
- By CNI
- Category: အားကစား
- Hits: 768
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂
ယူနိုက်တက် အသင်းဟာ ဒီတစ်ပတ်ထဲမှာ ဘာစီလိုနာ အသင်းနဲ့ ယူရိုပါလိဂ် ပလေးအော့ဖ် ဒုတိယအကျော့ ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ဖို့ ရှိနေသလို နယူးကာဆယ် အသင်းနဲ့လည်း ကာရာဘောင်းဖလား ဗိုလ်လုပွဲ ကစားဖို့ ရှိ နေတဲ့အချိန်မှာပဲ ဂန္တဝင်နည်းပြကြီး ဖာဂူဆန်နဲ့ ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်တို့ဟာ စားသောက် ဆိုင် တစ်ဆိုင်မှာ တွေ့ဆုံခဲ့ကြပါတယ်။
သူတို့နှစ်ဦးဟာ ချက်ရှိုင်းယားရှိ အီတလီစားသောက်ဆိုင် စီဘိုမှာ ညစာစားရင်း စကားစမြည် ပြောနေတဲ့ပုံကို မြင်တွေ့ခဲ့ရတာပါ။
အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်နည်းပြဘဝ သူ့ရဲ့ ပထမဆုံးရာသီမှာ ဆုဖလားတွေ ရယူနိုင်ဖို့ ပစ်မှတ်ထား နေတာ ဖြစ်ပါတယ်။
ဖာဂူဆန်ဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့တုန်းက ၁၉၉၉ ခုနှစ်မှာ တစ်ရာသီအတွင်းမှာ ဆုဖလား ၃ လုံး ရယူနိုင်အောင် ကိုင်တွယ်နိုင်ခဲ့တာကြောင့် ဒတ်ချ်လူမျိုးနည်းပြဟာ ဒီတွေ့ဆုံမှုကနေ အကြံဉာဏ်တွေ ရယူနေပါတယ်။
ယူနိုက်တက်နဲ့ ဘာစီလိုနာ ယှဉ်ပြိုင်နေစဉ်
ယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့မှာ နယူးကာဆယ်အသင်းနဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲကစားဖို့ ရှိနေပြီး ၂၀၁၇ နောက်ပိုင်း ဆုဖလားလက်မဲ့ ဖြစ်နေတာကို အဆုံးသတ်ဖို့ မျှော်လင့်နေတာပါ။
ဒီပွဲ မတိုင်ခင်မှာတော့ ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် ပလေးအော့ဖ် ဒုတိယအကျော့ ပွဲစဉ်အဖြစ် ဘာစီလိုနာ အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်း ပထမအကျော့အဖြစ် ကစားခဲ့တုန်းက ၂ ဂိုးစီ သရေကျခဲ့တာပါ။
ဖာဂူဆန်ဟာ ၂၀၀၈ တုန်းက အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ဘာစီလိုနာအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရအောင် ကစားခဲ့ပြီး ယူနိုက်တက်အသင်းကို ဗိုလ်လုပွဲ တက်နိုင်အောင် ကိုင်တွယ် ပေးနိုင်ခဲ့ပါတယ်။
အဲဒီနှစ်မှာပဲ ယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးအသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရပြီး ချန်ပီယံလိဂ် ဖလား ရယူနိုင်ခဲ့တာပါ။ ဖာဂူဆန်ဟာ အရင်က ယူနိုက်တက်ပွဲတွေကို အိမ်ကွင်းပွဲတွေသာ လာရောက် ကြည့်ရှုတာ များပေမယ့် အခုဆို အဝေးကွင်းပွဲတွေပါ ကြည့်ရှုတာကို မြင်တွေ့ရပါတယ်။
ယူနိုက်တက်အသင်းဟာ အခုနှစ်ရာသီမှာ ကာရာဘောင်းဖလား၊ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ် ဆုဖလား ရယူနိုင် ဖို့ လမ်းကြောင်းပေါ်မှာ ရှိနေတာကြောင့် နည်းပြ အဲရစ်တန်ဟတ်ဟာ ပြိုင်ပွဲတိုင်းကို အာရုံစူးစိုက်မှု အပြည့်နဲ့ ကစားဖို့ ပြောထားပါတယ်။
ယူနိုက်တက်အသင်းဟာ အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ကစားတဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၁၇ ပွဲဆက် ရှုံးပွဲမရှိဘဲ ၁၅ ပွဲ အနိုင်ရရှိကာ ၂ ပွဲ သရေကျထားတာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 622
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂
ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာဟာ ဒိုင်လူကြီးတွေကို ငွေပေးချေမှု အရှုပ်တော်ပုံတွေနဲ့ ပတ်သက်ပြီး ရာထူးကနေ နုတ်ထွက်မှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။
