ အဓိကအစိတ်အပိုင်းလည်းဖြစ်ခဲ့ပါတယ်။ ကျနော်တို့မှာ ရှိတဲ့ စီနီယာ ကစားသမားတွေရဲ့ အရေးပါမှုကို ပြောခဲ့ပြီးပြီဖြစ်ပြီး သူဟာ ဒီထဲမှာပါဝင်ပါတယ်။ ကွင်းထဲမှာ ရှိတဲ့အချိန်တိုင်း သူ့ရဲ့ခံနိုင်ရည်ဟာမယုံနိုင်လောက်အောင်ပါပဲ။ သူက ထိပ်တန်းကစားသမားဖြစ်ပြီး ကျနော်တို့အားလုံး သူနဲ့ အတူရှိပါတယ်” လို့ ပြောခဲ့တာပါ။
မက်ဂွဲယားဟာ အင်္ဂလန်ကစားသမားဘ၀ ပွဲပေါင်း ၅၉ ပွဲမြောက်အဖြစ် စကော့တလန်အသင်းကို အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ လူစားဝင်ကစားသမားအဖြစ်ပါဝင်ခဲ့ပါတယ်။ အင်္ဂလန်အသင်းက စကော့တလန်အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ မက်ဂွဲယားဟာ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တာကြောင့် လှောင်ပြောင်မှုတွေခံခဲ့ရတာပါ။ မက်ဂွဲယားဟာ ကလပ်နဲ့ နိုင်ငံအသင်းမှာ မကြာခဏဆိုသလို အမှားအယွင်းတွေပြုလုပ်လေ့ရှိတဲ့အတွက် လှောင်ပြောင်မှုတွေ ခံနေရတာဖြစ်ပါတယ်။

အသက် ၃၀ နှစ်အရွယ်ရှိ မက်ဂွဲယားဟာ အင်္ဂလန်အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်နဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်လုပွဲရောက်ရှိအောင် ကူညီပေးခဲ့ပေမယ့် ယူနိုက်တက်အသင်းမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန် နေရတာပါ။ မက်ဂွဲယားဟာ အခုနှစ်ဘောလုံးရာသီ မစတင်ခင်မှာ အသင်းခေါင်းဆောင်လက်ပတ်ကို စွန့်လွှတ် ခဲ့ရသလို ရောင်းချခံရဖို့အထိ ရှိခဲ့ပေမယ့် နောက်တန်းကစားသမားတွေရဲ့ ဒဏ်ရာတွေကြောင့် ယူနိုက်တက် အသင်းမှာ ဆက်ပြီးရှိနေခဲ့တာဖြစ်ပါတယ်။
မက်ဂွဲယားဟာ ဒီပွဲစဉ်ရဲ့ဒုတိယပိုင်းအစမှ လူစားလဲဝင်ရောက်လာပြီး ပွဲချိန် ၆၇ မိနစ်မှာ ကိုယ့်ဂိုးကိုယ် မသွင်းယူခင် စကော့တလန်အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရတာပါ။
ဆောက်ဂိတ်က “စကော့တလန်ပရိသတ်တွေရဲ့အမြင်ကနေ ကျနော်နားလည်ပါတယ်။ ဒီလိုလုပ်တာက ဟာသတစ်ခုပါပဲ။ စကော့တလန်ပရိသတ်တွေတင်မဟုတ်ပါဘူး။ ပွဲအစီအစဉ်တင်ဆက်သူတွေနဲ့ ဝေဖန်သုံးသပ်သူ တွေလည်း ဒီလိုပဲလုပ်နေကြတာပါ။ မက်ဂွဲယားကတော့ ဝေဖန်မှုတွေကို အကောင်းဆုံးပဲတုံ့ပြန်သွားခဲ့ပါတယ်” လို့ ပြောခဲ့တာဖြစ်ပါတယ်။
၂၀၁၇ မှာ အင်္ဂလန်အသင်းအတွက် စတင်ပွဲထွက်ခွင့်ရခဲ့တဲ့ မက်ဂွဲယားဟာ နိုင်ငံအသင်းအတွက် ၅၉ ပွဲပါဝင်ကစား အပြီးမှာ ၇ ဂိုးသွင်းယူထားပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 749
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၂
ရီးရယ်လ်အသင်းဟာ ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ဘတ်ပီကို လာမယ့်နှစ် နွေရာသီမှာ အလွတ်နဲ့ မခေါ်ယူခင် ဇန်နဝါရီမှာ အကြိုစာချုပ်ချုပ်ဆိုနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
