
- By CNI
- Category: အားကစား
- Hits: 694
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃
ပြင်သစ်လက်ရွေးစင်အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားဖြစ်တဲ့ တိုက်စစ်မှူး ဂီရော့ဒ်က သူဟာ ဗာရန်းနဲ့ ဘန်ဇီမာ တို့လိုမျိုး နိုင်ငံအသင်းကနေ အနားယူမှာ မဟုတ်သေးဘူးလို့ ပြောလိုက်ပါတယ်။
ဂီရော့ဒ်က “ပြင်သစ်ကနေ အနားယူမှာ မဟုတ်သေးပါဘူး။ စိတ်ခံစားမှုတွေနဲ့ လာစရာတွေ ရှိလာဦးမယ်လို့ မျှော်လင့်ပါတယ်။ ကျနော့် နှလုံးသားနဲ့ နီးစပ်တဲ့ အပြာရောင်ဂျာစီကို ချွတ်ဖို့နဲ့ ဖိနပ်တွေကို ချိတ်ထားဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ ဆက်သွားဖို့ စိတ်အားထက်သန်မှုရှိပြီး ကောင်းမွန်တယ်လို့ ခံစားရပါတယ်။ လက်ရှိ အချိန်မှာတော့ ကျနော်ဟာ ပြင်သစ် ကစားသမားတစ်ဦးအဖြစ် ရွေးချယ်ခံထားရဆဲပါ”လို့ France 2 ကို ပြောခဲ့ တာပါ။
ဝါရင့်ရှေ့တန်း ကစားသမားဟာ ပြင်သစ်အတွက် ၁၂၀ ပွဲ ကစားထားပြီး စံချိန်တင် ၅၆ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
ဂီရော့ဒ်ဟာ အသက် ၃၆ နှစ် အရွယ်ရှိပြီ ဖြစ်ပေမယ့် အေစီမီလန် အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ရည် တွေကို ပြသထားပြီး လက်ရွေးစင် အသင်းအတွက်လည်း ဆက်ကစားနိုင်ဖို့ မျှော်လင့်နေတာပါ။
ဘန်ဇီမာနဲ့ ဂီရော့ဒ်ကိုတွေ့ရစဉ်
အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်း တိုက်စစ်မှူးဟောင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အွန်နရီရဲ့ စံချိန်ကို ချိုးဖျက်ပြီး လက်ရွေးစင်အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။
မကြာသေးခင်က ပြင်သစ်အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဘန်ဇီမာ၊ လိုရစ်နဲ့ ဗာရန်းတို့ဟာ လက်ရွေး စင် ကစားသမားဘဝက အနားယူခဲ့တာကြောင့် ဂီရော့ဒ်လည်း သူတို့နောက်ကို လိုက်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။
ဒါပေမယ့် ဂီရော့ဒ်ကတော့ ဒါကို ငြင်းပယ်ပြီး နိုင်ငံအသင်းအတွက် ဆက်ပြီး ကစားပေးမယ်လို့ ပြောခဲ့တာ ဖြစ်ပါ တယ်။ ဂီရော့ဒ်ဟာ ပြင်သစ်အသင်းနဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ရယူထားနိုင်ပြီး ပြီးခဲ့တဲ့ ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့တာပါ။
ပြင်သစ်အသင်းဟာ လာမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် နယ်သာလန်၊ အိုင်ယာလန်၊ ဂရိ၊ ဂျီဘရောလ်တာတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး မတ်လ ၂၄ ရက်မှာ နယ်သာလန်၊ ၂၇ ရက်မှာ အိုင်ယာလန်တို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 616
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃
ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဘတ်ပီဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်အတွက် အသင်းလူစာရင်းမှာ ပြန်လည် ပါဝင်ဖို့ရှိတယ်လို့ ပြင်သစ်သတင်းတွေမှာ ဖော်ပြထား ပါတယ်။
ပြင်သစ်တိုက်စစ်မှူးဟာ မောင့်ပယ်လီယာအသင်းနဲ့ ကစားခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်မှာ ပေါင်ဒဏ်ရာ ရရှိခဲ့တာကြောင့် ၃ ပတ်ကြာ အနားယူရမယ်လို့ ကလပ်အသင်းက မျှော်လင့်ခဲ့တာပါ။
ဒါပေမယ့် ဘတ်ပီဟာ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ ပီအက်စ်ဂျီအသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ပါဝင်ခဲ့တယ် လို့ le Parisien က ဖော်ပြခဲ့တာကြောင့် ချန်ပီယံလိဂ်ပွဲစဉ်အမှီ ပြန်ကောင်းလာပြီး ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ ပါဝင် နိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။
