- By CNI
- Category: အားကစား
- Hits: 839
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၃
ရိုးမားအသင်းနည်းပြ မော်ရင်ဟိုဟာ ဆော်ဒီပရိုလိဂ်မှာ နည်းပြအဖြစ် သွားရောက်လုပ်ကိုင်ဖို့ အစီအစဉ်ရှိတယ်လို့ အတည်ပြု လိုက်ပါတယ်။
မော်ရင်ဟိုက “အားလပ်တဲ့အချိန်တွေမှာ ဆော်ဒီကို သွားရောက်မှာဖြစ်ပေမယ့် အဲ့ဒီမှာ အလုပ်လုပ်မယ်ဆိုတာ ယုံကြည်ပါတယ်။ ဘယ်အချိန် ဖြစ်မလဲဆိုတာ ကျနော်မသိပေမယ့် တစ်နေ့မှာ သွားမယ်ဆိုတာတော့ သေချာပါ တယ်။ ရိုးမားအသင်းအတွက် နောက်ဆုံးနေ့အထိ ကျနော်အရာအားလုံးကို ပေးသွားမှာပါ။ အနာဂတ်ကို ဘယ်သူမှ မသိပေမယ့် ကျနော် ဆော်ဒီမှာသွားပြီး နည်းပြအဖြစ် အလုပ်လုပ်မယ်ဆိုတာတော့ သေချာတယ်”လို့ ပြောပါ တယ်။

မော်ရင်ဟိုကို တွေ့ရစဉ်
အသက် ၆၀ နှစ်အရွယ်ရှိ မော်ရင်ဟိုဟာ ဆော်ဒီပရိုလိဂ်ကလပ် အသင်းတစ်သင်းရဲ့ ကောင်းမွန်တဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့် ငြင်းပယ်ခဲ့ပြီး ရိုးမားအသင်းမှာသာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ရိုးမားအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်လို့ မော်ရင်ဟိုဟာ စာချုပ်ကုန်ဆုံးချိန်မှာ အီတလီကလပ်ကနေ ထွက်ခွာဖို့ ရှိနေပါတယ်။
မော်ရင်ဟိုဟာ ရီးရယ်လ်အသင်းထံ ပြန်လာနိုင်ဖွယ်ရှိတယ်ဆိုတဲ့ ထင်ကြေးတွေကိုတော့ ငြင်းဆန်ခဲ့ပါတယ်။
မော်ရင်ဟိုက “ရီးရယ်လ်မှာ စူပါနည်းပြတစ်ဦးရှိတဲ့အတွက် ဘာကြောင့် နောက်တစ်ဦးကို စဉ်းစားနေမှာလဲ။ နောက်ရာသီမှာလည်း အန်ဆယ်လော့တီကလည်း ဆက်ပြီးရှိနေဦးမှာပါ။ သူက ရီးရယ်လ်အတွက် ပြီးပြည့်စုံတဲ့ နည်းပြဖြစ်ပါတယ်”လို့ ပြောခဲ့ပါတယ်။
မော်ရင်ဟိုဟာ ရီးရယ်လ်အသင်းကို ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး စပိန်လာလီဂါ ဆုဖလားကို ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 962
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၃
အပြောင်းအရွှေ့ စည်းမျဉ်းတွေကို ချိုးဖောက်တယ်လို့ စွပ်စွဲခံထားရတဲ့ ၂၀၀၈ ခုနှစ်က စပါးအသင်းကနေ ပို့စ်မောက်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ တိုက်စစ်မှူး ဒီဖိုးရဲ့ အပြောင်းအရွှေ့ကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။
စပါးအသင်းဟာ ပို့စ်မောက်အသင်းထံ ပေါင် ၇.၅ သန်းနဲ့ ပြောင်းရွှေ့မယ့် ဒီဖိုးရဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေး ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တာမှာ လိုင်စင်မဲ့ အေးဂျင့်အသုံးပြုခဲ့တယ်ဆိုတဲ့ သက်သေ အထောက်အထားတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဒီအပြောင်းအရွှေ့ ဖြစ်ခဲ့တုန်းက FA ဟာ စပါးအသင်းကို အရေးယူမှု မပြုလုပ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ဒီအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမယ်လို့ ထုတ်ဖော်ပြောခဲ့တာ ဖြစ်ပါတယ်။