လာပေါ်တာက “ဒါက ကလပ်အသင်းအဖွဲ့ဝင်တွေ ဆုံးဖြတ်ဖို့ပါ။ ဘာစီလိုနာရဲ့သမိုင်းကြောင်းနဲ့ ပုံရိပ်ကို ညှိုးနွမ်း သွားအောင် လုပ်ဖို့ ကြိုးစားတဲ့သူတိုင်းဟာ ပြင်းထန်တဲ့ တုန့်ပြန်မှုကို ရရှိမှာပါ” လို့ အင်္ဂါနေ့က ပြောခဲ့တာပါ။
စပိန်ဒိုင်လူကြီးများကော်မတီရဲ့ ဒုဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်တဲ့ ဟိုဆေးမာရီယာထံ ဘာစီလိုနာအသင်းက ငွေပေး ချေမှုနဲ့ပတ်သက်ပြီး လာပေါ်တာအနေနဲ့ မရှင်းပြနိုင်ဘူးဆိုရင် ရာထူးကနေ နုတ်ထွက်ဖို့ လာလီဂါ အကြီးအကဲ တီဘတ်စ်က ပြောထားတာပါ။လာပေါ်တာကတော့ တီဘတ်စ်ဟာ သူတို့အသင်းအပေါ်ကို အစွဲအလန်းကြီးနေ တယ်လို့ ပြောခဲ့ပါတယ်။ငွေပေးချေမှု အရှုပ်တော်ပုံတွေဟာ အင်္ဂါနေ့မှာ ကြီးထွားလာခဲ့ပြီး လာလီဂါအသင်း ၂၀ ထဲက ၁၈ သင်းဟာ ဒီအခြေအနေနဲ့ ပတ်သက်တဲ့ သူတိုရဲ့ စိုးရိမ်မှုကြီးမားမှုကို ဖော်ပြဖို့ ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က ဘာစီလိုနာအသင်းဟာ ၂၀၁၆ ကနေ ၂၀၁၈ ကြားမှာ ဟိုဆေးမာရီယာ ပိုင်ဆိုင်တဲ့ ကုမ္ပဏီတစ်ခု ကို ယူရို ၁.၄ သန်းပေးချေခဲ့တယ်လို့ သတင်းထွက်ခဲ့တာပါ။ဒါ့အပြင် စပိန်ကလပ်ဟာ ဟိုဆေးမာရီယာကို ၂၀၀၁ ကနေ ၂၀၀၈ ကြားမှာ ယူရို ၇ သန်းခန့်ပေးချေခဲ့တယ်လို့ နောက်ပိုင်းသတင်းတွေမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ ဒုတိယနေရာက ရီးရယ်လ်အသင်းကို ၈ မှတ်ဖြတ်ပြီး ၄ နှစ်အတွင်း ပထမဆုံး အကြိမ် လာလီဂါဖလားကို ပြန်လည်ရယူနိုင်ဖို့ ပစ်မှတ်ထားနေပေမယ့် ဒီ အခြေအနေတွေက သူတို့ကို စိတ်ပျက် စရာ ဖြစ်ခဲ့ရတာပါ။
လာပေါ်တာက ငွေပေးချေမှုနဲ့ ပတ်သက်ပြီး ကလပ်အတွင်းပိုင်း စုံစမ်းစစ်ဆေးမှုတွေကို စတင်မှာဖြစ်ပြီး ရရှိထား တဲ့ အချက်အလက်တွေ အားလုံးကို ချပြမယ်လို့ ပြောခဲ့ပါတယ်။ဘာစီလိုနာအသင်းဟာ သောကြာနေ့ မနက်ပိုင်း မှာ ယူရိုပါလိဂ် ပလေးအောဖ့် ဒုတိယအကျော့ပွဲစဉ်အဖြစ် ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ ပထမအကျော့ အဖြစ်ကစားခဲ့တုန်းက ၂ ဂိုးစီသရေကျခဲ့တာဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 759
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ အိမ်ရှင် လီဗာပူးလ်အသင်းကို ၅ ဂိုး- ၂ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် အလုပ်တွေ ဆက်လုပ်စရာရှိသေးတာကြောင့် ပွဲမပြီး သေးဘူးလို့ ပြောလိုက်ပါတယ်။
အန်ဆယ်လော့တီက “ဒီပွဲမှာ ကျနော်တို့ဟာ ၂ ဂိုးပေးပြီး အနောက်ကနေ လိုက်ကစားခဲ့ရတာကြောင့် သမိုင်းဝင် နိုင်ပွဲပါ။ ဒါပေမယ့် ကျနော်တို့ဟာ ဘယ်တော့မှ နောက်ကိုပြန်မဆုတ်ဘဲ စိတ်ကို အေးအေးထားခဲ့ပါတယ်။ အထိတ်တလန့်တွေလည်းမဖြစ်ဘဲ ခက်ခဲတဲ့ပွဲကို ပြန်လာနိုင်အောင် လုပ်နိုင်ခဲ့ပါတယ်။ကျနော်တို့ ပွဲစတင်ခဲ့ရတဲ့ အရာကြောင့် ဒီလိုနိုင်ပွဲရဖို့က မလွယ်ကူခဲ့ပါဘူး။ကျနော်တို့ ယုံကြည်မှုတွေဟာ ဘယ်တော့မှ မဆုံးရှုံးခဲ့သလို ဘောလုံးကို တဖြည်းဖြည်းထိန်းချုပ်နိုင်ခဲ့ပါတယ်။ ကျနော်တို့ ရှေ့တန်းက ထိရောက်မှုရှိခဲ့ပြီး ဗီနီစီးယက်ဆိုရင် မယုံကြည်နိုင်လောက်တဲ့ စွမ်းဆောင်ရည်ကို ပြသသွားခဲ့ပါတယ်။ဒါက ရှုံးထွက်ရဲ့ပထမပိုင်းပဲရှိပါသေးတယ်။ ဒုတိယအကျော့မှာ ဒုက္ခမရောက်အောင် ကြိုးစားဖို့လိုတယ်ဆိုတာ တွေးထားရလိမ့်မယ်”လို့ ပြောခဲ့တာပါ။