ရီးရယ်လ်အသင်းဟာ ဘတ်ပီအတွက် ပေါင်သန်း ၂၀၀ ကို ဖယ်ထားတာဖြစ်ပြီး ဒီငွေပမာဏထဲမှာ ကစားသမားရဲ့ လုပ်ခလစာနဲ့ လက်မှတ်ထိုးကြေးတို့ ပါဝင်တယ်လို့ Sport သတင်းမှာ ဖော်ပြထားပါတယ်။
ဘတ်ပီနဲ့ ပီအက်စ်ဂျီအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုနှစ် ဘောလုံးရာသီအကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဘတ်ပီဟာ အစောပိုင်းထဲက ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်ထားပေမယ့် ပြင်သစ်ကလပ်ကတော့ ပြောင်းရွှေ့ကြေး ရရှိနိုင်စေဖို့အတွက် စာချုပ်သက်တမ်းတိုးနိုင်ဖို့ ကြိုးစားနေတာပါ။
ဘတ်ပီနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ စာချုပ်ကိစ္စကြောင့် တင်းမာမှုတွေ ရှိခဲ့ပေမယ့် ဆွေးနွေးမှုတွေ ပြန်လည် ပြုလုပ်အပြီးမှာ ကစားသမားကို ထုတ်ပယ်ထားတဲ့ အသင်းလူစာရင်းထဲ ပြန်လည်ထည့်သွင်းထားတာ ဖြစ်ပါတယ်။

ဘတ်ပီကို တွေ့ရစဉ်
ပီအက်စ်ဂျီအသင်းကလည်း ဘတ်ပီ ပြန်လည်ပါဝင်လာတဲ့ ပွဲတွေမှာ ရလဒ်ကောင်းတွေ ရရှိခဲ့ပြီး ပြင်သစ်အသင်း ခေါင်းဆောင်ဟာ လီဂူးဝမ်းပွဲစဉ် ၃ ပွဲမှာ ၅ ဂိုးအထိ သွင်းယူထားတာပါ။
ပြင်သစ်ကလပ်ဟာ ဘတ်ပီကို ၂၀၂၄ ခုနှစ်မှာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ခွင့်ပြုမယ့် အချက်ပါ ထည့်သွင်းပြီး စာချုပ်သစ် ချုပ်ဆိုဖို့ လုပ်ဆောင်နေတာလို့ ပြင်သစ်သတင်းတွေမှာ ဖော်ပြထားပါတယ်။
ရီးရယ်လ်အသင်းကလည်း ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းထံ ပြောင်းရွှေ့သွားခဲ့တဲ့ ဘန်ဇီမာရဲ့ နေရာမှာ ဘတ်ပီကို အစားထိုးဖို့ ရည်ရွယ်ထားတာကြောင့် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူး နေရာအတွက် စပိန်လက်ရွေးစင် ဟိုဆေးလူကို အငှားနဲ့သာ ခေါ်ယူခဲ့တာပါ။
နောက်ဆုံး သတင်းတွေမှာ ရီးရယ်လ်အသင်းဟာ ဘတ်ပီကို ခေါ်ယူဖို့ အဆင်မပြေခဲ့ရင် မန်စီးတီးအသင်း တိုက်စစ်မှူး အယ်လ်ဗားရက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဖော်ပြထားပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 592
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၂
မြန်မာအသင်းနည်းပြ မိုက်ကယ်က နီပေါအသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲ ၂ ပွဲအပြီးမှာ အသင်းအတွက် အကောင်း ဆုံး ကစားနိုင်တဲ့သူတွေကိုပဲ လက်ရွေးစင်အသင်းအတွက် ရွေးချယ်သွားမယ်လို့ ပြောလိုက်ပါတယ်။
မိုက်ကယ်က “နီပေါအသင်းဟာ အရင်ကထက် တိုးတက်လာပြီး အခုမျိုးဆက်က ကွဲပြားခြားနားတဲ့ ခြေစွမ်းရှိတာ ကြောင့် ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်။ ပထမပိုင်းမှာ ဂိုးသွင်းနိုင်ရင် ပွဲက တစ်မျိုးဖြစ်သွားမှာဖြစ်ပြီး ဂိုးမသွင်း နိုင်လို့ ကစားရခက်ခဲ့ပါတယ်။ ကျနော့်အသင်းမှာ ကစားသမားအချို့ ကြံ့ခိုင်မှုပိုင်း ပြဿနာရှိနေပါတယ်။ ဒီပွဲ အပြီး သုံးသပ်မှုတွေ လုပ်ပါမယ်။ အကောင်းဆုံး ကစားနိုင်တဲ့သူတွေကိုပဲ လက်ရွေးစင် အသင်းအတွက် ရွေးချယ်သွားပါ မယ်”လို့ ပြောထားပါတယ်။
