CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၉

ဂီတာဖေးအသင်းဟာ ယူနိုက်တက်အသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်ကို ပြိုင်ဘက်အသင်း ပရိသတ်တွေက လာလီဂါပွဲစဉ်တွေမှာ ပစ်မှတ်ထား အော်ဟစ်နေတဲ့အပေါ် ပြစ်တင်လိုက်ပါ တယ်။

ဘီလ်ဘာအိုနဲ့ ဂီတာဖေးအသင်းတို့ ကစားခဲ့တဲ့ ပြီးခဲ့တဲ့ လာလီဂါပွဲစဉ်ရဲ့ ပွဲချိန်အတွင်းမှာ ဘီလ်ဘာအိုအသင်း ပရိသတ်အချို့က ဂရင်းဝုဒ်ကို သေလိုက်ဆိုပြီး အော်ဟစ်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။ 

ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကမှ သူ့အပေါ် စွဲချက်တင်ထားတဲ့ မှုဒိမ်းမှု အပါအဝင် ရာဇဝတ်မှုဆိုင်ရာ အမှုတွေကနေ လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။ 

အင်္ဂလန်တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလ နောက်ဆုံးနေ့မှာ ယူနိုက်တက် အသင်းကနေ ဂီတာဖေးအသင်းထံ ရာသီအကုန်ထိ အငှားစာချူပ်နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။

ဂရင်းဝုဒ်ကို ပရိသတ်များ နှုတ်ဆက်နေကြစဉ်

ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းအတွက် ပွဲဦးထွက်ခဲ့တဲ့ အိုဆာဆူနာအသင်းနဲ့ လာလီဂါပွဲစဉ်မှာလည်း ပြိုင်ဘက် အသင်း ပရိသတ်တွေရဲ့ ပစ်မှတ်ထား အော်ဟစ်ခြင်းတွေကို ခံခဲ့ရတာဖြစ်ပါတယ်။

ဘီလ်ဘာအိုအသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ လာလီဂါပွဲစဉ်မှာပါ ဒီလို အလားတူ ကြုံတွေ့ရပြီးနောက် ဂီတာဖေး အသင်းက ဒီလိုလုပ်ရပ်တွေဟာ လက်ခံနိုင်စရာမရှိသလို စော်ကားတိုက်ခိုက်မှုတွေဟာ ပိုပြီးဆိုးရွား လာနေတယ် လို့ သူတို့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာပါ။

အသက် ၂၁ နှစ်အရွယ်ရှိ ဂရင်းဝုဒ်ဟာ ဘီလ်ဘာအိုအသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဂီတာဖေး အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ကာ ခြေစွမ်းပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဂရင်းဝုဒ်ဟာ လက်ရှိ ခြေစွမ်းတွေကြောင့် လာမယ့် ဂီတာဖေးအသင်းရဲ့ ပွဲစဉ်တွေမှာလည်း ပွဲထွက်လူစာရင်းထဲ ပါဝင်လာနိုင်ပြီး သွင်းဂိုးတွေရယူနိုင်ဖို့ မျှော်လင့်နေတာပါ။

ဂီတာဖေးအသင်းဟာ စက်တင်ဘာ ၃၀ ရက်မှာ လာလီဂါပွဲစဉ်အဖြစ် ဗီလာရီးရယ်လ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: BBC