ဒီပွဲစဉ်မှာ လီဗာပူးလ်အသင်းဟာ ဒါဝင်နူနက်ဇ်၊ ဆာလတ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ပွဲချိန် ၁၄ မိနစ်မှာ ရီးရယ်လ် အသင်း ကို ၂ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ရီးရယ်လ်အသင်းဟာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းပြီး ဂိုးပြတ်နိုင်ပွဲကို ရယူနိုင်ခဲ့တာပါ။ရီးရယ်လ်အတွက် ဂိုးတွေကို ဗီနီစီးယက်စ်နဲ့ ဘန်ဇီမာက ၂ ဂိုးစီ သွင်းယူပြီး မီလီတာအိုက ၁ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ အရင်က အန်ဖီးလ်မှာ ကစားခဲ့တဲ့ ဥရောပပြိုင်ပွဲတွေမှာ ၃ ဂိုးထက်ပိုပြီး ခွင့်ပြုမခံခဲ့ရပေ မယ့် အခုအချိန်မှာတော့ ပထမဆုံးအကြိမ် ၅ ဂိုးခွင့်ပြုခဲ့ရတာပါ။ရီးရယ်လ်အသင်းခေါင်းဆောင် ဘန်ဇီမာကတော့ လီဗာပူးလ်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ ချန်ပီယံလိဂ်ဆုဖလားကို ထပ်မံရယူချင်တယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။
ဘန်ဇီမာက “ကျနော်တို့ဟာ ပင်ကိုယ်စရိုက်နဲ့ ကစားခဲ့တာဖြစ်ပြီး ဂိုးတွေသွင်းယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဆုဖလားကို ထပ်ပြီးရယူချင်ပါတယ်။ဒီပွဲက ကြည့်တဲ့သူတွေအတွက် အလွန်နှစ်သက်ဖို့ကောင်းတဲ့ ပွဲတစ်ပွဲကို ဖန်တီးပေးခဲ့ ပါတယ်။ပွဲအစ ၁၅ မိနစ်အပြီးမှာ ကျနော်တို့ ရီးရယ်လ်အစစ်အမှန်ကို မြင်တွေ့ခဲ့ရပါတယ်။ဒီအဆင့်မှာ ဘောလုံးက ခက်ခဲပါတယ်။သူတို့ဟာ ပွဲအစပိုင်းမှာ ကျနော်တို့ထက် ပိုကောင်းခဲ့ပေမယ့် ဒါက ပွဲကြီးဖြစ်ပြီး ကျနော်တို့က အဆင်သင့်ပါပဲ”လို့ ပြောခဲ့တာပါ။
ဒီနှစ်သင်းရဲ့ ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို မတ်လ ၁၅ ရက် ဘာနေဗျူးမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါ တယ်။
Source:DailyMail

- By CNI
- Category: အားကစား
- Hits: 642
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁
ပီအက်စ်ဂျီအသင်းဟာ တူချယ်လ်ကို နည်းပြသစ်အဖြစ် ပြန်လည်ခန့်အပ်ပြီး ထုတ်ပယ်ခဲ့တုန်းက အမှားလုပ်ခဲ့ တာကို ဝန်ခံဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ပြင်သစ်လီဂူးဝမ်းချန်ပီယံ ပီအက်စ်ဂျီအသင်းဟာ လက်ရှိနည်းပြ ဂယ်လ်တီယာကို စိတ်ပျက်နေပြီး ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလက ထုတ်ပယ်ခဲ့တဲ့ နည်းပြဟောင်း တူချယ်လ်နဲ့ ပြန်လည်လက်တွဲဖို့ ပြင်ဆင်နေပါတယ်။
ပီအက်စ်ဂျီအသင်းဟာ လိုင်လီအသင်းကို အနိုင်ရခဲ့တဲ့ ပွဲမတိုင်ခင် ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲဆက် အရေးနိမ့် ခဲ့တာကြောင့် နည်းပြ ဂယ်လ်တီယာဟာ ပြင်းထန်တဲ့ ဖိအားတွေအောက်မှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။
ဂျာမန်လူမျိုးနည်းပြ တူချယ်လ်ဟာ ချယ်လ်ဆီးအသင်းကနေ ထုတ်ပယ်ခံရတဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ကတည်းက အသင်းလက်မဲ့အဖြစ် ရှိနေတာပါ။
Evening Standard ကတော့ ပီအက်စ်ဂျီအသင်းဟာ တူချယ်လ်ကို မထုတ်ပယ်သင့်ဘူးဆိုတာ ဝန်ခံချင်နေတယ် လို့ ဖော်ပြထားပါတယ်။
တူချယ်လ်ဟာ အဲဒီတုန်းက အားကစားဒါရိုက်တာ လီယိုနာဒိုနဲ့ အဆင်မပြေ ဖြစ်ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ အားကစားဒါရိုက်တာ လူးဝစ်ကမ်ပို့စ်နဲ့ ပြန်လည် စတင်နိုင်မှာပါ။
ချယ်လ်ဆီးအသင်း နည်းပြဟောင်းဟာ ဂယ်လ်တီယာနေရာမှာ အစားထိုးဖို့ ထိပ်ဆုံးကနေလျာထားခံရတဲ့သူ ဖြစ်ပေမယ့် တူချယ်လ်ဟာ နည်းပြအလုပ်ကိုပဲ အာရုံစိုက်ချင်လို့ နာမည်ကြီး ကစားသမားတွေ ဆီကနေ အကာ အကွယ်ပေးမယ့် အာမခံချက်ကို ရယူချင်နေတာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းမှာ နည်းပြလုပ်ခဲ့စဉ်က တူချယ်လ်ကိုတွေ့ရစဉ်
တူချယ်လ်ဟာ ပီအက်စ်ဂျီအသင်းကို ကိုင်တွယ်ခဲ့တာမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်နိုင်အောင် ပထမဆုံးအကြိမ် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ဒီပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းကို အရေးနိမ့်ခဲ့လို့ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာပါ။