ကလပ်အသင်းတွေဟာ အေးဂျင့်တွေနဲ့ ပတ်သက်ပြီး FA ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့မယ်ဆိုရင် အမှတ်လျှော့ ပြစ်ဒဏ်၊ အပြောင်းအရွှေ့ ပိတ်ပင်တဲ့ပြစ်ဒဏ်တွေ ကျခံရဖို့ ရှိနေတာပါ။

ဒီဖိုးကို တွေ့ရစဉ်
၂၀၀၈ ခုနှစ်က လူတန်တောင်းအသင်းဟာ အေးဂျင့်စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တဲ့အတွက် ၁၀ မှတ်လျှော့ ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းနဲ့ စပါးအသင်း ကစားသမားဟောင်း သောမတ်စ်ဟာ ဒီဖိုးရဲ့ အပြောင်းအရွှေ့မှာ အဓိက အရေးပါတဲ့ သူဖြစ်ခဲ့ပြီး သူဟာ ဒီအချိန်တုန်းက လိုင်စင်မဲ့အေးဂျင့်ဖြစ်နေတယ်လို့ Times က ဖော်ပြခဲ့ပါတယ်။
အေးဂျင့်တွေဟာ ကစားသမားတွေရဲ့ အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ လုပ်ဆောင်ခွင့်ရှိပေမယ့် လိုင်စင် ကိုင်ဆောင် ထားရပြီး တရားဝင် ကိုယ်စားပြုတဲ့ စာချုပ်ရှိနေရမှာပါ။
FA ရဲ့ စည်းမျဉ်းတွေမှာ ကလပ်အသင်းတွေနဲ့ ကစားသမားတွေရဲ့ အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့အတွက် လိုင်စင်မဲ့ အေးဂျင့်အသုံးပြုခွင့် မရှိဘူးလို့ ဖော်ပြထားတာ ဖြစ်ပါတယ်။
ဒီစည်းမျဉ်းတွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် တန်းဆင်းတဲ့အထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ သိရပါတယ်။
မကြာသေးခင်က အဲဗာတန်အသင်းဟာ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ ၁၀ မှတ်လျှော့ ပြစ်ဒဏ်ချမှတ်ခြင်းကို ခံထားရပြီး စပါးအသင်းလည်း ဒီလိုမျိုး အရေးယူခံရနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 689
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၃
အီတလီဂန္ထဝင် မာလ်ဒီနီက အေစီမီလန်အသင်းဟာ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းခဲ့ဖူးတယ်လို့ ပြောလိုက်ပါတယ်။
မာလ်ဒီနီက “ကျနော်တို့ မက်ဆီကို ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။ ကျနော်တို့ သူ့ကို လိုချင်တဲ့အတွက် ခေါ်ယူဖို့ လုပ်ဆောင်ခဲ့ပေမယ့် ၁၀ ရက်လောက်ကြာတဲ့အချိန်မှာတော့ ဒါက မဖြစ်နိုင်ဘူးဆိုတာ နားလည်ခဲ့ပါတယ်။ အခုတော့ ဒါက အလွန်နောက်ကျသွားခဲ့ပါပြီ။ မက်ဆီ အင်တာမီလန်ထံ ပြောင်းသွားနိုင်တယ်ဆိုပြီး ဖတ်လိုက် ရတဲ့အချိန်မှာ ကျနော်ကြောက်လန့်မိသွားခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
အေစီမီလန်အသင်းက မက်ဆီကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းမှုဟာ ၂၀၂၁ ခုနှစ် နွေရာသီမှာ ဖြစ်နိုင်ဖွယ်ရှိနေပြီး ဒီအချိန်က ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအခက်အခဲကြောင့် မက်ဆီကို စာချုပ်သက်တမ်းတိုးနိုင်ခဲ့ခြင်း မရှိပါဘူး။ ဘာစီလိုနာအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခဲ့တဲ့ မက်ဆီကို ခေါ်ယူနိုင်ဖို့ အသင်း အများအပြားက ကြိုးပမ်းခဲ့ပြီး နောက်ဆုံးမှာ အာဂျင်တီးနားကစားသမားဟာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