ဒီရာသီမှာ ချန်ပီယံလိဂ်ဖလား ရယူနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ ပီအက်စ်ဂျီ အသင်းအတွက်တော့ ဒီပွဲဟာ အရေးကြီး တဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီ အသင်းတို့ဟာ ၂၀၂၀ ချန်ပီယံလိဂ် ဗိုလ်လုပွဲက တွေ့ဆုံခဲ့ဖူးပြီး အဲ့ဒီတုန်းက ဘိုင်ယန်မြူးနစ်က ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ကာ အနိုင်ဂိုးကို ကိုးမန်းက သွင်းယူခဲ့တာပါ။
ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ ရလဒ်တွေ ဆိုးရွားနေပြီး ဘတ်ပီ ပြန်လည် ပါဝင်နိုင်မယ်ဆိုရင် အသင်းအတွက် အားတက်စရာ ဖြစ်လာနိုင်ပါတယ်။
ဘတ်ပီနဲ့မက်ဆီကိုတွေ့ရစဉ်
ပီအက်စ်ဂျီအသင်းဟာ ဘတ်ပီ မပါဝင်တဲ့ နောက်ဆုံး ၃ ပွဲမှာ ၂ ပွဲအထိ အရေးနိမ့်ခဲ့ပြီး ပြင်သစ်ဖလားကနေ ထွက်ခွာခဲ့ရသလို လီဂူးဝမ်းပြိုင်ပွဲမှာလည်း အမှတ်ကွာဟမှုတွေ နည်းပါးလာခဲ့တာပါ။
လက်ရှိ ချန်ပီယံအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ပွဲမှာ မိုနာကိုအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် လီဂူးဝမ်း အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နေပေမယ့် ဒုတိယနေရာက မာဆေးလ်အသင်းနဲ့ ၅ မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဘတ်ပီဟာ ပြင်သစ် လီဂူးဝမ်းပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံး ကစားသမားနေရာကို ဘာလိုဂန်ထံ လွှဲပြောင်း ပေးခဲ့ရတာပါ။
အာဆင်နယ်ကနေ အငှားလာရောက် ကစားနေတဲ့ ဘာလိုဂန်ဟာ ရိမ်းစ်အသင်းအတွက် လိဂ်ပွဲ ၂၂ ပွဲမှာ ၁၅ ဂိုး သွင်းယူထားပြီး ဘတ်ပီထက် ၂ ဂိုး အသာရသွားတာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ်ကို ဘတ်ပီနဲ့အတူ မက်ဆီလည်း ပြန်လည် ပါဝင်လာနိုင်ပါတယ်။
မက်ဆီဟာ ပီအက်စ်ဂျီအသင်းက မာဆေးလ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပြင်သစ်ဖလားပွဲစဉ်မှာ ရခဲ့တဲ့ ဒဏ်ရာ ကြောင့် မိုနာကိုအသင်းနဲ့ပွဲမှာ မပါဝင်နိုင်ခဲ့ပါဘူး။ ပီအက်စ်ဂျီ အသင်းကတော့ ကြယ်ပွင့်ကစားသမား ၂ ဦးစလုံးကို ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ ပါဝင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 1350
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃
ရက်ရှ်ဖို့ဒ်အနေနဲ့ ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်မှူးတစ်ဦးအဖြစ် ဆက်ရှိချင်တယ်ဆိုရင် လက်ရှိပုံစံကို ကျေနပ်မနေဘဲ ဆက်ပြီး ကြိုးစားဖို့ လိုတယ်လို့ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က ပြောလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “သူဟာ ဘယ်အချိန်မှာ ရပ်သွားမလဲဆိုတာ မသိပေမယ့် အခုပုံစံကို ကျေနပ်တယ်ဆိုရင်တော့ ပြီးသွားပါလိမ့်မယ်။ ကျေနပ်မှုက ပျင်းရိခြင်းကို ရောက်သွားနိုင်တဲ့အတွက် နေ့တိုင်း ကြိုးစားဖို့ လိုပါတယ်။ ကြိုးစားမှုကို ထိန်းသိမ်းပြီး ပွဲတိုင်းကို အာရုံစူးစိုက်မှု အပြည့်နဲ့ ယုံကြည်မှုတွေ၊ စွမ်းအင်တွေကိုပါ ယူဆောင်လာခဲ့မယ် ဆိုရင်တော့ ဂိုးတွေ ဆက်ပြီး သွင်းနိုင်ပါလိမ့်မယ်။ သူ့မှာ ခြေထောက်နှစ်ဖက်လုံးအပြင် ခေါင်းနဲ့ပါ ဂိုးသွင်း ယူနိုင်တဲ့ အရည်အချင်း ရှိပါတယ်”လို့ ပြောခဲ့တာပါ။
ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းက လိဒ်စ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီးနောက် ဒီရာသီပြိုင်ပွဲစုံသွင်းဂိုး ၂၁ ဂိုးအထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ပြန်လာပြီးကတည်းက အသင်းအတွက် ကစားခဲ့တဲ့ ၁၅ ပွဲမှာ ၁၃ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ဒါဟာ ဥရောပထိပ်တန်း ၅ လိဂ်မှာရှိတဲ့ ဘယ်ကစားသမားထက်မဆို ကောင်း မွန်တဲ့ စွမ်းဆောင်ရည်လည်း ဖြစ်ခဲ့တာပါ။
ရက်ရှ်ဖို့ဒ် ဂိုးသွင်းနေစဉ်
ရက်ရှ်ဖို့ဒ်ဟာ လက်ရှိအချိန်မှာ ယူနိုက်တက် ကစားသမားဘဝ သွင်းဂိုး ၁၁၄ ဂိုးအထိ ရှိလာခဲ့ပြီး အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားစာရင်းရဲ့ နံပါတ် ၁၉ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
အဲရစ်တန်ဟတ်ကတော့ ရက်ရှ်ဖို့ဒ်ဟာ ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ပြီး အခုထက် ပိုပြီး သွင်းဂိုးတွေ ဆက်သွင်းနိုင်ဖို့ မျှော်လင့်နေတာပါ။
အဲရစ်တန်ဟတ်က “သူနဲ့ စတွေ့ခဲ့တဲ့ ပထမဆုံး အချိန်ကတည်းက ယုံကြည်မှုရှိခဲ့တာပါ။ သူနဲ့ အလုပ် တွဲလုပ်ရ တာကို အလွန်စိတ်လှုပ်ရှားပါတယ်။ သူ့ဆီကနေ ဒီထက်ပိုပြီးတော့တောင် ရမယ်ထင်ပါတယ်။ သူ့မှာ အရည် အချင်းတွေလည်း အများကြီးရှိပြီး၊ ဒီထက်မြင့်မားနိုင်တဲ့ အလားအလာတွေလည်း ရှိနိုင်လို့ အခုထက်တောင် ပိုပြီးလုပ်နိုင်ပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး အဆင့် ၄ နေရာ က နယူးကာဆယ်အသင်းနဲ့ ၅ မှတ် ကွာဟနေတာပါ။
ယူနိုက်တက်အသင်းဟာဆိုရင် ကြားရက်မှာ ဘာစီလိုနာအသင်းနဲ့ ယူရိုပါလိဂ် ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail/ BBC

- By CNI
- Category: အားကစား
- Hits: 633
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃
အက်စတွန်ဗီလာ အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိသွားခဲ့တဲ့ တိုက်စစ်မှူး ဟာလန်းဟာ ပရီးမီးယားလိဂ် ထိပ်ဆုံးနေရာအတွက် အာဆင်နယ်နဲ့ ယှဉ်ပြိုင်ရမယ့်ပွဲစဉ်မှာ ပါဝင်ဖို့ မသေချာဘူးလို့ သိရပါတယ်။
ဂွာဒီယိုလာက “ဟာလန်းကိုကြည့်ရတာ အဆင်မပြေသလို ခံစားရပါတယ်။ ပထမပိုင်းမှာ ကျနော် ဆရာဝန်တွေနဲ့ စကားပြောခဲ့ပါတယ်။ သူတို့ကတော့ ကျနော်တို့ဟာ ဂိုးတွေရပြီးသားဖြစ်လို့ ဟာလန်းကို အရဲစွန့်ပြီး မသုံးစေချင်ဘူး။ ဒါကို ကျနော် သဘောတူပါတယ်။ သူဒဏ်ရာ ရသွားတယ်လို့တော့ ကျနော်မထင်ပါဘူး။ တနင်္လာနေ့ ကျရင်တော့ ဒါကို ကျနော်တို့ မြင်တွေ့ရမှာပါ။ သူအဆင်သင့် မဖြစ်သေးရင် ဒါမှမဟုတ် အန္တရာယ်ရှိနိုင်တဲ့ အခြေအနေမှာ ဆိုရင်တော့ ကစားနိုင်မှာ မဟုတ်ပါဘူး။ ကျနော်ကတော့ ဗုဒ္ဓဟူးနေ့ပွဲစဉ်မှာ သူပါဝင်နိုင်ဖို့ မျှော်လင့်တယ်”လို့ ပြောခဲ့တာပါ။
ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ မန်စီးတီးအသင်းအတွက် ၂၅ ဂိုး သွင်းယူထားတဲ့ တိုက်စစ်မှူး ဟာလန်းဟာ ဒီပွဲစဉ်ရဲ့ ပထမပိုင်းအပြီးမှာ လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။
နော်ဝေ တိုက်စစ်မှူးဟာ အခုနှစ်အတွင်း ကစားခဲ့တဲ့ နောက်ဆုံး အဝေးကွင်း ၄ ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိတာ ကြောင့် အဝေးကွင်း ဂိုးပေါက်ပျောက်ဆုံးမှု ၂၆၁ မိနစ်အထိ ရှိလာခဲ့တာပါ။ ဟာလန်းဟာ အက်စတွန်ဗီလာ အသင်းနဲ့ ပွဲမှာဆိုရင် ဂိုးပေါက်ကန်သွင်းမှု ၁ ကြိမ်သာ ပြုလုပ်နိုင်ခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။
ဟာလန်းကိုတွေ့ရစဉ်