တူချယ်လ်ဟာ ပီအက်စ်ဂျီကနေ ထွက်ခွာအပြီးမှာ ချယ်လ်ဆီးနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရကာ ချန်ပီယံလိဂ်၊ ဥရောပ စူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားတို့ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
တူချယ်လ်ဟာ မကြာသေးခင်က ဘိုင်ယန်မြူးနစ် နည်းပြရာထူးအတွက် ချိတ်ဆက်မှုတွေခံခဲ့ရပါတယ်။
ပီအက်စ်ဂျီအသင်းဟာ လာမယ့် ပွဲစဉ်တွေမှာ မာဆေးလ်၊ နန့်တက်စ်တို့နဲ့ လီဂူးဝမ်းပွဲတွေ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲတွေပြီးရင်တော့ ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်ယှဉ်ပြိုင်ရမှာ ဖြစ်ပါ တယ်။
ဒီပွဲတွေမှာ ရလဒ်တွေ မကောင်းခဲ့ဘူးဆိုရင် နည်းပြ ဂယ်လ်တီယာဟာ ရာထူးကနေ ထုတ်ပယ် ခံရဖွယ်ရှိတယ်လို့ သိရပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 679
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁
လီဗာပူးလ်အသင်းပိုင်ရှင် ဂျွန်ဟင်နရီက အသင်းကို ရောင်းချသွားမှာ မဟုတ်ပေမယ့် ရင်းနှီးမြှုပ်နှံမှုအချို့ကို မျှော်လင့်တယ်လို့ ပြောလိုက်ပါတယ်။
ဂျွန်ဟင်နရီက “လီဗာပူးလ်အသင်းနဲ့ ပတ်သက်ပြီး ပြောဆိုတာနဲ့ ကိုးကားတဲ့ အကြောင်းအရာတွေ အများကြီး ရှိတယ်ဆိုတာ ကျနော်သိပါတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ အဖြစ်အမှန်အတိုင်းကိုပဲ ဆက်ထိန်းသိမ်းထား ပါတယ်။ ကျနော်တို့လုပ်နေတဲ့ လုပ်ငန်းစဉ်တွေကို တရားဝင် လုပ်လိုက်ရုံပါပဲ။ အင်္ဂလန်မှာ အမြဲတမ်း ရှိနေမလား ဆိုရင် မရှိနိုင်ပါဘူး။ လီဗာပူးလ်ကို ရောင်းမလားဆိုရင်လည်း မရောင်းပါဘူး။ လီဗာပူးလ်အသင်းကို ရင်းနှီးမြှုပ်နှံ မယ့် သူတွေနဲ့ စကားပြောနေလားဆိုရင်တော့ ဟုတ်ပါတယ်။ ဒီကနေ တစ်ခုခု ဖြစ်သွားနိုင်မလားဆိုတာကို ယုံကြည်ပေမယ့် အသင်းကိုရောင်းမှာ မဟုတ်ဘူး”လို့ ဘော်စတွန်အားကစားဂျာနယ်ကို ပြောခဲ့တာပါ။
ဂျွန်ဟင်နရီရဲ့ FSG အစုအဖွဲ့ဟာ လီဗာပူးလ်အသင်းကို ၂၀၁၀ ခုနှစ်က ဝယ်ယူခဲ့တာဖြစ်ပြီး သူတိုဟာ လီဗာပူးလ် အသင်းမှာ ရှယ်ယာရှင် အသစ်တွေကို ထည့်သွင်းစဉ်းစားမယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလက ပြောထားတာ ဖြစ်ပါ တယ်။
FSG ဟာ လီဗာပူးလ်အသင်းကို ပေါင်သန်း ၃၀၀ နဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး အမေရိကန် ဘတ်စကတ်ဘောကြယ်ပွင့် လီဘရွန်ဂျိမ်းစ်ဟာ ၂၀၁၁ ခုနှစ်ကတည်းက အသင်းရဲ့ ပိုင်ရှင် အစိတ်အပိုင်း ဖြစ်ခဲ့တာပါ။
လီဗာပူးလ်အသင်းကိုတွေ့ရစဉ်
လီဘရွန်ဂျိမ်းစ်ဟာ လီဗာပူးလ်အသင်းမှာ ပေါင် ၄.၇ သန်း ကုန်ကျတဲ့ ရှယ်ယာ ၂ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး အဲဒီ အချိန်ကတည်းက FSG ရဲ့ အသေးစား လုပ်ဖော်ကိုင်ဖက် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်၊ မတ်လမှာ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ်တဲ့ RedBird Capital Partners ဟာ FSG ကနေ ပေါင် ၅၃၃ သန်းခန့်နဲ့ အစုရှယ်ယာတစ်ခုကို ဝယ်ယူခဲ့တာပါ။ လီဗာပူးလ်အသင်းဟာ FSG ရဲ့လက်ထက်မှာ ပရီးမီးယား လိဂ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလား၊ ကာရာဘောင်း၊ ဥရောပစူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားတို့ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီရာသီမှာတော့ ရလဒ်တွေ အနည်းငယ် ဆိုးရွားနေခဲ့ပြီး ပရီးမီးယားလိဂ်မှာ အဆင့် ၈ နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့် ရောက်ရှိနေတာ ဖြစ်ပါတယ်။