မြန်မာအသင်းဟာ နီပေါအသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲ ၂ ပွဲမှာ ပြည်ပမှာ သွားရောက်နေတဲ့ ကစားသမားတွေ အပါအဝင် ပြည်တွင်းက အကောင်းဆုံး ကစားသမားတွေကို အသုံးပြုပြီး ယှဉ်ပြိုင်ခဲ့တာပါ။

မြန်မာအသင်း နည်းပြ မိုက်ကယ်ကို တွေ့ရစဉ်
ဒါပေမယ့် မြန်မာအသင်းဟာ နီပေါအသင်းရဲ့ ဖိကစားခြင်းကို ခံခဲ့ရပြီး ပထမခြေစမ်းပွဲမှာ ဂိုးမရှိ သရေကျခဲ့ကာ ဒုတိယခြေစမ်းပွဲမှာ တိုက်စစ်မှူး ဝင်းနိုင်ထွန်းရဲ့ နောက်ကျသွင်းဂိုးကြောင့် ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
နီပေါအသင်းကို အနိုင်ရခဲ့တဲ့ဟာ ဂျာမန်လူမျိုးနည်းပြ မိုက်ကယ်လက်ထက် မြန်မာအသင်းရဲ့ ဒုတိယမြောက် ခြေစမ်းပွဲ အနိုင်ရလဒ်လည်း ဖြစ်ခဲ့တာပါ။
မြန်မာအသင်းဟာ ဂျာမန်လူမျိုးနည်းပြ လက်ထက် ၆ ပွဲ ကစားထားအပြီးမှာ ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး ရလဒ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ အောက်တိုဘာလထဲမှာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲနဲ့ အာရှဖလားခြေစစ်ပွဲ ပထမအဆင့်အဖြစ် မကာအိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
မြန်မာအသင်းနဲ့ မကာအိုအသင်းတို့ဟာ အောက်တိုဘာ ၁၂ ရက်နဲ့ ၁၇ ရက်မှာ ခြေစစ်ပွဲအဖြစ် အိမ်ကွင်း၊ အဝေးကွင်း ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 656
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၂
ပေါ်တူဂီအသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် လူဇင်ဘတ်အသင်းနဲ့ ကစားခဲ့တာမှာ ၉ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီး ဒါဟာ အသင်းသမိုင်းတစ်လျှောက် အကြီးမားဆုံး နိုင်ပွဲအဖြစ် မှတ်တမ်း ရေးထိုးနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်ခဲ့ပေမယ့် ဘရူနိုဖာနန်ဒက်စ်က ပေါ်တူဂီအသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့တာပါ။
ပေါ်တူဂီအသင်းအတွက် ဂိုးတွေကို အင်အာစီယို၊ ဂွန်ကာလိုရာမို့စ်နဲ့ ဂျိုတာတို့က ၂ ဂိုးစီ သွင်းယူပြီး ရီကာဒိုဟော် တာ၊ ဘရူနိုဖာနန်ဒက်စ်နဲ့ ဂျာအိုဖီလစ်တို့က ၁ ဂိုးစီ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ဒီပွဲမှာ ပေါ်တူဂီအသင်းအတွက် ၁ ဂိုး သွင်းယူနိုင်ခဲ့သလို ၃ ဂိုး ဖန်တီးပေးနိုင်ခဲ့တာပါ။

ပေါ်တူဂီနဲ့ လူဇင်ဘတ်ကို တွေ့ရစဉ်
