- By CNI
- Category: အားကစား
- Hits: 866
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၉
ရုရှားတင်းနစ်သမား မက်ဗီဒက်ဗ်ဟာ အမေရိကန်အိုးပန်း ဆီမီးဖိုင်နယ်ပွဲစဉ်မှာ လက်ရှိချန်ပီယံ အယ်လ်ကာ ရတ်ဇ်ကို အနိုင်ရပြီး ဗိုလ်လုပွဲအဖြစ် ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
မက်ဗီဒက်ဗ်ဟာ ဆီမီးဖိုင်နယ်အဖြစ် ကစားခဲ့တဲ့ပွဲမှာ အယ်လ်ကာရတ်ဇ်ကို ၇-၆၊ ၆-၁၊ ၃-၆၊ ၆-၃ နဲ့ အနိုင်ရခဲ့ပြီး စပိန်တင်းနစ်သမားကို ဂျိုကိုဗစ်နဲ့ ပြန်ပြီး ယှဉ်ပြိုင်ခွင့် မရအောင် လုပ်နိုင်ခဲ့ပါတယ်။
ဂျိုကိုဗစ်ကတော့ အမေရိကန်တင်းနစ်သမား ဘန်ရှီလ်တန်ကို ၆-၃၊ ၆-၂၊ ၇-၆ နဲ့ အနိုင်ရပြီး စံချိန်တင် ဂရမ်းဆလမ်း ၂၄ ကြိမ်မြောက် ရယူနိုင်ဖို့အတွက် နီးစပ်သွားခဲ့တာ ဖြစ်ပါတယ်။
ဂျိုကိုဗစ်နဲ့ မက်ဗီဒက်ဗ်တို့ဟာ ၂၀၂၁ ခုနှစ် အမေရိကန်အိုးပန်း ဗိုလ်လုပွဲမှာ တွေ့ဆုံခဲ့ပြီး ရုရှားတင်းနစ်သမားက အနိုင်ရရှိခဲ့တာပါ။

ဂျိုကိုဗစ်ကို တွေ့ရစဉ်
ပြီးခဲ့တဲ့နှစ်က ပြိုင်ပွဲမှာ ကိုဗစ်ကာကွယ်ဆေး မထိုးလို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရခဲ့တဲ့ ဂျိုကိုဗစ်ဟာ အခုနှစ် ပြိုင်ပွဲ မှာတော့ အမေရိကန်အိုးပန်း ချန်ပီယံဆုကို ၄ ကြိမ်မြောက် ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
မက်ဗီဒက်ဗ်တော့ ဂျိုကိုဗစ်ကို အနိုင်ရယူချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကို အကောင်းဆုံးပုံစံဖြစ်အောင် လုပ်ဆောင် ရမယ်လို့ ပြောခဲ့ပါတယ်။
မက်ဗီဒက်ဗ်က “ဂျိုကိုဗစ်ဟာ အရင်ကစားခဲ့တဲ့ အချိန်တွေထက် အမြဲတမ်း ပိုပြီးကောင်းပါတယ်။ သူ့ကို ကျနော် ပြီးခဲ့တဲ့ အမေရိကန်အိုးပန်းမှာ အနိုင်ရခဲ့ပေမယ့် သူက ကျနော့်ကို ပဲရစ်မာစတာပြိုင်ပွဲမှာပြန်ပြီး အနိုင်ယူခဲ့ပါ တယ်။ ဂျိုကိုဗစ်ဟာ ဒီနေ့မှာ သူ့ရဲ့ အကောင်းဆုံးပုံစံနဲ့ လာမှာဖြစ်ပြီး သူ့ကို အနိုင်ယူချင်တယ်ဆိုရင်တော့ ကျနော် ကိုယ်တိုင်ကလည်း အကောင်းဆုံး ဖြစ်နေဖို့ လိုပါတယ်။ သူ့ကို အနိုင်ယူချင်တယ်ဆိုရင် ပြီးခဲ့တဲ့ပွဲကထက် ၁၀ ဆ ပိုကောင်းအောင် လုပ်ရမှာပါ”လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။
ဂျိုကိုဗစ်အနေနဲ့ အမေရိကန်အိုးပန်း ပြိုင်ပွဲမှာ အနိုင်ရခဲ့ရင် တစ်ဦးချင်း ဂရမ်းဆလမ်း အများဆုံး ရရှိထားတဲ့ တင်းနစ်မယ် မာဂရတ်ကော့တ်ရဲ့ စံချိန်ကို လိုက်မှီသွားတော့မှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 951
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၉