အေစီမီလန်အသင်းဟာ ၂၀၂၁-၂၂ ရာသီက မက်ဆီကို ခေါ်ယူနိုင်ခဲ့ခြင်းမရှိပေမယ့် စကူဒတ်တိုချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။ မက်ဆီဟာ ပီအက်စ်ဂျီအသင်းမှာ ၂ နှစ်ကြာကစားခဲ့ပြီး နွေရာသီအပြောင်းအရွှေ့က အင်တာမိုင်ယာမီအသင်းထံ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ မက်ဆီကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တဲ့ မာလ်ဒီနီကလည်း လက်ရှိအချိန်မှာ အေစီမီလန်အသင်းရဲ့ ဒါရိုက်တာရာထူးကနေ ထုတ်ပယ်ခံထားရပြီး ယူနိုက်တက်အသင်းမှာ တာဝန်ထမ်းဆောင်ဖို့အတွက် ချိတ်ဆက်မှုတွေခံနေရတာပါ။
မက်ဆီကတော့ အင်တာမိုင်ယာမီအသင်းနဲ့ ပွဲစဉ်တွေကစားဖို့ မရှိတော့လို့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အနားယူအပန်းဖြေဖို့ ရှိနေတာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 752
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၃
ယူနိုက်တက်အသင်းနောက်ခံလူ မက်ဂွဲယားဟာ ဂါနာလွှတ်တော်ထဲမှာ သူ့ကို လှောင်ပြောင်မှုပြုလုပ်ခဲ့တဲ့အပေါ် ဂါနာလွှတ်တော်အမတ် အဒွန်ဂိုရဲ့ တောင်းပန်မှုကို လက်ခံလိုက်ပါတယ်။
အဒွန်ဂိုဟာ ပြီးခဲ့တဲ့နှစ်က လွှတ်တော်ထဲမှာ မက်ဂွဲယားကို လှောင်ပြောင်မှုပြုလုပ်ခဲ့တဲ့ ရုပ်သံဖိုင်ဟာ ဆိုရှယ် မီဒီယာပေါ်မှာ ပျံ့နှံ့သွားခဲ့တာပါ။ မက်ဂွဲယားဟာ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းပိုင်းကျဆင်းနေခဲ့တာကြောင့် ယူနိုက်တက်အသင်းမှာ နေရာရဖို့ ရုန်းကန်နေခဲ့ရသလို အားလုံးရဲ့ လှောင်ပြောင်မှုကိုလည်း ခံခဲ့ရတာဖြစ်ပါတယ်။ အဒွန်ဂိုဟာ လွှတ်တော်အတွင်း ဒုသမ္မတဘာဝူမီယာရဲ့ ဘတ်ဂျတ်ခွဲဝေမှုနဲ့ ပတ်သက်ပြီး ပြောခဲ့တာမှာ မက်ဂွဲယားနဲ့ နှိုင်းယှဉ်ပြီးပြောသွားခဲ့တာပါ။
အဒွန်ဂိုက “ဒုသမ္မတလိုပဲ အင်္ဂလန်နိုင်ငံ ယူနိုက်တက်မှာ ကစားနေတဲ့ မက်ဂွဲယားလို့ခေါ်တဲ့ ကစားသမား တစ်ဦးရှိပါတယ်။ သူဟာ ယူနိုက်တက်ရဲ့ ဗဟိုခံစစ်မှာ အကြီးမားဆုံးခြိမ်းခြောက်တဲ့သူဖြစ်ပြီး ပြိုင်ဘက် ကစားသမားတွေဂိုးသွင်းလို့ရအောင် ဖန်တီးပေးမှုတွေပြုလုပ်ပါတယ်။ ပြိုင်ဘက်အသင်းတွေက ဂိုးမသွင်း နိုင်ရင်တောင် သူက ကိုယ့်ဂိုးကိုယ်သွင်းယူပေးတဲ့သူ” လို့ ပြောပြီး လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။

မက်ဂွဲယားဟာ လက်ရှိအချိန်မှာတော့ အကောင်းဆုံးပုံစံနဲ့အတူ ယူနိုက်တက်အသင်းမှာ ပွဲထွက်ခွင့်နေရာကို ပြန်လည်ရယူနိုင်ခဲ့တာပါ။ အဲဒါကြောင့် ဂါနာလွှတ်တော်အမတ် အဒွန်ဂိုက ပြီးခဲ့တဲ့လွှတ်တော် အစည်းအဝေး အတွင်းမှာ မက်ဂွဲယားဟာ သူ့ကိုယ်သူပြုပြင်ပြောင်းလဲနိုင်တဲ့ ကစားသမားကောင်းဖြစ်ပြီး သူပြောဆိုခဲ့တဲ့ စကားတွေအတွက် တောင်းပန်ပါတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
မက်ဂွဲယားဟာ ဂါနာလွှတ်တော်အမတ်ရဲ့ တောင်းပန်မှုကို လက်ခံခဲ့ပြီး မကြာခင် အိုးထရက်ဖိုဒ့်မှာတွေ့ကြမယ်လို့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာပါ။ မက်ဂွဲယားဟာ ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်အသင်းရဲ့ အသင်း ခေါင်းဆောင်လက်ပတ်ကို ဆုံးရှုံးခဲ့သလို ဝက်စ်ဟမ်းအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မက်ဂွဲယားဟာ ယူနိုက်တက်အသင်းမှာ ဆက်နေပြီး သူ့ရဲ့နေရာကို ပြန်လည်ရယူဖို့အတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