Source:BBC

- By CNI
- Category: အားကစား
- Hits: 576
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁
အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့ အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်ဟာ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမား တွေကို နိုင်ငံတကာ အားကစားပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်တာကို ပိတ်ပင်ဖို့ ဖေဖော်ဝါရီ ၂၀ ရက်က ကတိ ပြုခဲ့ကြောင်း ဗြိတိန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဗြိတိန်ယဉ်ကျေးမှု အတွင်းဝန် လူဇီဖရေဇာက “ဒီမဟာမိတ်အဖွဲ့ဟာ ယူကရိန်းကို ဘက်ပေါင်းစုံကနေ ပံ့ပိုးပေးခဲ့ ပြီး ဆက်ပြီးတော့လည်း ဒါကို လုပ်ဆောင်သွားမှာပါ။ ရုရှားနဲ့ ဘယ်လာရုစ်တို့ နိုင်ငံတကာ အားကစားနည်းတွေ ဆီ ပြန်သွားနိုင်တဲ့ လမ်းကြောင်းကို မြင်တွေ့ရတဲ့ နိုင်ငံတကာ အိုလံပစ်ကော်မတီရဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေကို ဖော်ထုတ်နေပါတယ်။ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို ပဲရစ်အိုလံပစ်မှာ ပါဝင်ခွင့် ပြု မယ့် ဘယ်လိုအစီအစဉ်ကိုမှ မယုံကြည်နိုင်ပါဘူး။ IOC အနေနဲ့ ဒါကို ပြန်စဉ်းစားဖို့ တိုက်တွန်းထားပါတယ်”လို့ ပြောခဲ့တာပါ။
နိုင်ငံတကာအိုလံပစ်ကော်မတီဟာ လာမယ့် ၂၀၂၄ အိုလံပစ်ပြိုင်ပွဲမှာ အဲဒီ နှစ်နိုင်ငံ အားကစားသမားတွေကို ကြားနေအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြုနိုင်ဖို့ လမ်းကြောင်းတစ်ခု ရှာဖွေနေတယ်လို့ ပြောခဲ့ပါတယ်။
ယူကရိန်း အပါအဝင် နိုင်ငံအချို့ကတော့ အိုလံပစ်ပြိုင်ပွဲမှာ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို ယှဉ်ပြိုင်ခွင့် ပြုခဲ့ရင် အိုလံပစ်ပြိုင်ပွဲကို သပိတ်မှောက်မယ်လို့ ခြိမ်းခြောက်ထားတာပါ။
ပြင်သစ်အိုလံပစ်ပွဲတော် ပြင်ဆင်နေမှုကိုတွေ့ရစဉ်
နိုင်ငံတကာ အိုလံပစ်ကော်မတီဟာ ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် ဒီနှစ်နိုင်ငံက အားကစားသမား တွေကို ယှဉ်ပြိုင်ခွင့်ပိတ်ပင်ဖို့ အားကစားအဖွဲ့ချုပ်တွေထံ တောင်းဆိုခဲ့ပေမယ့် အခုအချိန်မှာတော့ ဆုံးဖြတ်ချက် ပြန်ပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်းသမ္မတ ဇာလန်းစကီးက ရုရှားအားကစားသမားတွေကို ပဲရစ်အိုလံပစ်မှာ ယှဉ်ပြိုင်ခွင့် ပြုတာဟာ အကြမ်းဖက်မှုကို တစ်နည်းနည်းနဲ့ လက်ခံနိုင်ဖွယ်ရှိကြောင်း ပြသတာ ဖြစ်တယ်လို့ ပြောထားတာပါ။
တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ စုပေါင်းထုတ်ပြန်ချက်မှာ IOC အနေနဲ့ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ဖို့နဲ့ ပြီးခဲ့တဲ့နှစ်က ဆုံးဖြတ်ချက် ချထားတဲ့အရာကို ပြန်ပြောင်းစရာ အကြောင်းပြချက် မရှိဘူးလို့ ပြောထားတာ ဖြစ်ပါတယ်။
IOC ကတော့ သပိတ်မှောက်တာဟာ အိုလံပစ်ပဋိညာဉ်ကို ချိုးဖောက်ရာ ရောက်ကြောင်းနဲ့ ရုရှားနဲ့ ဘယ်လာရုစ် ပါဝင်တာဟာ အိုလံပစ် လှုပ်ရှားမှုအတွင်း ခွဲခြားမှုကိုဆန့်ကျင်တဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အပေါ် အခြေခံထားတယ်လို့ မကြာသေးခင်က ထုတ်ပြောထားတာ ဖြစ်ပါတယ်။
Source: BBC/CNA

- By CNI
- Category: အားကစား
- Hits: 578
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁
ပရီးမီးယားလိဂ် ထိပ်သီးကလပ်ဖြစ်တဲ့ ယူနိုက်တက်အသင်းဟာ ၁၁ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဘောလုံး ပွဲကြည့်ခွင့် လက်မှတ် ဈေးနှုန်းတွေကို တိုးမြှင့်လိုက်ပြီလို့ အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကနေ ထုတ်ပြန်လိုက် ပါတယ်။