ပေါ်တူဂီအသင်းဟာ အရင်က အသင်းရဲ့ သမိုင်းတစ်လျှောက် အကြီးမားဆုံး နိုင်ပွဲတွေအဖြစ် လက်ချင်စတိန်းနဲ့ ကူဝိတ်အသင်းတွေကို ၈ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တာကြောင့် အခု လူဇင်ဘတ်အသင်းနဲ့ နိုင်ပွဲက အသင်းရဲ့ အကြီးမားဆုံး နိုင်ပွဲအဖြစ် စံချိန်သစ် တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပေါ်တူဂီအသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် ၆ ပွဲ ကစားထားအပြီးမှာ ၆ ပွဲစလုံး အနိုင်ရထားပြီး ၂၄ ဂိုး သွင်းယူ ကာ ပေးဂိုး ခွင့်မပြုရသေးပါဘူး။
ပေါ်တူဂီအသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲကစားဖို့ ၄ ပွဲ ကျန်ရှိနေသေးပေမယ့် အောက်တိုဘာလထဲမှာ ကစားမယ့် ဒုတိယနေရာက ဆလိုဗားကီးယား အသင်းနဲ့ပွဲမှာ အနိုင်ရပြီး လူဇင်ဘတ်အသင်းက အိုက်စလန်အသင်းကို အနိုင် မရခဲ့ရင် ခြေစစ်ပွဲ အောင်မြင်မှာ ဖြစ်ပါတယ်။
ပေါ်တူဂီအသင်းဟာ လက်ကျန် ခြေစစ်ပွဲတွေအဖြစ် ဆလိုဗားကီးယား အသင်းနဲ့ပွဲ အပါအဝင် ဘော့စနီးယား၊ လက်ချင်စတိန်း၊ အိုက်စလန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။
ပေါ်တူဂီအသင်းဟာ ၂၀၁၆ ခုနှစ်က ကျင်းပခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး နောက်ဆုံးကျင်းပခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာတော့ ၁၆ သင်းအဆင့်ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
Source: Reuters
- By CNI
- Category: အားကစား
- Hits: 656
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၂
ဂျူဗင်တပ်စ်အသင်း ကွင်းလယ်ကစားသမား ပေါ့ဘာဟာ တားမြစ်ဆေးသုံးစွဲမှုနဲ့ ပွဲကစားခွင့် ယာယီပိတ်ပင် ခံလိုက်ရပါတယ်။
ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းက အူဒီးနီးစ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ စီးရီးအေပွဲအပြီး ဆေးစစ်မှု ပြုလုပ်ခဲ့တာမှာ တားမြစ်ဆေး သုံးစွဲကြောင်း တွေ့ရှိခဲ့တယ်လို့ အီတလီအမျိုးသား မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ခုံရုံး(Nado) က ပြောထားပါတယ်။
ပေါ့ဘာဟာ ဒီပွဲမှာ ဂျူဗင်တပ်အသင်းအတွက် လူစားဝင် ကစားသမားအဖြစ်တောင် မပါဝင်ခဲ့ရပေမယ့် ပွဲအပြီး ဆေးစစ်မှုပြုလုပ်ဖို့အတွက် ရွေးချယ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။
ပေါ့ဘာအနေနဲ့ တားမြစ်ဆေးသုံးစွဲမှုမှာ အပြစ်ရှိကြောင်း တွေ့ရှိရမယ်ဆိုရင် ၂ နှစ်ကနေ ၄ နှစ်အထိ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။
ပြင်သစ်ကွင်းလယ် ကစားသမားအနေနဲ့ Nado ရဲ့ရလဒ်အပေါ် ပြန်ပြီးတုံ့ပြန်နိုင်ဖို့အတွက် အချိန် ၃ ရက် ရှိနေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ပေါ့ဘာကို တွေ့ရစဉ်
ပေါ့ဘာဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်မှာ ၄ နှစ်စာချုပ်နဲ့ ဂျူဗင်တပ်စ် အသင်းထံ ပြန်လည် ရောက်ရှိလာခဲ့တာပါ။
ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းကို ဒုတိယအကြိမ်မြောက် ပြန်လည်ရောက်ရှိလာတဲ့ အချိန်မှာတော့ ဒဏ်ရာတွေ ကြောင့် ရုန်းကန်ခဲ့ရပြီး ပွဲကစားခဲ့ရတာထက် အနားယူတာက ပိုပြီးများနေခဲ့တာ ဖြစ်ပါတယ်။