နေမာဟာ ဘရာဇီးလ်အသင်းက ဘိုလီးဗီးယားအသင်းကို အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (တောင် အမေရိကဇုန်)ပွဲစဉ်မှာ ခြေစွမ်းပြ သွင်းဂိုးတွေ သွင်းယူပြီးနောက် ဘရာဇီးလ်ဂန္ထဝင် ပီလီရဲ့ ဂိုးသွင်းစံချိန်ကို ချိုးဖျက်ပြီး စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
ဘရာဇီးလ်အသင်းက ဘိုလီးဗီးယားအသင်းကို ၅ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ နေမာဟာ အသင်းအတွက် ၂ ဂိုး သွင်းယူနိုင်ခဲ့တာပါ။
နေမာဟာ ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာ ရရှိခဲ့တဲ့ ပင်နယ်တီကို လွဲချော်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ အနိုင်ဂိုး ၂ ဂိုး သွင်းယူနိုင် ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် နေမာဟာ ပီလီရဲ့ ဘရာဇီးလ် ဂိုးသွင်းစံချိန်ကို ၂ ဂိုးအသာနဲ့ ကျော်ဖြတ်ကာ ၇၉ ဂိုးနဲ့ နိုင်ငံရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့တာပါ။

နေမာကို တွေ့ရစဉ်
ပီလီရဲ့ တရားဝင် ဆိုရှယ်မီဒီယာမှာ “ဘရာဇီးလ်ရဲ့ ဂိုးသွင်းဘုရင်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့အတွက် နေမာကို ဂုဏ်ပြု ချင်ပါတယ်။ ဒီနေ့မှာ ပီလီက မင်းကို လက်ခုပ်တီးပြီး ချီးကျူးနေမှာပါ”လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။
ဘိုလီးဗီးယားအသင်းနဲ့ပွဲမှာ ဘရာဇီးလ်အသင်းအတွက် နောက်ထပ် သွင်းဂိုးတွေကို ရိုဒရီဂိုက ၂ ဂိုးနဲ့ ရာဖင်ဟာက ၁ ဂိုးသွင်းယူခဲ့တာပါ။ ရီးရယ်လ်အသင်း ကြယ်ပွင့်ကစားသမား ရိုဒရီဂိုက နေမာကို ဘရာဇီးလ်အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားဖြစ်လာအောင် ကူညီပေးနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်ကြောင်း ပြောခဲ့ပါတယ်။
ရိုဒရီဂိုက “တကယ်ကို ထူးခြားတဲ့နေ့ပါပဲ။ နေမာက ကျနော် လေးစားအားကျခဲ့ရတဲ့ သူတစ်ဦးပါ။ သူ့ကို ဂိုးသွင်း အများဆုံး ကစားသမားဖြစ်လာအောင် ကူညီပေးနိုင်ခဲ့တဲ့အတွက် ဒါဟာ ကျနော်တို့နဲ့အတူ ထာဝရရှိနေမှာပါ”လို့ ဘရာဇီးလ် TV Globo ကို ပြောခဲ့တာပါ။
ဘရာဇီးလ်အသင်းဟာ ဘိုလီးဗီးယားအသင်းကို အနိုင်ရခဲ့တာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (တောင် အမေရိကဇုန်)ကို ဦးဆောင်နေပြီး ဒုတိယမြောက် ပွဲစဉ်အဖြစ် ပီရူးအသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Reuters
- By CNI
- Category: အားကစား
- Hits: 927
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၉
ဘာစီလိုနာဆယ်ကျော်သက်ကစားသမား ယာမဲလ်ဟာ ဂျော်ဂျီယာအသင်းကို ၇ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ စပိန်အသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင်ကစားခဲ့ပြီးနောက် နိုင်ငံအသင်းရဲ့ အသက် အငယ်ဆုံးကစားသမားနဲ့ အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