ယူနိုက်တက်အသင်းဟာ တစ်ရာသီစာ လက်မှတ် ကိုင်ဆောင်ထားတဲ့ သူတွေထံ ပေးပို့ခဲ့တဲ့ အီမေးလ်မှာ ၂၀၂၃-၂၄ ရာသီအတွက် ၅ ရာခိုင်နှုန်း တိုးလာတယ်လို့ ပြောခဲ့တာပါ။
မန်ချက်စတာကလပ်ဟာ ပြီးခဲ့တဲ့ ၁၁ ရာသီမှာ ဈေးနှုန်းတွေ တိုးမြှင့်ခဲ့ခြင်း မရှိပေမယ့် ပွဲနေ့မှာ ကုန်ကျစရိတ်တွေ မြင့်တက်လာတာကြောင့် တိုးမြှင့်ဖို့ လုပ်ဆောင်လာခဲ့ရတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ပွဲစဉ်တွေ ယှဉ်ပြိုင်တာမှာ ကုန်ကျစရိတ်ဟာ ၄၀ ရာခိုင်နှုန်းနဲ့ ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာ ၁၁ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ ယူနိုက်တက်က ရှင်းပြထားတာပါ။
ယူနိုက်တက် ပရိသတ်တွေကတော့ ကလပ်အတွက် လွှဲပြောင်းရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်နေချိန်မှာ လက်ရှိ ပိုင်ရှင် ဂလေဇာမိသားစုက ဈေးနှုန်းတက်ဖို့ လုပ်ဆောင်ခဲ့တယ်ဆိုပြီး စိတ်ပျက်နေကြတာ ဖြစ်ပါတယ်။
ယူနိုက်တက် ပရိသတ်များကိုတွေ့ရစဉ်
လက်ရှိအချိန်မှာ ကာတာလုပ်ငန်းစုနဲ့ ရက်ကလစ်ဖ်တို့က ယူနိုက်တက်ကို ဝယ်ယူနိုင်ဖို့အတွက် အပြိုင်လေလံဆွဲဖို့ တရားဝင် ကမ်းလှမ်းထားတာပါ။
ရာသီအလိုက် လက်မှတ် ဈေးနှုန်းတွေကို ၅ ရာခိုင်နှုန်း တိုးမြှင့်မှာဖြစ်လို့ လက်မှတ်တစ်စောင် ဈေးနှုန်းအပေါ် မူတည်ပြီး ပွဲတစ်ပွဲမှာ လက်မှတ်တစ်စောင်ဟာ ပေါင် ၁ ပေါင် ဒါမှမဟုတ် ပေါင် ၂ ပေါင်အထိ တိုးလာနိုင်တာ ဖြစ်ပါတယ်။
“အသင်းကို ရေရှည်တည်တံ့ပြီး ခိုင်မာတဲ့ အခြေခံနဲ့ လည်ပတ်ခွင့် ပြုနိုင်ဖို့အတွက် ၂၀၂၃-၂၄ ရာသီအတွက် လက်မှတ်ခတွေကို ဈေးနှုန်းအနည်းငယ် တိုးဖို့လိုအပ်တယ်”လို့ ယူနိုက်တက်အသင်းရဲ့ ဝက်ဘ်ဆိုက်မှာ ရေးသားထားတာပါ။
အသက် ၁၆ နှစ်နဲ့ လူငယ်တွေအတွက် ရာသီဈေးနှုန်းတွေကို ပြောင်းလဲခဲ့ခြင်း မရှိသလို အသက် ၆၅ နှစ်နဲ့အထက် တစ်ရာသီစာ လက်မှတ်ကိုင်ဆောင်ထားတဲ့ သူတွေအတွက် ၅၀ ရာခိုင်နှုန်း လျှော့ဈေးကို ကလပ်အသင်းက ဆက်လက် ထားရှိသွားမယ်လို့ သိရပါတယ်။
အခုလ အစောပိုင်းကလည်း အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရှိနေတဲ့ အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ဘောလုံးပွဲကြည့်ခွင့် လက်မှတ်ဈေးနှုန်းတွေကို လာမယ့် ရာသီက စတင်ပြီး ၅ ရာခိုင်နှုန်း တိုးမြှင့်မယ်လို့ အတည်ပြုထားတာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 802
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀
ဂလေဇာမိသားစုဟာ ယူနိုက်တက်အသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းမှု အများအပြားကို လက်ခံရရှိပြီးနောက် အသင်းကို ပေါင် ၆ ဘီလီယံထက် လျော့နည်းတဲ့ ဈေးနှုန်းနဲ့ ရောင်းချသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။
ဂလေဇာမိသားစုဟာ ယူနိုက်တက်အသင်းကို ရောင်းချမယ်လို့ ကြေညာပြီးနောက် အသင်းကို ဝယ်ယူဖို့အတွက် တရားဝင်ကမ်းလှမ်းမှု ၂ ခုကို လက်ခံရရှိထားပါတယ်။
ကာတာဘဏ် အကြီးအကဲ ရှိတ်ဂျာဆင်အယ်သာနီနဲ့ ဗြိတိန်ဘီလျံနာ ရက်ကလစ်ဖ်တို့က ယူနိုက်တက်ကို ဝယ်ယူဖို့ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ ဆော်ဒီနိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေကလည်း ယူနိုက်တက်ကို ဝယ်ယူဖို့ ကမ်းလှမ်းလာနိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။
ယူနိုက်တက်ကို ဝယ်ယူဖို့ စိတ်ဝင်စားမှု အများအပြား ရှိပေမယ့် ဂလေဇာ မိသားစုကတော့ သူတို့ သတ်မှတ်ထား တဲ့ ကြီးမားတဲ့ ဈေးနှုန်းကို မပေးနိုင်ဘူးဆိုရင် ရောင်းချသွားဖို့ မရှိဘူးလို့လည်း သိရပါတယ်။