ပေါ့ဘာဟာ အခုနှစ် ဘောလုံးရာသီမှာ လူစားဝင် ကစားသမားအဖြစ် ၅၁ မိနစ်ကြာ ဝင်ရောက်ကစားခဲ့ပြီး မနှစ်က ရာသီတုန်းက မိနစ်ပေါင်း ၁၆၂ မိနစ်သာ ဂျူဗင်တပ်စ်အသင်းအတွက် ပါဝင်ကစားနိုင်ခဲ့တာပါ။
ပေါ့ဘာအနေနဲ့ တားမြစ်ဆေးသုံးစွဲမှုကြောင့် ကာလကြာရှည် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရမယ်ဆိုရင် ဂျူဗင်တပ်စ် အသင်းဟာ ကစားသမားနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းဖွယ် ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 803
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၁
အာဂျင်တီးနား အသင်းနည်းပြ စကာလိုနီက အသင်းခေါင်းဆောင် မက်ဆီဟာ ဘိုလီးဗီးယားကို ရင်ဆိုင်ဖို့အတွက် အသင်းနဲ့အတူ လိုက်ပါမှာဖြစ်ပေမယ့် သူ့ကို ပွဲထွက် လူစာရင်းမှာ အသုံးပြုမယ့် အခြေအနေကို နောက်ပိုင်းမှ ဆုံးဖြတ်မယ်လို့ ပြောလိုက်ပါတယ်။
စကာလိုနီက “မက်ဆီဟာ ဘိုလီးဗီးယားကို လိုက်ပါမှာပါ။ သူဟာ အသင်းနဲ့ လေ့ကျင့်ပုံချင်း မတူပေမယ့် ပွဲကစား ဖို့ လိုသေးတာကြောင့် သူပါဝင်ကစားနိုင်ဖွယ် ရှိ၊မရှိကိုတော့ ဒီနေ့မှာ ကျနော်တို့ ဆုံးဖြတ်ချက် ချသွားမှာပါ။ ကျနော်တို့ဟာ အီကွေဒေါအသင်းနဲ့ ကစားခဲ့တဲ့ ပုံစံတူအသင်းကိုပဲ ပွဲထွက်အသုံးပြုဖို့ ရှိတယ်”လို့ ပြောခဲ့တာပါ။
မက်ဆီဟာ အာဂျင်တီးနားအသင်းက အီကွေဒေါအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ် ပွဲစဉ်ရဲ့ ပွဲချိန် ၈၉ မိနစ်မှာ လူစားလဲခဲ့တာ ဖြစ်ပါတယ်။
မက်ဆီဟာ ဒီပွဲမှာ အာဂျင်တီးနား အသင်းအတွက် အနိုင်ဂိုး သွင်းယူခဲ့ပေမယ့် လူစားလဲဖို့ တောင်းဆိုခဲ့တယ်လို့ နည်းပြ စကာလိုနီက ပွဲအပြီးမှာ ပြောခဲ့တာကြောင့် ကစားသမားရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ မြှင့်တက် လာခဲ့တာပါ။

မက်ဆီကို တွေ့ရစဉ်
မက်ဆီရဲ့ အခြေအနေကို ဆေးစစ်မှု ပြုလုပ်အပြီးမှာ နည်းပြစကာလိုနီက ဘိုလီးဗီးယားအသင်းနဲ့ ပွဲမတိုင်ခင် သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေသွားခဲ့တာ ဖြစ်ပါတယ်။
မက်ဆီဟာ အသက် ၃၆ နှစ် အရွယ်ရှိပြီဖြစ်ပြီး ကစားသမားဘဝ အဆုံးသတ်ဖို့ နီးကပ်လာပြီ ဖြစ်ပေမယ့် သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်နေဆဲ ဆိုတာကို အကြိမ်ကြိမ် ပြသနေခဲ့တာပါ။
မက်ဆီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလား ချန်ပီယံဆုရယူ ပေးနိုင်ခဲ့ သလို အသင်းသစ် အင်တာမိုင်ယာမီမှာလည်း ခြေစွမ်းပြပြီး သွင်းဂိုးတွေ သွင်းယူနေတာ ဖြစ်ပါတယ်။
မက်ဆီဟာ အင်တာမိုင်ယာမီ အသင်းအတွက် ၁၁ ဂိုး သွင်းယူထားသလို ပြီးခဲ့တဲ့ အီကွေဒေါအသင်းနဲ့ ပွဲမှာ ပြစ်ဒဏ်ဘော ကန်ချက်ကနေ အာဂျင်တီးနား အသင်းအတွက် အဖိုးတန်အနိုင်ဂိုး ရယူပေးထားတာပါ။
