CNI Sport News

 ၂၀၂၄ ခုနှစ်၊ မတ်လ ၁

လာလီဂါဥက္ကဋ္ဌ တီဘက်စ်က ယူနိုက်တက်အသင်းကနေ ဂီတာဖေးအသင်းထံ အငှားလာရောက် ကစားနေတဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်ကို စပိန်မှာ ဆက်ရှိစေချင်တယ်လို့ ပြောခဲ့ပါတယ်။

တီဘက်စ်က “ဂရင်းဝုဒ်ဟာ အလွန်ကောင်းမွန်စွာ လုပ်ဆောင်နေတာကြောင့် ကျနော်က သူ့ကို စပိန်မှာ ဆက်ပြီး ရှိနေဖို့ မျှော်လင့်ပါတယ်။ ဒါက ကျနော်တို့ စပိန်ဘောလုံးလောကအတွက် ကောင်းမွန်တယ်”လို့ လန်ဒန်မှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ ယူနိုက်တက်အသင်းကနေ ဂီတာဖေးအသင်းထံ ရာသီအကုန်ထိ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ 

ဂရင်းဝုဒ်ဟာ သူ့အပေါ် စွဲချက်တင်ထားတဲ့ မုဒိမ်းမှုစွဲချက် အပါအဝင် စွဲချက်တွေ အားလုံးကနေ လွတ်မြောက်ခဲ့ ပေမယ့် ယူနိုက်တက်အသင်းရဲ့ အတွင်းပိုင်းစုံစမ်းစစ်ဆေးမှုခံရပြီးနောက် အသင်းကနေ ထွက်ခွာခဲ့တာပါ။ 

လာလီဂါဥက္ကဋ္ဌ တီဘက်စ်ကို တွေ့ရစဉ်

ဂရင်းဝုဒ်နဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်၊ ဇွန်လအထိ သက်တမ်းရှိနေတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်က ဂရင်းဝုဒ်ရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် အသစ်ကို ချမှတ်သွားမယ်လို့ မကြာသေးခင်က ပြောထားတာပါ။ 

ဒါပေမယ့် အမျိုးသမီး အဖွဲ့အစည်းအချို့က ဂရင်းဝုဒ်နဲ့ ပတ်သက်ပြီးပြောခဲ့တဲ့ ဆာဂျင်ရက်ကလစ်ဖ်ရဲ့ မှတ်ချက် စကားနဲ့ ပတ်သက်ပြီး အဖြေပေးဖို့ ယူနိုက်တက်အသင်းထံ ဆက်သွယ်မှုတွေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ဂရင်းဝုဒ်ဟာ ယူနိုက်တက်အသင်းထံ ပြန်လာဖွယ်မရှိတော့ဘူးလို့ သတင်းတွေမှာ ဖော်ပြထားတာပါ။

တီဘက်စ်က “တရားစီရင်ရေး လုပ်ငန်းစဉ်ကို လေးစားသင့်ပြီး ဥပဒေကြောင်းအရ ဆုံးဖြတ်ချက်ကို လေးစားရမှာ ပါ။ တခြားအကြောင်း ပြောနေစရာ မရှိပါဘူး။ သူ့မှာ အပြစ်မရှိဘူးလို့ တရားရုံးက ဆုံးဖြတ်ပြီးသားဖြစ်တဲ့အတွက် ကျနော်ကတော့ ဂရုမစိုက်ဘူး”လို့ ပြောခဲ့တာပါ။

ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းအတွက် ၂၅ ပွဲ ပါဝင်ကစားထားပြီး ၇ ဂိုးသွင်းယူကာ ၅ ဂိုး ဖန်တီးထားတာ ဖြစ်ပါတယ်။

Source: ESPN