The Sun က အမေရိကန်လူမျိုးတွေဟာ ပေါင် ၆ ဘီလီယံ ထက်နည်းတဲ့ ပမာဏကို လက်ခံသွားမှာ မဟုတ်ဘူးလို့ ဖော်ပြထားတာပါ။
ဒီလို ဂလေဇာမိသားစုရဲ့ တန်ဖိုးသတ်မှတ်မှုကြောင့် ယူနိုက်တက်ကို ဝယ်ယူချင်တဲ့ သူတွေအတွက် အခက်တွေ့ လာဖွယ် ရှိနိုင်ပါတယ်။ Forbes ရဲ့ ဖော်ပြမှုအရ ၂၀၂၂ ခုနှစ်မှာ ယူနိုက်တက်အသင်းရဲ့ တန်ဖိုးဟာ ပေါင် ၃.၇ ဘီလီယံ ရှိခဲ့တယ်လို့ သိရတာပါ။
ယူနိုက်တက်အသင်းကိုတွေ့ရစဉ်
ရှိတ်ဂျာဆင်မ်ဟာ ယူနိုက်တက်ကို ဝယ်ယူဖို့ ပေါင် ၄.၅ ဘီလီယံနဲ့ အမြင့်ဆုံးလေလံဆွဲဖို့ ကမ်းလှမ်းထားပြီး ရက်ကလစ်ဖ်ကတော့ ပေါင် ၄ ဘီလီယံနဲ့ လေလံဆွဲဖို့ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။
ဂလေဇာမိသားစု အသင်းကနေ ထွက်ခွာဖို့ ယူနိုက်တက် ပရိသတ်တွေက လိုလားနေကြပေမယ့် ဂျိုရယ်လ်နဲ့ အေဗရန်တို့ဟာ အသင်းကို ရောင်းချနိုင်ဖို့အတွက် စိတ်အားထက်သန်မှု နည်းပါးနေပါတယ်။
သူတို့ ညီအစ်ကိုနှစ်ဦးဟာ ကလပ်ရဲ့ နေ့စဉ်လည်ပတ်မှုမှာ အများဆုံးပါဝင်ခဲ့ကြပြီး ဆယ်စုနှစ် နှစ်ခုနီးပါးကြာ ပိုင်ဆိုင်ထားပေမယ့် အသင်းကို နှုတ်ဆက်လိုခြင်း မရှိဘဲ ဖြစ်နေပါတယ်။
ကွယ်လွန် သွားပြီဖြစ်တဲ့ မယ်လ်ကွန်ဂလေဇာဟာ ၂၀၀၃ ကနေ ၂၀၀၅ ကြားထဲမှာ ယူနိုက်တက်ကို အလုံးစုံ ပိုင်ဆိုင်နိုင်ဖို့ ပေါင်သန်း ၇၉၀ သုံးစွဲခဲ့ပါတယ်။
ပေါင် ၄ ဘီလီယံနဲ့ ရောင်းချရင်တောင် ကြီးမားတဲ့ အမြတ်ကို ရရှိနိုင်ပေမယ့် ဂလေဇာမိသားစုဟာ အသင်းကို အလျင်စလို ရောင်းချလိုခြင်းမရှိဘဲ သူတို့လိုချင်တဲ့ ပမာဏရတဲ့အထိ ပိုင်ရှင်အဖြစ် ဆက်လက် ရှိနေဦးမယ်လို့ သိရပါတယ်။
ယူနိုက်တက် ပရိသတ်တွေကတော့ အသင်းအောင်မြင်မှုတွေနဲ့ ဝေးကွာနေတာ၊ အရည်အသွေးမြင့် ကစားသမား သစ်တွေ အားမဖြည့်ပေးတာတွေကြောင့် ဂလေဇာမိသားစုကို ထွက်ခွာ သွားစေချင်ကြတာ ဖြစ်ပါတယ်။
Source: Mirrora
- By CNI
- Category: အားကစား
- Hits: 619
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀
ဆွန်ဟောင်မင်ကို အွန်လိုင်းပေါ်ကနေ လူမျိုးရေးခွဲခြားမှု လုပ်ခြင်းနဲ့ပတ်သက်ပြီး စပါးအသင်းက ပြစ်တင် ရှုတ်ချ ခဲ့ပါတယ်။
အခုလို လူမျိုးရေး ခွဲခြားမှုအပေါ် အရေးယူပေးဖို့ ဆိုရှယ်မီဒီယာ ကုမ္ပဏီတွေကို စပါးအသင်းက တောင်းဆိုခဲ့ပါ သေးတယ်။
စပါးအသင်းက “ကျနော်တို့ဟာ ဆွန်နဲ့အတူရှိနေပြီး ဒါကိုအရေးယူပေးဖို့ ဆိုရှယ်မီဒီယာကုမ္ပဏီတွေနဲ့ အာဏာပိုင် တွေကို ထပ်မံတောင်းဆိုပါတယ်။ ဒီပွဲမှာဆိုရင် အွန်လိုင်းပေါ်ကနေ ဆွန်ဟောင်မင်ကို တိုက်ရိုက် ရည်ရွယ်တဲ့ လူမျိုးရေးခွဲခြားမှုကို ကလပ်အသင်းက သတိပြုမိခဲ့ပါတယ်”လို့ ရေးသား ထုတ်ပြန်ခဲ့တာပါ။
စပါးအသင်းက ဝက်စ်ဟမ်းအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဆွန်ဟောင်မင်ဟာ လူမျိုးရေး ခွဲခြားခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီပွဲမှာ တောင်ကိုရီးယား ကစားသမားဟာ ဒုတိယပိုင်းမှ လူစားဝင်ရောက်လာခဲ့ပြီး စပါးအသင်းရရှိတဲ့ ဒုတိယ မြောက် သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့တာပါ။
ပရီးမီးယားလိဂ်ဟာ “လူမျိုးရေးခွဲခြားမှု မရှိစေရဆိုတဲ့”အစီအစဉ်ကို ပြုလုပ်နေပေမယ့် ဆွန်ဟောင်မင်ကတော့ လူမျိုးရေး ခွဲခြားခံခဲ့ရပါတယ်။
အာဆင်နယ်ဘက်ကို ဂိုးသွင်းနေတဲ့ အိုင်ဗန်တိုနေးကိုတွေ့ရစဉ်
ဆွန်ဟောင်မင် မတိုင်ခင် ဘရန်ဖို့ဒ်အသင်း တိုက်စစ်မှူး အိုင်ဗန်တိုနေး လည်း အင်စတာဂရမ်မှာ လူမျိုးရေး ခွဲခြားခံခဲ့ရလို့ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့ Kick It Out က အဓိပ္ပါယ်ရှိတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ တောင်းဆိုထားပါတယ်။