မက်ဆီအနေနဲ့ ဘိုလီးဗီးယားအသင်းနဲ့ ပွဲမှာ ပွဲထွက်လူစာရင်းမှာ မပါဝင်ဘူးဆိုရင်လည်း လူစားဝင် ကစားသမား အဖြစ် ပါဝင်ကစားပေးဖွယ် ရှိနေပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 818
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၁
ယူနိုက်တက်အသင်းနည်းပြဟောင်း ဆိုးလ်ရှားဟာ နော်ဝေလက်ရွေးစင်အမျိုးသမီးအသင်းကို ကိုင်တွယ်ဖို့အတွက် ကမ်းလှမ်းမှုရခဲ့ပေမယ့် ငြင်းပယ်ခဲ့တယ်လို့ ပြောလိုက်ပါတယ်။
ဆိုးလ်ရှားက “ကျနော်လက်ရွေးစင်နည်းပြရာထူးနဲ့ ပတ်သက်ပြီး အဖွဲ့ချုပ်နဲ့ စကားပြောခဲ့ပါတယ်။ သူတို့က နည်းပြရာထူးအတွက် ကျနော့်ကိုမေးခဲ့ပေမယ့် ကျနော်ကတော့ အဆင်သင့်မဖြစ်သေးဘူးဆိုပြီး အကြောင်းပြန် ခဲ့တယ်လို့ ”နော်ဝေသတင်း NRK ကို ပြောခဲ့တာပါ။
ဆိုးလ်ရှားဟာ ၂၀၂၁ ခုနှစ်၊နိုဝင်ဘာလက ယူနိုက်တက်အသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံရပြီးကတည်းက ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်းမရှိသေးပါဘူး။ အသက် ၅၀ နှစ်အရွယ်ရှိ ဆိုးလ်ရှားဟာ ဘန်လေနဲ့ လက်စတာ အသင်းတို့ရဲ့ နည်းပြရာထူးအတွက် ချိတ်ဆက်မှုတွေခံခဲ့ရပေမယ့် အခုအချိန်ထိ နည်းပြလောကထဲကို ပြန်လည် မဝင်ရောက်သေးတာဖြစ်ပါတယ်။

နော်ဝေလူမျိုးနည်းပြဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့တုန်းက ၂၀၂၀-၂၁ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဒုတိယနေရာရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့သလို ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲရောက်အောင် ပို့ဆောင် ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ၂၀၂၁-၂၂ ဘောလုံးရာသီမှာ ရော်နယ်ဒို၊ဆန်ချိုနဲ့ ဗာရန်းတို့ကို ခေါ်ယူခဲ့ပေမယ့် ရလဒ် တွေဆိုးရွားခဲ့တာကြောင့် ဂန္ထဝင်ကစားသမားဖြစ်တဲ့ ဆိုးလ်ရှားဟာ နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။ ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းမှာ ဆုဖလားအောင်မြင်မှုမရယူနိုင်ခဲ့ပေမယ့် သူကိုင်တွယ်ခဲ့တဲ့ အချိန်ကို ကျေနပ်မှုတွေရှိနေခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းကို လက်ရှိအချိန်မှာ ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်က ကိုင်တွယ်နေပြီး မနှစ်က ဘောလုံးရာသီမှာ အသင်းဟာ ကာရာဘောင်းဖလားရယူနိုင်ခဲ့သလို ချန်ပီယံလိဂ် ဝင်ခွင့် ပြန်လည် ရယူနိုင် ခဲ့ပေမယ့် အခုနှစ်ရာသီအစပိုင်းမှာတော့ ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 764
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၁