အသက် ၃၀ နှစ်အရွယ်ရှိ မက်ဂွဲယားဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ၁၁ ပွဲ ပါဝင်ကစားထားပြီး ၁ ဂိုးသွင်းယူကာ အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ဖို့ ရှိနေတာဖြစ်ပါတယ်။
Source:Metro
- By CNI
- Category: အားကစား
- Hits: 799
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၂
အာဂျင်တီးနားနည်းပြ စကာလိုနီဟာ ဘရာဇီးလ်အသင်းကို အနိုင်ရရှိခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (တောင်အမေရိကဇုန်)ပွဲစဉ်အပြီးမှာ နိုင်ငံအသင်းကနေ ထွက်ခွာနိုင်တယ်လို့ ပြောလိုက်ပါတယ်။
စကာလိုနီက “ကျနော်ဘာတွေ လုပ်မလဲဆိုတာကို အများကြီး စဉ်းစားရပါမယ်။ စဉ်းစားဖို့ အချိန်လိုအပ်ပါတယ်။ အာဂျင်တီးနား အသင်းအတွက် စွမ်းအင် အများအပြားပေးနိုင်တဲ့ နည်းပြလိုအပ်ပါတယ်။ ဒါက နှုတ်ဆက်တာ တော့ မဟုတ်ပါဘူး။ အာဂျင်တီးနားအသင်းရဲ့ တောင်းဆိုမှုက မြင့်မားနေပြီး ရှေ့ဆက်သွားဖို့ ခက်ခဲသလို အနိုင် ယူဖို့လည်း ခက်ခဲတာကြောင့် စဉ်းစားဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။
အာဂျင်တီးနားအသင်းဟာ ဘရာဇီးလ်အသင်းနဲ့ ကစားခဲ့တဲ့ ခြေစစ်ပွဲမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အသက် ၄၅ နှစ်အရွယ်ရှိ စကာလိုနီဟာ အာဂျင်တီးနားအသင်းကို ၂၀၁၈ ခုနှစ်က စပြီးတာဝန်ယူခဲ့ကာ ၂၀၂၁ ကိုပါအမေရိကဖလား၊ ၂၀၂၂ Finalissima ဆုဖလားနဲ့ ၂၀၂၂ ကမ္ဘာဖလား ချန်ပီယံဆုတို့ကို ရယူနိုင်ပေးနိုင်ခဲ့တာပါ။

စကာလိုနီကို တွေ့ရစဉ်
စကာလိုနီနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ သက်တမ်းရှိနေတာ ဖြစ်ပါတယ်။
အာဂျင်တီးနားအသင်း နောက်ခံလူ ရိုမဲရိုးကတော့ စကာလိုနီဟာ အသင်းကို ဆက်ပြီးကိုင်တွယ်မယ်လို့ မျှော်လင့်ကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ရိုမဲရိုးက “ကျနော်တို့ကတော့ သူသေချာပေါက် ဆက်ရှိမယ်လို့ မျှော်လင့်ပါတယ်။ သူ့အတွက် စဉ်းစားဖို့ အချိန်ရ ပါလိမ့်မယ်။ သူဟာ ဒါနဲ့ပတ်သက်ပြီး အဝတ်လဲခန်းထဲမှာ ဘာမှမပြောပါဘူး။ ကျနော်တို့ သူ့ကို ဆက်ရှိအောင် စည်းရုံးနိုင်ဖို့ ကြိုးစားသွားမှာပါ”လို့ ပြောခဲ့ပါတယ်။
အာဂျင်တီးနားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်) ၆ ပွဲ ကစားအပြီးမှာ ရမှတ် ၁၅ မှတ် နဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး ဘရာဇီးလ်အသင်းကတော့ ရမှတ် ၇ မှတ်နဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေ တာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 810
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၂
ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ ပိုင်ရှင်တူညီနေတဲ့ အသင်းတွေက ကစားသမားတွေကို အငှားနဲ့ ခေါ်ယူဖို့ ပိတ်ပင်တဲ့ မဲခွဲမှုမအောင်မြင်ခဲ့တာကြောင့် နယူးကာဆယ်အသင်းဟာ အသင်းပိုင်ရှင် PIF လက်အောက်မှာရှိတဲ့ ကစားသမားတွေကို ခေါ်ယူခွင့်ရရှိသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ ပိုင်ရှင်တူညီနေတဲ့ ကလပ်အသင်းတွေကြား အငှားနဲ့ ပြောင်းရွှေ့ခြင်းကို ပိတ်ပင်ဖို့ မဲခွဲဆုံးဖြတ်ခဲ့တာမှာ ထောက်ခံမဲ ၁၃ မဲနဲ့ ကန့်ကွက်မဲ ၇ မဲထွက်ပေါ်ခဲ့တာပါ။ ဇန်နဝါရီအပြောင်းအရွှေ့ မတိုင်ခင် ဒီစည်းမျဉ်းကို အတည်ပြုနိုင်ဖို့အတွက် ထောက်ခံမဲ ၁၄ မဲရရှိဖို့ လိုအပ်ခဲ့ပေမယ့် ဒီပမာဏ မရရှိ တာကြောင့် အတည်ပြုနိုင်ခဲ့ခြင်းမရှိပါဘူး။ အဲဒါကြောင့် နယူးကာဆယ်အသင်းဟာ အသင်းပိုင်ရှင် PIF ပိုင်ဆိုင်တဲ့ ဆော်ဒီပရိုလိဂ်ကလပ်အသင်း ၄ သင်းက ကစားသမားတွေကို ခေါ်ယူလို့ ရရှိသွားတာဖြစ်ပါတယ်။
PIF ဟာ ဆော်ဒီပရိုလိဂ်ထိပ်သီးအသင်းတွေဖြစ်တဲ့ အယ်လ်ဟီလယ်၊ အယ်လ်နာဆာ၊ အယ်လ်အစ်တီဟတ်နဲ့ အယ်လ်အာလီအသင်းတို့မှာ အစုရှယ်ယာအများစုပါဝင်ထားတာဖြစ်ပြီး ဒီအသင်းတွေမှာ နာမည်ကြီး ကစား သမားတွေဖြစ်တဲ့ ရော်နယ်ဒို၊ မာနေး၊ ဘန်ဇီမာနဲ့ နေမာတို့ ပါဝင်ကစားနေတာပါ။ နယူးကာဆယ်အသင်းဟာ အယ်လ်ဟီလယ်အသင်းမှာ ကစားနေတဲ့ ဝုလ်ဗ်စ်အသင်းကွင်းလယ်လူဟောင်း ရူဘင်နာဗက်စ်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

ဒါပေမယ့် ပေါ်တူဂီကွင်းလယ်လူ ရူဘင်နာဗက်စ်ကတော့ အယ်လ်ဟီလယ်အသင်းမှာပဲ ဆက်ရှိနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားတာပါ။ နယူးကာဆယ်အသင်းဟာ အဓိက ကစားသမားအချို့ဒဏ်ရာရရှိနေပြီး ကွင်းလယ်လူ တိုနယ်လီကလည်း လောင်းကစားစည်းမျဉ်းချိုးဖောက်လို့ ၁၀ လကြာ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရတာဖြစ်ပါတယ်။ အဲဒါကြောင့် လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ လိုအပ်တဲ့နေရာတွေကို အားဖြည့်ဖို့ ဆော်ဒီပိုင်ရှင်လက်အောက်က အသင်းတွေမှာရှိတဲ့ ကစားသမားတွေကို စိတ်ဝင်စားနေတာပါ။
နယူးကာဆယ်အသင်းဟာ ကလပ်အများအပြားကို ပိုင်ဆိုင်တဲ့ ပိုင်ရှင်တစ်ဦးတည်းရဲ့လက်အောက်မှာရှိတဲ့ တစ်သင်းတည်းသော ပရီးမီးယားလိဂ်ကလပ်တော့မဟုတ်ပါဘူး။ မန်စီးတီး၊ ပဲလေ့စ်နဲ့ ဘရိုက်တန်အသင်း တို့ကလည်း အသင်းအများအပြားကို ပိုင်ဆိုင်ထားတဲ့ ပိုင်ရှင်တစ်ဦးတည်းရဲ့ လက်အောက်မှာ ရှိနေကြတာ ဖြစ်ပါတယ်။
Source:Metro
- By CNI
- Category: အားကစား
- Hits: 1156
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၂
ဘိုင်ယန်မြူးနစ်အသင်းကြယ်ပွင့် ဟာရီကိန်းက အင်္ဂလန်အသင်းရဲ့ ၂၀၂၃ ခုနှစ်ထဲမှာ စွမ်းဆောင်ခဲ့တဲ့ အောင်မြင်မှုတွေအတွက် အလွန်ဂုဏ်ယူမိတယ်လို့ ပြောလိုက်ပါတယ်။