ယာမဲလ်ဟာ ဒီပွဲရဲ့ပွဲချိန် ၄၄ မိနစ်မှာ အိုလ်မိုနေရာ လူစားလဲဝင်ရောက်လာပြီးနောက် အသက် ၁၆ နှစ်၊ ၅၇ ရက်နဲ့ စပိန်အသင်းရဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တာပါ။ ဒါ့အပြင် ယာမဲလ်ဟာ ပွဲချိန် ၇၄ မိနစ်မှာ ဂိုးသွင်းယူပြီးနောက် စပိန်အသင်းရဲ့ အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် နောက်ထပ်စံချိန်သစ်တစ်ခုကို ထပ်ပြီးတင်နိုင်ခဲ့တာဖြစ်ပါတယ်။ ယာမဲလ်ဟာ ဘာစီလိုနာအသင်းဖော် ဂါဗီ တင်ရှိထားတဲ့ စံချိန် ၂ ခုစလုံးကို ချိုးဖျက်ပြီး စံချိန်သစ်တင်နိုင်ခဲ့တာပါ။

ယာမဲလ်ဟာ အခုနှစ်ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းအတွက် ခြေစွမ်းပြသနိုင်တာကြောင့် စပိန်လက်ရွေးစင် အသင်းအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံရချိန်မှာလည်း အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ယာမဲလ်ကတော့ စပိန်လက်ရွေးစင်အသင်းအတွက် ပွဲဦးထွက်ရတဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်တယ်လို့ ပွဲအပြီး စပိန်ရုပ်သံနဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
ယာမဲလ်က “ပွဲဦးထွက်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့အတွက် ကျနော်အလွန်ပျော်ရွှင်နေတယ်ဆိုတာ သိသာပါတယ်။ ဒါက အိပ်မက်ဖြစ်ပြီး ကျနော်ဟာ အိပ်မက်ထဲမှာ ရှင်သန်နေတာပါ။ ကျနော့်ကိုယုံကြည်မှုတွေပေးခဲ့တဲ့အတွက်လည်း အသင်းဖော်တွေနဲ့ နည်းပြကို ကျေးဇူးတင်ပါတယ်။ ဒီလမ်းကြောင်းမှာ ကျနော့်ကို ကူညီပေးခဲ့တဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ်”လို့ ပြောခဲ့ပါတယ်။
ဂျော်ဂျီယာအသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ စပိန်အသင်းအတွက်ဂိုးတွေကို ယာမဲလ်အပါအဝင် မိုရာတာက ၃ ဂိုး၊ အိုလ်မို၊ နီကိုဝီလျံနဲ့ ဂျော်ဂျီယာကစားသမား ကီဗာက ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တာပါ။ စပိန်အသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲ ၃ ပွဲကစားအပြီးမှာ ရမှတ် ၆ မှတ်ရရှိထားပြီး စက်တင်ဘာ ၁၂ ရက်မှာ ဆိုက်ပရပ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 821
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၈
ဘင်ဖီကာအသင်း တောင်ပံကစားသမား ဒီမာရီယာဟာ ၂၀၂၄ ကိုပါအမေရိကဖလား ပြိုင်ပွဲအပြီးမှာ အာဂျင်တီးနား လက်ရွေးစင်အသင်းကနေ အနားယူဖွယ်ရှိတယ်လို့ ESPN အာဂျင်တီးနားက ဖော်ပြခဲ့ပါတယ်။
ဒီမာရီယာဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်း ချန်ပီယံဆု ရယူနိုင်အောင် စွမ်းဆောင် ပေးနိုင်ခဲ့တဲ့ အဓိက ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။
ဒီမာရီယာဟာ အာဂျင်တီးနားအသင်း ချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၂၁ ကိုပါအမေရိက ဗိုလ်လုပွဲ၊ ၂၀၂၂ Finalissima ဖလား ပွဲနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွေမှာ အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတွေကို သွင်းယူပေးနိုင်ခဲ့တဲ့သူ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် အာဂျင်တီးနားအသင်းကို ၁၉၇၈ က ပထမဆုံး ကမ္ဘာ့ဖလား ရယူပေးနိုင်ခဲ့တဲ့ နည်းပြ မန်နော့တီက ဒီမာရီယာဟာ မက်ဆီ၊ မာရာဒိုနာနာ၊ ကမ်ပတ်စ်တို့နဲ့ တစ်တန်းတည်း ထားရှိသင့်တဲ့သူလို့ ပြောခဲ့တာပါ။

ဒီမာရီယာကို တွေ့ရစဉ်
ဒီမာရီယာဟာ အာဂျင်တီးနားအသင်းအတွက် ပါရာဂွေးနဲ့ ကစားခဲ့တဲ့ ၂၀၀၈ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပွဲဦးထွက် အဖြစ် ပါဝင်ပြီးနောက်ပိုင်း လက်ရွေးစင်အသင်းမှာ အခုအချိန်ထိ ခြေစွမ်းပြသနေခဲ့တာလည်း ဖြစ်ပါတယ်။
ဘင်ဖီကာတောင်ပံ ကစားသမားဟာ အာဂျင်တီးနားအသင်းအတွက် ၁၃၃ ပွဲ ပါဝင်ကစားထားပြီး ၂၉ ဂိုး သွင်းယူ ထားတာပါ။
အသက် ၃၅ နှစ်အရွယ်ရှိ ဒီမာရီယာဟာ အာဂျင်တီးနားအသင်းက အီကွေဒေါအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)အဖွင့်ပွဲစဉ်မှာ လူစားဝင် ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရခဲ့ပါ တယ်။
ဒီမာရီယာဟာ လာမယ့် ဘိုလီးဗီးယားအသင်းနဲ့ ခြေစစ်ပွဲမှာလည်း အာဂျင်တီးနားအသင်းအတွက် လူစားဝင် ကစားသမား အဖြစ်သာ ပါဝင်ရဖွယ်ရှိနေတာပါ။
အခုနှစ်ဘောလုံးရာသီမှာ ဒီမာရီယာဟာ အသင်းဟောင်း ဘင်ဖီကာအသင်းထံ ပြန်လည်ရောက်ရှိလာခဲ့ပြီး ၅ ပွဲ ကစားထားအပြီးမှာ ၄ ဂိုးသွင်းယူကာ ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 756
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၈
ယူနိုက်တက် ကစားသမားသစ် အမ်ရာဘတ်ဟာ ဒဏ်ရာကြောင့် အာဖရိကနိုင်ငံများဖလား ခြေစစ်ပွဲယှဉ်ပြိုင်မယ့် မော်ရိုကိုအသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။
အမ်ရာဘတ်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့က ဖီအိုရင်တီးနား အသင်းကနေ ယူနိုက်တက် အသင်းထံ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ အငှားစာချုပ်ကုန်ဆုံးချိန်မှာ အမ်ရာဘတ်ကို ဖီအိုရင်တီးနား အသင်းကနေ အပြီးသတ် ခေါ်ယူခွင့်ရှိနေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က အမ်ရာဘတ်ကို အမြန်ဆုံး အသုံးပြုနိုင်ဖို့ မျှော်လင့်နေပေမယ့် ကစားသမားဟာ ကြံ့ခိုင်မှု ပြဿနာရှိနေတာပါ။