ဒါပေမယ့် မန်စီးတီးအသင်းဟာ ဒီနိုင်ပွဲကြောင့် ထိပ်ဆုံးနေရာက အာဆင်နယ်အသင်းနဲ့ ၃ မှတ်သာ ကွာဟတော့ ပြီး ကြားရက်မှာ ကစားမယ့်ပွဲမှာ အနိုင်ရခဲ့ရင် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို တက်လှမ်းနိုင်မှာပါ။
အာဆင်နယ်အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲမှာ ရမှတ် ၁ မှတ်သာ ရယူနိုင်ခဲ့တာကြောင့် အမှတ် ကွာဟမှုတွေ ကျဉ်းမြောင်း လာခဲ့တာ ဖြစ်ပါတယ်။
ဂွာဒီယိုလာက “ကျနော်တို့ အထက်မှာရှိနေတဲ့ အသင်းက အမှတ်တွေ လျော့ကျသွားတာကြောင့် ဒီအခွင့်အရေးကို အရယူပြီးနောက်ဆုံးမှာ ကွာဟချက်ကို နီးစပ်အောင်လုပ်ဖို့ လိုအပ်ပါတယ်။ သူတို့က တစ်ပွဲလျော့ ကစားထားတာ ကြောင့် ဒီကွာဟချက်ကို ကျနော်သိပါတယ်။ ဒါက ကျနော်တို့ဟာ သူတို့အနောက်မှာ ၆ မှတ် ကွာဟနေတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ ကြိုးစားပြီးကစားဖို့ လန်ဒန်ကို သွားရမှာပါ။ အနိုင်ရဖို့ဆိုတာ မသေချာပေ မယ့် အာရုံမစိုက်ရင် ဘာမှဖြစ်မှာ မဟုတ်ဘူး”လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ အာဆင်နယ်အသင်းနဲ့ ပွဲပြီးရင် နော်တင်ဟမ်ဖောရက်စ် အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲ ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 716
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁
အယ်လ်နာဆာ အသင်းနည်းပြ ရူဒီဂါစီယာက အယ်လ်ဝါဒါနဲ့ပွဲမှာ ခြေစွမ်းပြ ဂိုးတွေ သွင်းယူနိုင်ခဲ့တဲ့ ရော်နယ်ဒိုရဲ့ အသင်းနဲ့ ပေါင်းစည်းမှုကို ချီးကျူးလိုက်ပြီး ဝေဖန်မှုတွေကို ပြန်ပြီးရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။
ရူဒီဂါစီယာက “ရော်နယ်ဒိုဟာ သူ့ရဲ့အသင်းဖော်တွေနဲ့ စည်းလုံးညီညွတ်မှုရဲ့ ကောင်းမွန်တဲ့ အဆင့်ကို ရောက်ရှိ နေပါပြီ။ အချိန်ကြာလာတာနဲ့အမျှ သူ့ရဲ့အသင်းဖော်တွေက သူဘယ်အရာကို လိုချင်တာလဲ၊ ဘယ်အချိန်မှာ ဂိုး သွင်းနိုင်လဲ ဆိုတာကို သိလာခဲ့ပါတယ်။ ၄ ဂိုး သွင်းနိုင်ခဲ့လို့ သူ့အတွက် ကောင်းမွန်တဲ့ည ဖြစ်မယ်လို့ ကျနော် ထင် ကြောင်း”သတင်းထောက်တွေကို ပြောခဲ့တာပါ။
ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်ဝါဒါအသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ ၄ ဂိုးစလုံး သွင်းယူ ခဲ့ပြီး ကစားသမားဘ၀ လိဂ်သွင်းဂိုး ၅၀၀ ကျော် သွားခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ဒီသွင်းဂိုးတွေကြောင့် အယ်လ်နာဆာ အသင်းအတွက် ၄ ပွဲ ကစားအပြီးမှာ ၅ ဂိုးအထိ သွင်းယူ နိုင်ခဲ့တာပါ။ အယ်လ်နာဆာနည်းပြ ရူဒီဂါစီယာဟာ ဒီပွဲတွေ မတိုင်ခင် အယ်လ်အစ်တီဟတ် အသင်းကို အရေး နိမ့်ခဲ့တဲ့ ဆော်ဒီစူပါဖလားပွဲစဉ်မှာ အပိုင်အခွင့်အရေး လွဲချော်ခဲ့တဲ့ ရော်နယ်ဒိုကို ဝေဖန်မှုပြုလုပ်ခဲ့တာပါ။
ရော်နယ်ဒိုနဲ့ ရူဒီဂါစီယာကိုတွေ့ရစဉ်
ရူဒီဂါစီယာက “ကစားသမားတွေ အနေနဲ့ ပုံမှန်အတိုင်း ကစားဖို့ အရေးကြီးပါတယ်။ ရော်နယ်ဒိုဆီ ဘောလုံး အမြဲတမ်း ပေးပို့ဖို့ မကြိုးစားပါနဲ့”လို့ ပြောခဲ့တာပါ။
အဲ့ဒီအချိန်တုန်းက ရော်နယ်ဒိုဟာ ဆော်ဒီကလပ်အတွက် ဂိုးမသွင်းနိုင်သေးတာဖြစ်ပြီး အခုအချိန်မှာ စူပါ ဟတ်ထရစ် သွင်းယူနိုင်ခဲ့တာကြောင့် နည်းပြဖြစ်သူဟာ စကားကို ပြန်ပြောင်းပြီး ပြောဆိုသွားခဲ့တာလို့ သတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းဟာ အယ်လ်ဝါဒါအသင်းကို အနိုင်ရခဲ့တာကြောင့် ဒုတိယနေရာမှာရှိတဲ့ အယ်လ်အစ်တီ ဟတ် အသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက် အသာရရှိကာ ဆော်ဒီပရိုလိဂ် အမှတ်ပေးဇယားကို ဦးဆောင် နေတာပါ။