ဟာရီကိန်းက “အီတလီကို သမိုင်းဝင်နိုင်ပွဲရယူနိုင်တာကနေ အုပ်စုထိပ်ဆုံးနဲ့ ခြေစစ်ပွဲအောင်မြင်တဲ့အထိ ၂၀၂၃ ခုနှစ်မှာ အသင်းတစ်သင်းအနေနဲ့ အောင်မြင်ခဲ့တဲ့အရာတွေအတွက် အလွန်ဂုဏ်ယူမိပါတယ်။ ပုဂ္ဂိုလ်ရေးအရဆိုရင်တော့ အင်္ဂလန်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်လာခဲ့တဲ့ ဒီနှစ်ဟာ ကျနော့်အတွက် အမြဲတမ်းအမှတ်ရနေမယ့်နှစ်ပါပဲ။ အင်္ဂလန်အင်္ကျီနဲ့အတူ ယူရိုပြိုင်ပွဲကို ယှဉ်ပြိုင်ရမယ့် ၂၀၂၄ ခုနှစ်ကို မစောင့်ဆိုင်းနိုင်တော့ဘူး”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့တာပါ။
အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ မြောက်မက်ဆီဒိုးနီးယားအသင်းနဲ့ ၁ ဂိုးစီသရေကျခဲ့ပြီး စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ခြင်းမရှိပေမယ့် ဟာရီကိန်းကတော့ အင်္ဂလန်အသင်းရဲ့ ၂၀၂၃ ခုနှစ်မှာ လုပ်ဆောင်ခဲ့တဲ့အရာတွေအတွက် ကျေနပ်နေတာဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲတွေ အားလုံးကစားအပြီးမှာ ဒုတိယနေရာက အီတလီအသင်းကို ၆ မှတ်ဖြတ်ကာ အုပ်စုတွင်းထိပ်ဆုံးနေရာနဲ့ ခြေစစ်ပွဲအောင်မြင်ခဲ့တာပါ။

အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ အီတလီအသင်းကို ၁၉၇၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အိမ်ကွင်းမှာ နိုင်ပွဲရယူနိုင်ခဲ့သလို အီတလီကွင်းမှာလည်း နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဟာရီကိန်းဟာ ဒီ ၂ ပွဲစလုံးမှာ အင်္ဂလန်အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တာပါ။ အသက် ၃၀ နှစ်အရွယ်ရှိ ဟာရီကိန်းဟာ အီတလီအသင်းကို နေပယ်လ်မှာ သွင်းယူခဲ့တဲ့ ဂိုးကြောင့် ယူနိုက်တက်ဂန္တဝင် ဝိန်းရွန်နီရဲ့ စံချိန်ကို ကျော်ဖြတ်ကာ အင်္ဂလန်အသင်းရဲ့ စံချိန်တင်ဂိုးသွင်းရှင်ဖြစ်လာခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ အုပ်စုထိပ်ဆုံးရရှိခဲ့တာကြောင့် အိမ်ရှင် ဂျာမနီ၊ ပေါ်တူဂီ၊ ပြင်သစ်၊ စပိန်၊ ဘယ်လ်ဂျီယံအသင်းတို့နဲ့အတူ မဲအိုးနံပတ် ၁ ထဲမှာ ကျရောက်နေခဲ့တာပါ။ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် အုပ်စု မဲခွဲမှုကို ဒီဇင်ဘာ ၂ ရက်မှာပြုလုပ်သွားမှာဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 853
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၁
ဘိုင်ယန်မြူးနစ်အသင်းဟာ ယူနိုက်တက်အသင်းမှာ မပျော်မရွှင် ဖြစ်နေတဲ့ နောက်ခံလူ ဗာရန်းကို ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဂျာမနီသတင်းတွေမှာ ဖော်ပြထားပါတယ်။
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ဟာ ပြီးခဲ့တဲ့ပွဲတွေမှာ ဗဟိုနောက်ခံ အတွဲအဖက်အဖြစ် မက်ဂွဲယားနဲ့ အီဗန်စ်တို့ကို ဦးစားပေးအဖြစ် ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့ပြီး ဗာရန်းဟာ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံ နေရတာပါ။
နိုင်ငံတကာပွဲစဉ် မတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ လူတန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နောက်ခံလူ အီဗန်စ် ဒဏ်ရာကြောင့် မပါဝင်နိုင်ချိန်မှာလည်း နည်းပြ အဲရစ်တန်ဟတ်ဟာ ဗာရန်းကို အသုံးမပြုဘဲ လင်ဒီလော့ဖ်နဲ့ မက်ဂွဲယား အတွဲအဖက်ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