ရူဘီယာလက်စ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအပြီးမှာ စပိန်ကွင်းလယ်လူ ဟာမိုဆိုကို နမ်းခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ အပြင်းအထန် ခံခဲ့ရတာကြောင့် စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရာထူး ကနေ နုတ်ထွက်သွားခဲ့ပါတယ်။
စပိန်အသင်းက အင်္ဂလန်အသင်းကို အနိုင်ရခဲ့တဲ့ ဗိုလ်လုပွဲအပြီးမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကွင်းလယ်လူ ဟာမိုဆိုက ဒီအနမ်းဟာ နှစ်ဦးသဘောတူညီမှုနဲ့ ဖြစ်ခဲ့တာမဟုတ်ဘူးလို့ ပြောပါတယ်။
ဒီနောက်မှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်က တရားရေးဆိုင်ရာ တိုင်ကြားမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။
အသက် ၄၆ နှစ်အရွယ်ရှိ ရူဘီယာလက်စ်ဟာ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရာထူးအပြင် ယူအီးအက်ဖ်အေရဲ့ အမှုဆောင်ကော်မတီ ဒုဥက္ကဋ္ဌရာထူး ကနေလည်း နုတ်ထွက်ခဲ့ပါတယ်။
ရူဘီယာလက်စ်ဟာ အစောပိုင်းက စပိန်ဘောလုံးအကြီးအကဲ ရာထူးကနေ နုတ်ထွက်ဖို့ကို အကြိမ်ကြိမ် ငြင်းဆန်ခဲ့တာပါ။
စပိန်အစိုးရ ရှေ့နေတစ်ဦးဟာ ကွင်းလယ်လူ ဟာမိုဆိုရဲ့ ထွက်ဆိုမှုအပြီးမှာ ရူဘီယာလက်စ်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ အတင်းအကြပ် လုပ်ဆောင်စေမှုတွေနဲ့ စပိန်တရားရုံးချုပ်ထံ တိုင်ကြားမှု ပြုလုပ်ခဲ့ပါတယ်။

ရူဘီယာလက်စ်နဲ့ စပိန်အမျိုးသမီးအသင်း ကစားသမားကိုတွေ့ရစဉ်
ဖီဖာဟာ ရူဘီယာလက်စ်ကို ဘောလုံးနဲ့ ပတ်သက်ခွင့် ယာယီဆိုင်းငံ့တဲ့ ပြစ်ဒဏ်ချမှတ်ထားတာပါ။
ရူဘီယာလက်စ်က “ကျနော့်အပေါ်မှာ ဖီဖာရဲ့ ဆိုင်းငံ့မှုတွေနဲ့ တခြားအမှုဖွင့်တဲ့ အရာတွေကြောင့် ကျနော့်ရဲ့ ရာထူးကို ပြန်ပြီးမရနိုင်တော့ဘူးဆိုတာ သေချာသွားပါပြီ။ ဒါကို ဆက်ပြီး စောင့်ဆိုင်းနေမယ်ဆိုရင် အဖွဲ့ချုပ် အတွက်ရော စပိန်ဘောလုံးအတွက်ပါ အပေါင်းလက္ခဏာ ဆောင်တဲ့အရာတွေက အထောက်အကူ ဖြစ်စေမှာ မဟုတ်ပါဘူး”လို့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။
ရူဘီယာလက်စ်သာ စပိန်ဘောလုံးအကြီးအကဲအဖြစ် ဆက်ပြီး ရှိနေမယ်ဆိုရင် ကမ္ဘာ့ဖလား ချန်ပီယံဆုရ ကစားသမား ၂၃ ဦး အပါအဝင် စပိန်ကစားသမား ၈၁ ဦးက နိုင်ငံအသင်းအတွက် ကစားပေးတော့မှာ မဟုတ်ဘူးလို့ ပြောထားတာပါ။
စပိန်ဘောလုံးအဖွဲ့ချုပ်ဟာ ရူဘီယာလက်စ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိ စပိန်အမျိုးသမီးအသင်းနည်းပြ ဂျော့ချ်ဗယ်လ်ဒါကိုလည်း မကြာသေးခင်က ရာထူးကနေ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 647
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၁
ဆားဘီးယား တင်းနစ်သမား ဂျိုကိုဗစ်ဟာ အမေရိကန်အိုးပန်းဗိုလ်လုပွဲမှာ ရုရှားတင်းနစ်သမား မက်ဗီဒက်ဗ်ကို အနိုင်ရပြီး စံချိန်တင် ဂရမ်းဆလမ်းဆုဖလား ၂၄ ကြိမ်မြောက် ရရှိသွားခဲ့ပါတယ်။
ဂျိုကိုဗစ်ဟာ ဗိုလ်လုပွဲမှာ မက်ဗီဒက်ဗ်ကို ၆-၃၊ ၇-၆၊ ၆-၃ နဲ့ ၃ ပွဲပြတ်အနိုင်ရပြီး အမေရိကန်အိုးပန်း ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။