အယ်လ်နာဆာအသင်းဟာ လာမယ့် သောကြာနေ့မှာ ဆော်ဒီပရိုလိဂ် ပွဲစဉ်အဖြစ် အယ်လ်တာဝေါင်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 984
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ လက်ရွေးစင် အသင်းနည်းပြ ရာထူးအတွက် ရီးရယ်လ်အသင်း နည်းပြ အန်ဆယ်လော့တီကို ခန့်အပ်ဖို့ သဘောတူညီမှု ရရှိခဲ့တယ်ဆိုတဲ့ သတင်းတွေဟာ အခြေအမြစ် မရှိဘူးဆိုပြီး ပယ်ချလိုက်ပါတယ်။
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က “နည်းပြသစ်အဖြစ် ရွေးချယ်ခံရတဲ့သူကို အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပေး သွားမယ်”လို့ ထုတ်ပြန်ထားတာပါ။
ဘရာဇီးလ်အသင်းဟာ နည်းပြတီထီ ထွက်ခွာပြီးနောက် လစ်လပ်နေတဲ့ နည်းပြနေရာအတွက် ရှာဖွေမှုတွေ ပြုလုပ်နေတာပါ။ အသက် ၆၃ နှစ်အရွယ်ရှိ အန်ဆယ်လော့တီဟာ ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်အသင်းကို ချန်ပီယံလိဂ်နဲ့ လာလီဂါဖလား ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။
အန်ဆယ်လော့တီဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အီတလီ လက်ရွေးစင်အသင်းရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီး လက်ရွေးစင် အတွေ့အကြုံ ရှိခဲ့တာပါ။
ဒါပေမယ့် အီတလီ လူမျိုးနည်းပြနဲ့ ရီးရယ်လ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၄ အထိ သက်တမ်းရှိနေ တာကြောင့် စာချုပ်သက်တမ်း ကုန်ဆုံးချိန်အထိ စပိန်ကလပ်မှာ ဆက်ရှိနိုင်တာ ဖြစ်ပါတယ်။
ဘရာဇီးလ်အသင်းကိုတွေ့ရစဉ်
အစောပိုင်းက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ ဘရာဇီးလ်အသင်းဟာ အန်ဆယ်လော့တီကို ၂၀၂၆ ကမ္ဘာ့ဖလား အထိ ကိုင်တွယ်စေမယ့် ၃ နှစ် စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရခဲ့တယ်လို့ ဖော်ပြထားတာပါ။
ဘရာဇီးလ်အသင်းဟာ နည်းပြသစ်အဖြစ် ဘရာဇီးလ်လူမျိုး မဟုတ်တဲ့ သူတွေကို ခန့်အပ်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး လက်ရှိအချိန်မှာ စပိန်နည်းပြဟောင်း အင်းနရစ်၊ မန်စီးတီးနည်းပြ ဂွာဒီယိုလာ၊ ဇီဒန်းနဲ့ ရိုးမားအသင်းနည်းပြ မော်ရင်ဟိုတို့ဟာ ချိတ်ဆက်မှုတွေ ခံနေရတာ ဖြစ်ပါတယ်။
ဘရာဇီးလ်အသင်းဟာ လာမယ့်လတွေမှာ နိုင်ငံတကာ ခြေစမ်းပွဲတွေ ကစားဖို့ ရှိနေတာကြောင့် မကြာခင်မှာ နည်းပြသစ် ခန့်အပ်နိုင်ဖို့ လုပ်ဆောင်နေတာပါ။
ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၅ ကြိမ် ရရှိထားတဲ့ ဘရာဇီးလ်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ပြီး ကွာတားဖိုင်နယ်ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 1032
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁
ဂရင်းဝုဒ်ဟာ စွဲချက်တင်ခံထားရတဲ့ အမှုတွေ ရုပ်သိမ်းခံရပြီးနောက် ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်နဲ့ ပထမဆုံး ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
ယူနိုက်တက်ကြယ်ပွင့် ကစားသမားဟာ ဆိုရှယ်မီဒီယာပေါ်မှာ ဓါတ်ပုံတွေနဲ့ ဗွီဒီယို အတင်ခံရပြီးနောက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှာ ဖမ်းဆီးခံခဲ့ရတာပါ။
ယူနိုက်တက် အသင်းကတော့ အဲ့ဒီအချိန်ကတည်းက ဂရင်းဝုဒ်ကို လစာအပြည့်အဝ ပေးချေပြီး ဆိုင်းငံ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဂရင်းဝုဒ်ဟာ မကြာသေးခင် ရက်သတ္တပတ်ကမှ စွဲဆိုချက်တွေကို ရုပ်သိမ်းပေးတာ ခံခဲ့ရပေမယ့် ယူနိုက်တက် အသင်းအတွက် ပါဝင်ကစားခွင့် မရသေးပါဘူး။
ယူနိုက်တက်အသင်းကတော့ ကစားသမားကို ကိုယ်ပိုင်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး လုပ်ငန်းစဉ်တွေ မပြီးဆုံးခင်အချိန်အထိ ဘာမှတ်ချက်မှ ပေးမှာမဟုတ်ဘူးလို့ ပြောထားခဲ့တာပါ။
ဒီလိုအချိန်မှာ နည်းပြ အဲရစ်တန်ဟတ်ဟာ ဂရင်းဝုဒ်ထံ ဆက်သွယ်ခဲ့ပြီး ကစားသမားရဲ့ အခြေအနေကို မေးမြန်းခဲ့ သလို စွဲချက်တွေ ရုပ်သိမ်းခံလိုက်ရတဲ့အတွက်လည်း ကျေနပ်ကြောင်း ပြောခဲ့တယ်လို့ The Sun က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ဂရင်းဝုဒ်ကိုတွေ့ရစဉ်
သတင်းရင်းမြစ် တစ်ခုက “မေဆန်ဟာ ကလပ်အသင်းဆီကနေ ဆက်သွယ်မှု အနည်းငယ်သာ ခံခဲ့ရတာပါ။ သူ့ကို အသင်းဘက်က ဆက်သွယ်တဲ့ အချိန်မှာလည်း တိုက်ရိုက်မဟုတ်သလို ကြားခံ အဖွဲ့အစည်းတွေကနေ တစ်ဆင့် သာ ဆက်သွယ်ခဲ့တာပါ။ ဒါကြောင့် နည်းပြက သူ့ကို ဖုန်းခေါ်ဆိုတာဟာ ကစားသမားအတွက် ကြီးမားတဲ့ ခြေလှမ်းဖြစ်ပြီး တန်ဖိုးထားခံရတယ်လို့ ခံစားနေရပါတယ်။ နည်းပြက သူ့ရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက် တွေကို မေးခဲ့ပြီး စွဲချက်တွေ ရုပ်သိမ်းလိုက်တဲ့အတွက် ကျေနပ်ကြောင်း ပြောခဲ့ပါတယ်။ နည်းပြဘက်ကလည်း မေဆန်နဲ့ ဆက်သွယ်တာက မှန်ကန်တဲ့ လုပ်ရပ်လို့ထင်နေကြောင်း” The Sun ကို ပြောခဲ့ပါတယ်။
အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းကို စတင် ကိုင်တွယ်ကတည်းက ကြီးကြီးမားမား အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး အသင်းခေါင်းဆောင် မက်ဂွဲယားကို အရန်ခုံပေါ်ပို့ကာ ရော်နယ်ဒိုရဲ့ စာချုပ်ကို နှစ်ဦးသဘောတူ ဖျက်သိမ်းဖို့အထိ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဂရင်းဝုဒ် အသင်းထံ ပြန်လာခြင်း ရှိ၊မရှိကတော့ ကလပ်ရဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ အဲရစ်တန်ဟတ် က ကစားသမားကို ရှင်းပြထားတာ ဖြစ်ပါတယ်။
ဂရင်းဝုဒ်ကတော့ သူ ၆ နှစ်သား အရွယ်ထဲက ရှိခဲ့တဲ့ ယူနိုက်တက်မှာ ဆက်ပြီး ကစားချင်နေတာဖြစ်ပြီး မကြာသေးခင်ကဆိုရင် အင်စတာဂရမ်မှာရှိတဲ့ ပို့စ်တွေ အားလုံးကိုဖျက်ကာ ယူနိုက်တက်အသင်းနဲ့ သက်ဆိုင်တဲ့ အရာတွေကိုပဲ ထားရှိခဲ့တာပါ။
မန်ချက်စတာကလပ်ကသာ စာချုပ်ဖျက်သိမ်းခဲ့ရင် ဂရင်းဝုဒ်ဟာ တရုတ်ကိုသွားပြီး သူ့ရဲ့ကစားသမားဘဝကို ပြန်ပြီး စတင်နိုင်ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 843
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁
မန်စီးတီးအသင်းကို ဘဏ္ဍာရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ပရီးမီးယားလိဂ်က စွဲချက် ၁၀၀ ကျော်နဲ့ စွဲချက် တင်ပြီးနောက် နည်းပြဂွာဒီယိုလာက ပြိုင်ဘက်အသင်းတွေ အနေနဲ့ သတိထားကြဖို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။
ဂွာဒီယိုလာက “အခြားပရီးမီးယားလိဂ် ၁၉ သင်းအနေနဲ့ စံနမူနာယူထားပြီး လောက်ပါပြီ။ ကျနော်တို့မှာ အပြစ်မရှိ သလိုဘဲ စွပ်စွဲခံရတဲ့ ကလပ်တွေ အများကြီး ရှိတာကြောင့် အနာဂတ်မှာ သတိထားကြပါ။ အနာဂတ်မှာ ဘာဖြစ်မ လဲဆိုတာကို ဘယ်သူကမှသိမှာ မဟုတ်ပါဘူး။ သူတို့က ကျနော်တို့ မှန်ကန်စွာ မလုပ်ဘူးလို့ ယုံကြည်နေကြပါ တယ်။ ဒါကို ကျနော် လက်ခံပါတယ်။ ဒါပေမယ့် ကျနော်တို့ မှန်ကန်တယ်လို့ ယုံကြည်ရင် ဝိုင်းပြီး ခုခံကာကွယ်ဖို့ လိုပါတယ်။ ကျနော်တို့ဟာ ယူအီးအက်ဖ်အေမှာလည်း ဖြစ်ခဲ့သလို၊ ဒီနေ့မှာလည်း ဖြစ်ခဲ့ပါတယ်။ ဒါကို ကျနော်တို့ မသင်ယူနိုင်သေးပါဘူး”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်တယ်လို့ စွပ်စွဲခံထားရပြီး ၁၄ နှစ်တာ ကာလအတွင်းမှာ စွဲချက်ပေါင်း ၁၁၅ ခုအထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ၂၀၂၀ တုန်းကလည်း ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်ခဲ့တယ်ဆိုပြီး ယူအီးအက်ဖ်အေ ပြိုင်ပွဲ တွေမှာ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရသလို ဒဏ်ကြေး ပေါင် ၂၅ သန်း ချမှတ်ခံခဲ့ရတာပါ။