Sky Sport ကတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဗာရန်းရဲ့ အပြောင်းအရွှေ့ကို ဆွေးနွေးမှု ပြုလုပ်နိုင်ဖို့အတွက် လက်ရှိ အခြေအနေကို စောင့်ကြည့်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဗာရန်းကို တွေ့ရစဉ်
ယူနိုက်တက်အသင်း အနေနဲ့ ဗာရန်းကို ရောင်းချခဲ့မယ်ဆိုရင် ပြောင်းရွှေ့ကြေး ယူရိုသန်း ၂၀ နဲ့ ၃၀ ကြား ရရှိနိုင် တယ်လို့ သိရပါတယ်။
ဗာရန်းဟာ ယူနိုက်တက်အသင်းမှာ တစ်ပတ်လုပ်ခပေါင် ၃၅၀,၀၀၀ ရရှိနေတာကြောင့် လုပ်ခလစာက အပြောင်းအရွှေ့အတွက် အတားအဆီး ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။
၂၀၂၁ ခုနှစ်က ရီးရယ်လ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဗာရန်းဟာ လီဆန်ဒရို မာတီးနက်ဇ်နဲ့ အတူ ဗဟိုခံစစ်မှာ အတွဲညီခဲ့ပေမယ့် အာဂျင်တီးနားကစားသမား ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဒီရာသီမှာတော့ နောက်ဆုံးပွဲ ၈ ပွဲမှာ ၁ ပွဲသာ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။
ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ကတော့ မက်ဂွဲယားရဲ့ ပုံစံကောင်း ရရှိနေမှုနဲ့အတူ နည်းစနစ်ပိုင်းဆိုင်ရာ အကြောင်းပြချက်ကြောင့်သာ ဗာရန်းကို ပွဲထွက်လူစာရင်းမှာ အသုံးမပြုတာလို့ ရှင်းပြထားတာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ သူတို့ရဲ့ ခံစစ်ကစားသမားတွေ ဒဏ်ရာတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ရီးရယ်လ် အသင်းနဲ့ ချန်ပီယံလိဂ်ဖလား အများအပြား ရယူနိုင်ခဲ့တဲ့ ဗာရန်းကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းကလည်း ခံစစ်ကစားသမားတွေရဲ့ ဒဏ်ရာကြောင့် ဗာရန်းကို ဇန်နဝါရီလ အပြောင်းအရွှေ့မှာ လက်လွှတ်ဖွယ်မရှိဘူးလို့ သတင်းမှာ ဖော်ပြထားပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 687
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၁
ပြင်သစ်နောက်ခံလူ မန်ဒီဟာ ၂၀၂၁ ခုနှစ်က လိင်ပိုင်းဆိုင်ရာပြစ်မှုတွေနဲ့ စွဲချက်တင်ခံရပြီးနောက် ၂ နှစ်နီးပါးကြာ လုပ်ခလစာမရရှိတဲ့အတွက် မန်စီးတီးအသင်းကို တရားစွဲခဲ့တယ်လို့ ကစားသမားရဲ့ရှေ့နေက နိုဝင်ဘာ ၂၀ ရက်က ပြောပါတယ်။
မန်ဒီဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့တဲ့ အခုနှစ်ဇွန်လအထိ လုပ်ခလစာပြန်လည်ရရှိချင် နေတာကြောင့် အလုပ်အကိုင်ခုံရုံးကို ပေါင်သန်းပေါင်းများစွာ တောင်းခံခဲ့တာပါ။ မန်ဒီဟာ လိင်ပိုင်းဆိုင်ရာ စွဲချက်တွေကြောင့် ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာကစပြီး မန်စီးတီးအသင်းက သူ့ကို လုပ်အားခပေးခြင်းမရှိတော့ဘူးလို့ စွပ်စွဲထားတာဖြစ်ပါတယ်။ မန်ဒီရဲ့ဘက်ကနေ ဒီအမှုကို ဗြိတိန်အားကစား ရှေ့နေ ဒီမာကိုက ဦးဆောင်ကိုင်တွယ်နေတာဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာ ဒီအမှုကို ကြားနာဖို့ မျှော်လင့်ထားတာပါ။