အသက် ၃၆ နှစ်အရွယ်ရှိ ဂျိုကိုဗစ်ဟာ ဒီပြိုင်ပွဲမှာ အနိုင်ယူနိုင်ခဲ့တာကြောင့် အမျိုးသမီးတင်းနစ်မယ် မာဂရတ်ကော့တ်ရဲ့ ဂရမ်းဆလမ်းဆုဖလား ၂၄ ကြိမ် ရယူထားတဲ့ နှစ်ပေါင်း ၅၀ ကြာ စံချိန်မှတ်တမ်းကို လိုက်မှီသွားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဂျိုကိုဗစ်ဟာ အမေရိကန်အိုးပန်း ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ အသက်အကြီးဆုံး အမျိုးသားတင်းနစ် ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ဂျိုကိုဗစ်က “ဒါက ကျနော့်အတွက် ကမ္ဘာကြီးကို အဓိပ္ပါယ်ရှိစေပါတယ်။ ဒီအားကစားနည်းရဲ့ အမြင့်ဆုံးအဆင့်မှာ ယှဉ်ပြိုင်နိုင်ဖို့အတွက် ကလေးဘဝကတည်းက မက်ခဲ့တဲ့ အိပ်မက်ဟာ အမှန်တကယ် ရှင်သန်နေပါတယ်။ ဒီအားကစားနည်းက ကျနော်နဲ့ ကျနော့်မိသားစုကို ခက်ခဲတဲ့ အခြေအနေကနေ အများကြီးပေးခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဂျိုကိုဗစ်နဲ့ မက်ဗီဒက်ဗ်ကို တွေ့ရစဉ်
ဂျိုကိုဗစ်ဟာ အခုနှစ်ထဲမှာ ရာဖေးလ်နာဒယ်လ်ရဲ့ ဂရမ်းဆလမ်းဆုဖလား အရေအတွက် ၂၂ ကြိမ်ကို ကျော်ဖြတ် နိုင်ခဲ့သလို ၂၀၂၃ ခုနှစ်ထဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ ဂရမ်းဆလမ်းပြိုင်ပွဲ ၄ ပွဲထဲက ၃ ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။
ဆားဘီးယားတင်းနစ်သမားဟာ ဒီလိုအောင်မြင်မှုကို ၄ ကြိမ်တိုင်တိုင် လုပ်ဆောင်နိုင်ခဲ့တဲ့ ပထမဆုံးသူလည်း ဖြစ်လာခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဂျိုကိုဗစ်ဟာ အမေရိကန်အိုးပန်းပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင်ခဲ့တဲ့အတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက် နံပါတ် တစ် နေရာကို ပြန်လည်ရောက် ရှိလာခဲ့တာပါ။
ဂျိုကိုဗစ်ဟာ အမေရိကန်အိုးပန်း ချန်ပီယံဆုကို ရယူပြီးနောက် မိသားစုတွေရဲ့ အနစ်နာခံမှုတွေကို ကျေးဇူးတင် ကြောင်းလည်း ပြောခဲ့ပါတယ်။
ဂျိုကိုဗစ်က “၁၉၉၀ ခုနှစ်က ကျနော်တို့နိုင်ငံမှာ စစ်ပွဲတွေ ဖြစ်ပွားနေချိန်အတွင်း ကျနော့်မိဘတွေက ကျနော့်ကို အနစ်နာခံပြီး အလွန်ဈေးကြီးတဲ့ အားကစားတစ်ခုကို ပံ့ပိုးပေးခဲ့ပါတယ်။ ကျနော့် မိသားစုထဲမှာ ဘယ်သူမှ တင်းနစ် မကစားခဲ့ကြပေမယ့် ကျနော်ဟာ မိသားစုဆီကနေ မယုံကြည်နိုင်လောက်တဲ့ ခံနိုင်ရည်တွေနဲ့ ယုံကြည်မှု တွေ ရရှိခဲ့ပါတယ်။ ဒီဆုဖလားက ကျနော့်မိဘတွေ၊ မိန်းမ၊ ကလေးတွေနဲ့ အသင်းအတွက်ပါပဲ”လို့ ပြောခဲ့ပါတယ်။
ဂျိုကိုဗစ်ဟာ လာမယ့်နှစ် ဇန်နဝါရီမှာ ကျင်းပမယ့် သြစတြေးလျအိုးပန်းပြိုင်ပွဲမှာ အနိုင်ရခဲ့ရင် တင်းနစ်သမိုင်းမှာ ဂရမ်းဆလမ်းဆုဖလား အများဆုံးရ ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်တော့မှာ ဖြစ်ပါတယ်။
Source: BBC
