CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၀

ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီဟာ နာပိုလီအသင်းကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းအတွက် ခြေစွမ်းပြ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဘယ်လင်ဂမ်ကို ဂန္ထဝင်ဘောလုံးသမားကြီး ဇီဒန်းနဲ့ နှိုင်းယှဉ် သွားခဲ့ပါတယ်။

အန်ဆယ်လော့တီက “ကွဲပြားခြားနားတဲ့ မျိုးဆက်နှစ်ခုကို နှိုင်းယှဉ်ဖို့က ခက်ခဲပါတယ်။ ကျနော်မြင်တွေ့တာက ဘယ်လင်ဂမ်ဟာ ဂိုးဧရိယာထဲရောက်သွားနိုင်တဲ့ စွမ်းဆောင်ရည်ပါ။ ဇီဒန်းက ဒီလိုမျိုးမလုပ်နိုင်ပါဘူး။ ဇီဒန်းရဲ့ တစ်ဦးချင်းအရည်အသွေးတွေက ဘယ်လင်ဂမ်မှာ မရှိပါဘူး။ ဒါပေမယ့် အခုက မော်ဒန်ဘောလုံးပါ။ မော်ဒန် ဘောလုံးလောကမှာ ကွင်းထဲမှာရှိတဲ့ နေရာအများအပြားကို လွှမ်းမိုးမှုရှိနိုင်တဲ့ ဘယ်လင်ဂမ်လို ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်တဲ့ ကစားသမားမျိုးလိုအပ်ပါတယ်”လို့ ပြောခဲ့တာပါ။

ပြီးခဲ့တဲ့ နွေရာသီက ဒေါ့မွန်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဘယ်လင်ဂမ်ဟာ ရီးရယ်လ်အသင်းအတွက် ခြေစွမ်း ပြသနေတာဖြစ်ပြီး ပါဝင်ကစားထားတဲ့ ၁၆ ပွဲမှာ ၁၅ ဂိုးအထိ သွင်းယူထားတာဖြစ်ပါတယ်။ ဘယ်လင်ဂမ်ဟာ နာပိုလီအသင်းကို အနိုင်ရတဲ့ပွဲစဉ်မှာ ရီးရယ်လ်အသင်းအတွက် ၁ ဂိုးသွင်းယူနိုင်တဲ့အပြင် အသင်းဖော် ဟိုဆေးလူသွင်းယူခဲ့တဲ့ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့တာပါ။ ဘယ်လင်ဂမ်ဟာ အသက် ၂၁ နှစ်မပြည့်ခင်မှာ ချန်ပီယံလိဂ်သွင်းဂိုး ၁၀ ဂိုးပြည့်တဲ့ ၄ ဦးမြောက်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

အန်ဆယ်လော့တီက “ဘယ်လင်ဂမ်ဟာ နေ့တိုင်း၊ ပွဲတိုင်းကို အံ့အားသင့်စေတဲ့သူပါ။ သူဟာ ဘောလုံးအတွက် လက်ဆောင်ပါပဲ၊ သူ့ရဲ့နည်းပြတွေ၊ အသင်းဖော်တွေနဲ့ ပရိသတ်တွေက သူ့ကို အလွန်ဝမ်းသာနေကြပါတယ်။ ဘယ်လင်ဂမ်ဟာ ငယ်ရွယ်ပေမယ့် အလွန်ပရော်ဖက်ရှင်နယ်ဆန်တဲ့သူဖြစ်ပြီး အဝတ်လဲခန်းထဲမှာလည်း လိုက်လျောညီထွေနေတတ်တဲ့သူပါ”လို့ ပြောခဲ့ပါတယ်။

ရီးရယ်လ်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ၅ ပွဲကစားအပြီးမှာ ၅ ပွဲစလုံးအနိုင်ရရှိကာ အုပ်စုပထမနဲ့ ၁၆ သင်း အဆင့်ကို ရောက်ရှိခဲ့တာပါ။ ရီးရယ်လ်အသင်းဟာ ဒီတစ်ပတ်စပိန်လာလီဂါ ပွဲစဉ်အဖြစ် ဂရန်နာဒါအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:ESPN