မန်ဒီဟာ မန်စီးတီးအသင်းကို ၂၀၁၇ ခုနှစ်က မိုနာကိုအသင်းကနေ ပေါင် ၅၂ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ၂၀၁၈၊၂၀၁၉ နဲ့ ၂၀၂၁ ခုနှစ်တွေမှာ ပရီးမီးယားလိဂ်ဖလားရယူနိုင်ခဲ့သလို FA ဖလား ၂ ကြိမ်နဲ့ ကွန်မြူနတီဒိုင်း တို့ကိုလည်း ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပြင်သစ်ကစားသမားဟာ ၂၀၂၁ ခုနှစ်၊ သြဂုတ် ၁၅ ရက်က မန်စီးတီး အသင်းအတွက် နောက်ဆုံးပွဲစဉ်အဖြစ်ပါဝင်ကစားခဲ့တာပါ။ မန်စီးတီးအသင်းကတော့ မန်ဒီရဲ့ တရားစွဲဆိုမှုနဲ့ ပတ်သက်ပြီးဖြေရှင်းချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။
မန်ဒီဟာ လက်ရှိအချိန်မှာ ပြင်သစ်ကလပ် လော်ရီးယန့်အသင်းအတွက် လူစားဝင်ကစားသမားအဖြစ် ၃ ပွဲ ပါဝင်ကစားထားပါတယ်။
- By CNI
- Category: အားကစား
- Hits: 714
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၁
အာဂျင်တီးနားအသင်းချန်ပီယံဆုရယူနိုင်ခဲ့တဲ့ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီဝတ်ဆင်ခဲ့တဲ့ အင်္ကျီ ၆ ထည်ကို လေလံတင်ရောင်းချသွားမှာဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဗိုလ်လုပွဲမှာ ပြင်သစ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရပြီး အသင်းခေါင်းဆောင် မက်ဆီက ကမ္ဘာ့ဖလားချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့တာပါ။ မက်ဆီကတော့ နယူးယော့ခ်ရှိ Sotheby's မှာပြုလုပ်မယ့် လေလံပွဲမှာ ဒီအင်္ကျီတွေရောင်းချမှုကနေ ပေါင် ၈ သန်းကျော်ရရှိဖို့ မျှော်လင့်ထားတာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်က မာရာဒိုနာရဲ့ ‘Hand of God’ ဂျာစီကို ရောင်းချခဲ့တာက ဘောလုံး သမိုင်းမှာ ဈေးအကြီးဆုံး လေလံတင်ရောင်းချမှုဖြစ်ခဲ့ပြီး ပေါင် ၇.၁ သန်းရရှိခဲ့တာပါ။
Sotheby's ရဲ့ အကြီးအကဲ ဝက်ချ်တာက မက်ဆီရဲ့ ကမ္ဘာ့ဖလားအင်္ကျီ ၆ ထည်ရောင်းချမှုဟာ လေလံသမိုင်းမှာ အကြီးကျယ်ဆုံးအချိန်အဖြစ် ရပ်တည်နေတယ်လို့ ပြောခဲ့ပါတယ်။ ဘောလွန်းဒီအော ၈ ကြိမ်ရရှိထားတဲ့ မက်ဆီဟာ ပြိုင်ပွဲတစ်ခုတည်းရဲ့ အုပ်စုအဆင့်၊ ၁၆ သင်းအဆင့်၊ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်း တင်နိုင်ခဲ့တာပါ။

နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၁၄ ရက်အတွင်းပြုလုပ်မယ့် လေလံဆွဲမှုလုပ်ငန်းစဉ်အတွင်းမှာ မက်ဆီရဲ့ အင်္ကျီတွေကို Sotheby's ရုံးချုပ်မှာ အခမဲ့ကြည့်လို့ရမှာဖြစ်ပါတယ်။ ဒီလေလံကနေရရှိတဲ့ ဝင်ငွေတွေရဲ့ အစိတ်အပိုင်းတွေကို ရှားပါးရောဂါခံစားနေရတဲ့ ကလေးတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးသွားမှာ ဖြစ်တဲ့အပြင် အခြားပရဟိတလုပ်ငန်းတွေကိုလည်း လှူဒါန်းမှုတွေပြုလုပ်သွားမှာပါ။
မက်ဆီရဲ့ ဂျာစီလေလံတင်ရောင်းချမှုဟာ အားကစားလောကမှာ လေလံတင်ရောင်းချမှုကနေ စံချိန်တင်ရရှိခဲ့တဲ့ NBA နာမည်ကြီး မိုက်ကယ်ဂျော်ဒန်ရဲ့ ပေါင် ၈.၁ သန်းကို ကျော်လွန်ပြီးရရှိသွားနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
Source:BBC