မော်ရိုကိုအသင်းဟာ လိုက်ဘေးရီးယားနဲ့ အာဖရိကနိုင်ငံများဖလား ခြေစစ်ပွဲ၊ ဘာကီနာဖာဆိုနဲ့ ခြေစမ်းပွဲအတွက် အမ်ရာဘတ်ကို အသင်းလူစာရင်းမှာ ရွေးချယ်ထားခဲ့ပါတယ်။
ဒါပေမယ့် အသက် ၂၇ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမားဟာ ဒဏ်ရာကြောင့် လူစာရင်းကနေ နုတ်ထွက်ခဲ့တဲ့ အတွက် သူ့နေရာမှာ နောက်ထပ် ကစားသမားတစ်ဦးနဲ့ အစားထိုးခဲ့ရတာပါ။

အဲရစ်တန်ဟတ်နဲ့ အမ်ရာဘတ်ကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ အမ်ရာဘတ်ကို ခေါ်ယူဖို့ ဆေးစစ်မှုတွေ ပြုလုပ်တဲ့အချိန် ကစားသမားမှာ ကြံ့ခိုင်မှု ပြဿနာရှိနေတာကို တွေ့ရှိခဲ့တယ်လို့ အစောပိုင်း သတင်းတွေက ဖော်ပြထားပါတယ်။
The Athletic က အမ်ရာဘတ်ဟာ နောက်ကျောဒဏ်ရာပြဿနာ ရှိနေတယ်လို့ ဖော်ပြထားခဲ့ပြီး ယူနိုက်တက် အသင်းကတော့ ဆိုးရွားတဲ့ အခြေအနေမှာ မရှိဘူးလို့ သတ်မှတ်ခဲ့တာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက် ခဲ့တာပါ။
မော်ရိုကို ဂျာနယ်လစ် အန်နက်စ်က အမ်ရာဘတ်ရဲ့ ဒဏ်ရာဟာ မစိုးရိမ်ရဘူးလို့ ပြောထားတဲ့အတွက် စက်တင်ဘာ ၁၆ ရက်မှာ ကစားမယ့် ဘရိုက်တန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင်နိုင်ဖွယ် ရှိနေပါတယ်။
ယူနိုက်တက်အသင်းဟာ နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှာ ဘရိုက်တန်အသင်းနဲ့ ပရီးမီးယားလိဂ်၊ ဘိုင်ယန်မြူးနစ် အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေ ယှဉ်ပြိုင်ရတော့မှာပါ။
အဲ့ဒါကြောင့် နည်းပြ အဲရစ်တန်ဟတ်ဟာ ဒဏ်ရာရနေတဲ့ ကစားသမားတွေ သက်သာပြီး အသင်းနဲ့ အမြန်ဆုံး ပူးပေါင်းနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 759
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၈
အာဂျင်တီးနားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)အဖွင့်ပွဲစဉ်အဖြစ် စက်တင်ဘာ ၈ ရက်က အီကွေဒေါအသင်းနဲ့ ကစားခဲ့တာမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
အာဂျင်တီးနား အသင်းအတွက် တစ်လုံးထဲသော အနိုင်ဂိုးကို ပွဲချိန် ၇၈ မိနစ်မှာ မက်ဆီက ပြစ်ဒဏ်ဘော ကန်ချက်ကနေ တိုက်ရိုက် ကန်သွင်းယူခဲ့တာပါ။
ဒီဂိုးဟာ မက်ဆီအတွက် အာဂျင်တီးနား လက်ရွေးစင် ကစားသမားဘဝ ၁၇၆ ပွဲမှာ ၁၀၄ ဂိုးမြောက် သွင်းဂိုးဖြစ်ပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ သွင်းယူတဲ့ ၂၉ ဂိုးမြောက်လည်း ဖြစ်ခဲ့ပါတယ်။
အဲ့ဒါကြောင့် မက်ဆီဟာ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ သွင်းဂိုး အရေအတွက်နဲ့ တူညီ သွားခဲ့ပါတယ်။