ဒါပေမယ့် အယူခံဝင်ပြီးနောက် ဒီပိတ်ပင်မှုကို ဖယ်ရှားခဲ့သလို ဒဏ်ကြေးငွေကိုလည်း ပေါင် ၁၀ သန်းအထိ လျှော့ချခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းကိုတွေ့ရစဉ်
ပရီးမီးယားလိဂ်ကတော့ မန်စီးတီးအသင်း အနေနဲ့ ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် ရမှတ်လျှော့တာ၊ ဒဏ်ကြေးငွေ ချမှတ်တာနဲ့ တန်းဆင်းဖို့အထိ ပြစ်ဒဏ်ချမှတ်ဖို့ ရှိနေခဲ့တာပါ။
ဒါပေမယ့် ဂွာဒီယိုလာကတော့ သူတို့အသင်းဟာ အပြစ်မရှိကြောင်း ပြောခဲ့ပြီး အခြား ၁၉ သင်းရဲ့ လွှမ်းမိုးမှု ကြောင့်သာ အခုလို စွဲချက်တင်ခံရတာလို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ စပိန်လူမျိုးနည်းပြက သူတို့မှာ အပြစ် မရှိကြောင်း တွေ့ရမယ်ဆိုရင် ပြန်ပြီး လက်စားချေ သင့်တယ်လို့လည်း ခံစားနေရတာပါ။
ဂွာဒီယိုလာက “အပြစ်ရှိကြောင်း သက်သေမပြမချင်း လူတိုင်းအပြစ်ကင်းတဲ့ အံ့မခန်းနိုင်ငံ တစ်ခုမှာ နေရတာ ကောင်းပါတယ်။ ကျနော်တို့ကတော့ ဒီလိုအခွင့်အရေး မရခဲ့လို့ ပြစ်ဒဏ် ချမှတ်ခံရပါတယ်။ ဘာတွေဖြစ်မလဲ ဆိုတာတော့ ကျနော်မသိပါဘူး။ ယူအီးအက်ဖ်အေမှာ လုပ်သလို ကာကွယ်ခွင့်ရမယ့် အခွင့်အရေးရှိရင် ဒီနေရာမှာ ကျနော်ပျော်ရွှင်နေမှာပါ။ အသင်း ၁၉ သင်းက ထောက်ခံနေတဲ့ ပရီးမီးယားလိဂ် အနေနဲ့ သူတို့ရဲ့ ရပ်တည်မှုကို ကာကွယ်ဖို့ ရှေ့နေကောင်းတွေ ယူရမယ်လို့ထင်ကြောင်း”ပြောခဲ့ပါတယ်။
ဒါ့အပြင် ဂွာဒီယိုလာက သူဟာ မန်စီးတီးအသင်းကနေ ထွက်ခွာသွားမှာ မဟုတ်ဘူးလို့ ကတိပေးခဲ့တာပါ။ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် တနင်္ဂနွေနေ့မှာ အက်စတွန်ဗီလာ အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 605
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀
ဂရင်းဝုဒ်ရဲ့ အနာဂတ်ဟာ မရေမရာ ဖြစ်နေပေမယ့် ယူနိုက်တက် အမျိုးသမီးအသင်းကတော့ လူငယ်ကြယ်ပွင့် ကစားသမား အသင်းထံ ပြန်လာမှာကို မြင်တွေ့လိုခြင်း မရှိဘူးလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ယူနိုက်တက် အမျိုးသမီးအသင်း ကစားသမားတွေဟာ အိုးထရက်ဖို့ဒ် အသင်းကြီးထံ ပြန်ရောက်လာနိုင်တဲ့ ဂရင်းဝုဒ်ရဲ့ အလားအလာနဲ့ ပတ်သက်ပြီး စိတ်မသက်မသာ ဖြစ်နေတယ်လို့ သိရပါတယ်။
ဂရင်းဝုဒ်ကို စွဲချက်တင်ထားတဲ့ အမှုတွေကနေ ရုပ်သိမ်းပေးခဲ့ပေမယ့် ကစားသမားရဲ့ အနာဂတ်ဟာ ရှင်းရှင်း လင်းလင်း မရှိသေးပါဘူး။ အသက် ၂၁ နှစ်အရွယ်ရှိ ဂရင်းဝုဒ်ကို ယူနိုက်တက်အသင်းက လက်ရှိအချိန်မှာ ဆိုင်းငံ့ ထားဆဲ ဖြစ်ပါတယ်။
ဂရင်းဝုဒ်နဲ့ ပတ်သက်ပြီး နောက်ထပ် အဆင့်တွေ မဆုံးဖြတ်ခင်မှာ ကလပ်အသင်းဟာ သူတို့ရဲ့ ကိုယ်ပိုင် လုပ်ငန်း စဉ်တွေကို လုပ်ဆောင်မယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ယူနိုက်တက် အမျိုးသမီးအသင်းက ကစားသမားတွေဟာ ဂရင်းဝုဒ် ပြန်လာမယ့် အလားအလာကို စိုးရိမ်နေကြပြီး ကစားသမား အဖမ်းအဆီး မခံရခင် ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့တဲ့ အသံကို ပြန်ပြီးကြားနေရတယ်လို့ The Athletic ဖော်ပြခဲ့တာပါ။