အိုင်ဗန်တိုနေးဟာ အာဆင်နယ် အသင်းဘက်ကို အငြင်းပွားဖွယ် ချေပဂိုး သွင်းယူပြီးနောက် ပစ်မှတ်ထား တိုက်ခိုက်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း အိုင်ဗန်တိုနေး အနေနဲ့ ဘရိုက်တန် အသင်းဘက်ကို ဂိုးသွင်းပြီးနောက် အင်စတာဂရမ်မှာ အခုလို တိုက်ခိုက်မှုတွေ လုပ်ခဲ့ကြပါသေးတယ်။
အင်စတာဂရမ်နဲ့ ဖေ့စ်ဘွတ်ခ်တို့ရဲ့ ကုမ္ပဏီ Meta ဟာ ဒီလိုမျိုး လူမျိုးရေး ခွဲခြားမှုကို ရှုတ်ချခဲ့ပေမယ့် အက်ပလီကေးရှင်းအတွင်းမှာ ဒီမက်ဆေ့ချ်ကို သတင်းပို့ခြင်း မပြုတာကြောင့် အရေးယူလို့ မရဘူးလို့ ပြောပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 706
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀
ရက်ရှ်ဖို့ဒ်က ယူနိုက်တက်အသင်းဟာ လက်စတာအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရပြီးနောက် ပရီးမီးယား လိဂ် အမှတ်ပေးဇယား ထိပ်ဆုံးမှာရှိနေတဲ့ အာဆင်နယ်နဲ့ မန်စီးတီးအသင်းတို့ကို လိုက်မှီဖို့ နီးစပ်နေပြီလို့ ပြောလိုက်ပါတယ်။
ရက်ရှ်ဖို့ဒ်က “ကျနော်တို့ နီးစပ်နေပေမယ့် အရှေ့မှာရှိနေတဲ့ အသင်းနှစ်သင်း စလုံးက အသင်းကောင်းတွေဖြစ်ပြီး ဘောလုံးကစားတာလည်း ကောင်းပါတယ်။ ကျနော်တို့ကတော့ ကိုယ့်ကိုယ်ကို အာရုံစိုက်ရမှာပါ။ ပြီးရင်တော့ ကျနော်တို့ လုပ်နိုင်တဲ့ အရာတွေ အားလုံး လုပ်ဆောင်ပြီး ရမှတ်တွေ ဆက်တိုက် ယူနေရာမှာပါ”လို့ Sky Sports ကို ပြောခဲ့တာပါ။
လက်စတာအသင်းကို အနိုင်ရတဲ့ပွဲမှာ ယူနိုက်တက်အတွက် ဂိုးတွေကို ရက်ရှ်ဖို့ဒ်က ၂ ဂိုးနဲ့ ဆန်ချိုက ၁ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီပွဲ အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ဆက်လက် ရပ်တည်နေပြီး အဆင့် ၂ နေရာက မန်စီးတီးအသင်းနဲ့ ၃ မှတ်၊ အဆင့် ၁ နေရာက အာဆင်နယ် အသင်းနဲ့ ၅ မှတ်သာ ကွာဟတော့တာပါ။
ယူနိုက်တက်အသင်းသားများကိုတွေ့ရစဉ်
ရက်ရှ်ဖို့ဒ်အတွက်တော့ ဒီပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တာဟာ အိုးထရက်ဖို့ဒ်မှာ ၇ ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အခုဆိုရင် ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီပြိုင်ပွဲစုံ သွင်းဂိုး ၂၄ ဂိုးအထိ ရှိထားပြီဖြစ်ပါတယ်။
ဒါဟာ အင်္ဂလန်တိုက်စစ်မှူးရဲ့ အကောင်းဆုံးရာသီ ဖြစ်လာခဲ့ပြီး အရင်အကောင်းဆုံး ရာသီအဖြစ် သတ်မှတ် ထားတဲ့ ၂၀၁၉-၂၀ ရာသီ သွင်းဂိုးထက် ၂ ဂိုး အသာရခဲ့တာ ဖြစ်ပါတယ်။
ဒါအပြင် ရက်ရှ်ဖို့ဒ်ဟာ ကမ္ဘာ့ဖလားအပြီး ကစားခဲ့တဲ့ ယူနိုက်တက်အသင်းအတွက် ၁၇ ပွဲမှာ ၁၆ ဂိုးအထိ သွင်းယူ နိုင်ခဲ့တာပါ။ ယူနိုက်တက် ပရိသတ်တွေကတော့ ရက်ရှ်ဖို့ဒ်အနေနဲ့ အခုပုံစံအတိုင်း ဆက်ပြီး ခြေစွမ်းပြသနိုင်ဖို့ မျှော်လင့်နေကြပါတယ်။
ရက်ရှ်ဖို့ဒ်က “ဒါဟာ ရာသီရဲ့ အစောပိုင်းပဲ ရှိသေးတာဖြစ်ပြီး မတူညီတဲ့ အရာတွေ အများကြီးအတွက် ကျနော်တို့ တိုက်ပွဲဝင်နေပါတယ်။ ကျနော်တို့ဟာ ဒီတစ်ပတ်အတွင်းမှာ ဘာစီလိုနာအသင်းနဲ့ ပွဲကြီးပွဲကောင်း ကစားဖို့ ရှိနေပြီး ယူရိုပါလိဂ်မှာ နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ပါတယ်။ ပြီးရင်တော့ နောက်ထပ် ပွဲကြီးတစ်ပွဲဖြစ်တဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်မှာ ဘာစီလိုနာအသင်းနဲ့ ယူရိုပါလိဂ် ပလေးအော့ဖ် ဒုတိယအကျော့ ပွဲစဉ် ကစားရမှာဖြစ်ပြီး ပထမအကျော့အဖြစ် ကစားခဲ့တုန်းက ၂ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲအပြီးမှာ နယူးကာဆယ်နဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA