CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၃

ရီးရယ်လ်အသင်းက ဂီတာဖေးအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ရီးရယ်လ်အသင်း ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ ဂီတာဖေးအသင်း တိုက်စစ်မှူး ဂရင်းဝုဒ်ကို မုဒိန်းသမားလို့ ပြောဆိုခဲ့တဲ့ စွပ်စွဲချက်အတွက် လာလီဂါက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။

လာလီဂါဟာ ဘယ်လင်ဂမ်က ဂရင်းဝုဒ်ကို ပြောဆိုခဲ့တဲ့ စကားလုံး အသုံးအနှုန်းကို သိရဖို့အတွက် ကျွမ်းကျင်သူ ကိုပါ အသုံးပြုပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်နေခဲ့တာပါ။

ဂီတာဖေးအသင်းဟာ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး တရားဝင် တိုင်ကြားထားတာကြောင့် ခိုင်မာတဲ့ သက်သေ အထောက်အထားတွေပေါ် မူတည်ပြီး လုပ်ဆောင်သွားမယ်လို့ လာလီဂါက ပြောထားတာ ဖြစ်ပါတယ်။ 

ဒီပွဲစဉ်မှာ ဘယ်လင်ဂမ်ဟာ ဂရင်းဝုဒ်ကို ဖျက်ထုတ်မှု ပြုလုပ်အပြီးမှာ ဒီအဖြစ်အပျက်တွေ ဖြစ်လာခဲ့တာပါ။

ဘယ်လင်ဂမ် ပြောဆိုခဲ့တဲ့ ရုပ်သံဖိုင်ဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ ပျံ့နှံ့သွားခဲ့တာဖြစ်ပြီး အင်္ဂလန်ကစားသမား ဟာ ဘယ်သူ့ကို ပြောခဲ့လဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရတာဖြစ်ပါတယ်။ 

ဒါပေမယ့် ဘယ်လင်ဂမ်အနေနဲ့ ဒီလိုပြောဆိုခဲ့ကြောင်း ထင်ရှားခဲ့ရင် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရဖွယ်ရှိနေတာပါ။ 

ဂရင်းဝုဒ်ဟာ မုဒိမ်းမှုစွဲချက်တွေကြောင့် ဘောလုံးလောကနဲ့ ၁ နှစ်နီးပါးကြာ ဝေးကွာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီမှာ စွပ်စွဲချက်တွေအားလုံး ရုပ်သိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဂရင်းဝုဒ်ဟာ ယူနိုက်တက်အသင်း အတွင်းပိုင်းမှာ ၆ လကြာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခံခဲ့ရပြီး နောက် အသင်းကထွက်ခွာဖို့ သဘောတူညီမှု ရရှိခဲ့တာပါ။

အဲဒါကြောင့် ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့က ဂီတာဖေးအသင်းထံ အခုရာသီအကုန်ထိ အငှား စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်ရှိနေတဲ့ ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းမှာ ခြေစွမ်းပြသနေပြီး ၂၁ ပွဲ ပါဝင်ကစားထားကာ ၆ ဂိုး သွင်းယူထားတာပါ။ 

ဘယ်လင်ဂမ်ကလည်း ပြီးခဲ့တဲ့ နွေရာသီက ဒေါ့မွန်အသင်းကနေ ရီးရယ်လ်အသင်းထံ ယူရို ၁၀၃ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ၂၇ ပွဲ ကစားထားကာ ၁၈ ဂိုး သွင်းယူထားပြီး အသင်းကို လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးနေရာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားတာ ဖြစ်ပါတယ်။

Source: BBC