ဂရင်းဝုဒ်ကိုတွေ့ရစဉ်
အဲဒီအသံဟာ သူတို့ရဲ့ မှတ်ဉာဏ်တွေထဲကနေ အလွယ်တကူ ဖျက်လို့ရတဲ့အရာ မဟုတ်ဘူးဆိုပြီး ကစားသမား တွေက တွေးထင်နေကြတာ ဖြစ်ပါတယ်။
အမျိုးသားအသင်းကလည်း သူတို့ရဲ့ တိုးတက်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်တာကြောင့် ဂရင်းဝုဒ်ကို ဒီရာသီ အသင်းထံ ပြန်မလာစေချင်ကြဘူးလို့ ဒေးလီးမေးလ်က ဖော်ပြခဲ့တာပါ။ အသင်းဘက်ကလည်း ဂရင်းဝုဒ်ကို ဆက် ထိန်းသိမ်းချင်တဲ့သူတွေ ရှိသလို၊ ယူနိုက်တက်ဂျာစီကို ထပ်ပြီး မဝတ်သင့်တော့ဘူးဆိုပြီး ယုံကြည်တဲ့သူတွေလည်း ရှိနေကြပါတယ်။
နည်းပြ အဲရစ်တန်ဟတ်ကလည်း ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂရင်းဝုဒ်နဲ့ ပတ်သက်တဲ့ မှတ်ချက်တွေကို ဖြေဆိုဖို့ ငြင်းဆန်ခဲ့သလို ကစားသမားတွေကိုလည်း အာရုံစူးစိုက်မှု မဆုံးရှုံးစေဖို့ တိုက်တွန်းထားပါတယ်။
ယူနိုက်တက် အကယ်ဒမီထွက် ဂရင်းဝုဒ်ဟာ အသင်းအတွက် ပွဲပေါင်း ၁၃၀ ပါဝင်ကစားခဲ့ပြီး ၃၆ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 536
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀
ဟာတေစပေါ်အသင်းဟာ အခုတစ်ပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ ငလျင်လှုပ်ခတ်ပြီးနောက် တူရကီစူပါလိဂ်ပြိုင်ပွဲ ကနေ နုတ်ထွက်ခဲ့တယ်လို့ တူရကီကလပ်များအသင်းဥက္ကဋ္ဌ အလီကော့စ်က ကြာသပတေးနေ့က ပြောခဲ့ပါတယ်။
အလီကော့စ်က “ဟာတေစပေါ်က စာတစ်စောင် ပေးပို့ထားပါတယ်။ ဒီရာသီပွဲတွေကို သူတို့ မကစားနိုင်တော့ ဘူးဆိုပြီး ကျနော်တို့ကို အကြောင်းကြားထားပါတယ်”လို့ တူရကီဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ ပြုလုပ်ခဲ့တဲ့ သတင်း စာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
ဟာတေစပေါ်အသင်း တောင်ပံကစားသမား အက်ဆုကို အပျက်အဆီးတွေကနေ ကယ်ဆယ်ခဲ့ပြီး ဆေးရုံကို ပို့ဆောင်ထားတယ်လို့ အသင်းဒုဥက္ကဋ္ဌက ပြောခဲ့ပေမယ့် ပျောက်ဆုံးနေဆဲလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အသင်းရဲ့ အားကစားဒါရိုက်တာ တာနာဟာ ပျောက်ဆုံးနေဆဲ ဒါမှမဟုတ် အပျက်အဆီးတွေအောက်မှာ ရှိနေတယ်လို့ တူရကီသတင်းအေဂျင်စီ အန်နာဒိုလူက ဖော်ပြထားပါတယ်။
ဟာတေစပေါ်အသင်းဟာ အခုနှစ်ရာသီ တူရကီလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်အဆင့် ၁၆ မှာရှိတဲ့ ကာဆင်မ်ပါဆာအသင်းနဲ့ ရမှတ် ၁ မှတ်သာ ကွာဟနေတာပါ။
တူရကီငလျင်ကြောင့် ပိတ်မိနေသူတွေကို ကယ်ထုတ်နေကြစဉ်
ဒါ့အပြင် ဂါဇီယန်တက်ပ် ပြည်နယ်ဟာ ငလျင်ဗဟိုချက်နဲ့ နီးပြီး ဆိုးရွားစွာ ရိုက်ခတ်ခံခဲ့ရတာကြောင့် အဲဒီဒေသ အခြေစိုက်အသင်းနဲ့ ပတ်သက်ပြီးတော့လည်း တူရကီကလပ်များအသင်းဥက္ကဋ္ဌ အလီကော့စ်က ပြောခဲ့သေးပါတယ်။
အလီကော့စ်က “ဂါဇီယန်တက်ပ် အသင်းလည်း လိဂ်ကနေ နုတ်ထွက်ချင်တယ်ဆိုရင်တော့ ဒီကလပ်နှစ်သင်းရဲ့ အခွင့်အရေးတွေ မထိခိုက်အောင် ကျန် ၁၇ သင်းနဲ့ ဆက်သွားဖို့ စီစဉ်ထားတယ်လို့”ပြောခဲ့တာပါ။
ဒါပေမယ့် ဂါဇီယန်တက်ပ် ဘက်ကတော့ ဆုံးဖြတ်ချက် မချရသေးဘူးလို့ သိရပါတယ်။
တူရကီလိဂ်ပွဲတွေဟာ ငလျင်အဖြစ်အပျက်ကြောင့် ပြန်လည်စတင်ဖို့ နှောင့်နှေးနေပြီး မတ်လ ၃ ရက်မှာ စတင် နိုင်ဖို့ မျှော်လင့်ထားပါတယ်။
တူရကီနဲ့ ဆီးရီးယားမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ကစားသမား အများအပြားနဲ့ နည်းပြ အများအပြား အသက် ဆုံးရှုံးခဲ့ရတယ်လို့ တူရကီဘောလုံးအဖွဲ့ချုပ်က အတည်ပြုခဲ့ပါတယ်။
Source: Reuters