CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၁

စပါးအသင်းနည်းပြ ပိုစတီကိုဂလူးဟာ အာဆင်နယ်အသင်းနည်းပြ အာတီတာကိုအနိုင်ရပြီး ၂၀၂၄ ခုနှစ်အတွက် ချီးမြှင့်တဲ့ London Football Awards မှာ တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို ရရှိသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီက ဆဲလ်တစ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ပိုစတီကိုဂလူးဟာ စပါးအသင်းကို ရလဒ်တွေ ကောင်းအောင် ကိုင်တွယ်ပေးထားတာကြောင့် ဒီဆုကို ရရှိခဲ့တာပါ။ 

စပါးအသင်းဟာ တိုက်စစ်မှူး ဟာရီကိန်းကို ဘိုင်ယန်မြူးနစ်အသင်းထံ ရောင်းချခဲ့ပေမယ့် ပိုစတီကိုဂလူးဟာ အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၅ နေရာ ရပ်တည်နိုင်အောင် ကိုင်တွယ်ပေးထားတာ ဖြစ်ပါတယ်။ 

စပါးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဥရောပဝင်ခွင့် လွဲချော်ခဲ့ပြီးနောက် ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ပစ်မှတ် ထားနေတာပါ။

အာတီတာဟာ အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂ နှစ်ဆက်တိုက် ချန်ပီယံဆု စိန်ခေါ်နိုင်အောင် ကိုင်တွယ်ပေးထားပေမယ့် ပိုစတီကိုဂလူးဟာ တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ 

အာဆင်နယ်အသင်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်က တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာပါ။ 

 ပိုစတီကိုဂလူးကို တွေ့ရစဉ်

ဒီကလန်ရိုက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ဝက်စ်ဟမ်းအသင်းကို ယူရိုပါကွန်းဖရန့်လိဂ်ဖလား ရရှိအောင် ဦးဆောင် ပေးနိုင်ခဲ့ပြီး ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။

အဲဒါကြောင့် ဒီကလန်ရိုက်စ်ဟာ ဝက်စ်ဟမ်းအသင်းဖော်ဟောင်း ဘိုဝင်၊ စပါးအသင်းက ဗီကာရီယိုနဲ့ ပေါ်ရို၊ အာဆင်နယ်အသင်းက ဆာလီဘာတို့ကို ကျော်ဖြတ်ပြီး ဒီဆုကို ရရှိခဲ့တာပါ။ 

တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကိုတော့ မန်စီးတီးအသင်းကနေ ပြောင်းရွှေ့လာပြီးကတည်းက ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြသနေတဲ့ ကိုးလ်ပါလ်မာက ရရှိခဲ့ပါတယ်။ 

ကိုးလ်ပါလ်မာဟာ ဒီရာသီမှာ ၃၄ ပွဲ ကစားထားပြီး ၁၄ ဂိုးသွင်းယူကာ ၉ ဂိုးဖန်တီးထားတာပါ။

တစ်နှစ်တာ အကောင်းဆုံး ဂိုးသမားဆုကိုတော့ စပါးအသင်းအတွက် လက်စွမ်းပြသနေတဲ့ ဗီကာရီယိုက ရရှိသွား ခဲ့ပါတယ်။

ဗီကာရီယိုဟာ ဝက်စ်ဟမ်းအသင်း ဂိုးသမား အေရီယိုလာ၊ ဖူလ်ဟမ်အသင်းဂိုးသမား လီနိုနဲ့ ပဲလေ့စ်အသင်း ဂိုးသမား ဆမ်ဂျွန်စတုန်းစ်တို့ကို အနိုင်ရပြီး ဒီဆုကို ရယူနိုင်ခဲ့တာပါ။

ချယ်လ်ဆီး အမျိုးသမီးအသင်းက လော်ရန်ဂျိမ်းစ်ဟာ WSL အမျိုးသမီးတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု၊ ဘီဗာဂျုံးစ်က အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

Source: Daily Mail