အာဂျင်တီးနားအသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၇၁ ရာခိုင်နှုန်းအထိ ရယူပြီး ပွဲကို ကြီးစိုးနိုင်ခဲ့ကာ ဂိုးပေါက် ကန်သွင်းမှု ၁၃ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၄ ကြိမ်အထိ ရှိခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းကို တွေ့ရစဉ်
အီကွေဒေါအသင်းကတော့ ဘောလုံးပိုင်ဆိုင်မှု ၂၉ ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းမှု ၅ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၃ ကြိမ်ရှိခဲ့ပါတယ်။
မက်ဆီဟာ ဒီပွဲမှာ အနိုင်ဂိုး သွင်းယူပြီးနောက် ပွဲချိန် ၈၉ မိနစ်မှာ လူစားလဲ အနားပေးခံခဲ့ရတာ ဖြစ်ပါတယ်။
မက်ဆီက “ဒီခြေစစ်ပွဲတွေမှာ ကျနော်တို့ဆီကနေ ပွဲစဉ်တိုင်း ၁၀၀ ရာခိုင်နှုန်းရရှိဖို့ လိုအပ်ပါတယ်။ ဒီပွဲက ကစား ရခက်ခဲတဲ့ ပွဲဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ အားပြိုင်တဲ့ပွဲ တစ်ပွဲပါ။ ဒါပေမယ့် ကျနော်တို့ နိုင်ပွဲရရှိခဲ့တဲ့အတွက် ပျော်ရွှင်ပါ တယ်”လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
အာဂျင်တီးနားအသင်း ပွဲစဉ်မတိုင်ခင် ကစားခဲ့တဲ့ တောင်အမေရိကဇုန် ခြေစစ်ပွဲတွေမှာ ကိုလံဘီယာအသင်းက ဗင်နီဇွဲလားအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ပါရာဂွေးနဲ့ ပီရူးအသင်းတို့ ပွဲစဉ်ကတော့ ဂိုးမရှိ သရေကျခဲ့တာ ပါ။
အာဂျင်တီးနားအသင်းဟာ ဒုတိယမြောက် ပွဲစဉ်အဖြစ် စက်တင်ဘာ ၁၂ ရက်မှာ ဘိုလီးဗီးယားအသင်းနဲ့ ယှဉ်ပြိုင်ရ မှာ ဖြစ်ပါတယ်။
Source: AP
- By cni
- Category: အားကစား
- Hits: 609
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၈
မန်စီးတီးအသင်းနဲ့ စပိန်လက်ရွေးစင်ကွင်းလယ်လူ ရိုဒရီက ဘောလွန်းဒီအောဆုကို ရယူနိုင်ခဲ့မယ်ဆိုရင် အိပ်မက်တွေအမှန်တကယ်ဖြစ်လာလိမ့်မယ်လို့ ဂျော်ဂျီယာနဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ရိုဒရီက “ဘောလွန်းဒီအော ဆန်ကာတင်စာရင်းထဲမှာ ပါဝင်ခွင့်ရတဲ့အတွက် အလွန်ဂုဏ်ယူမိပါတယ်။ ဒီဆုကို ရယူနိုင်ခဲ့မယ်ဆိုရင် အိပ်မက်တွေအမှန်တကယ်ဖြစ်လာပါလိမ့်မယ်။ ဒါက ကျနော့်အတွက် အလွန်ထူးခြားပြီး အရေးပါတဲ့ ရာသီဖြစ်ခဲ့ပါတယ်။ ရခဲ့တဲ့ဆုဖလားတွေကြောင့်လည်း ကျနော်ဟာ ဒီစာရင်းထဲမှာ ပါဝင်ခွင့်ရခဲ့တာပါ။ ဒီဆုနဲ့ထိုက်တန်တဲ့ ကျနော့်အသင်းဖော်တွေရှိပါတယ်”လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။

အသက် ၂၇ နှစ်အရွယ်ရှိ ကစားသမားဟာ ပြီးခဲ့တဲ့နှစ်က မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အသင်းအတွက်တစ်လုံးထဲသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ရိုဒရီဟာ စပိန်လက်ရွေးစင်အသင်းနဲ့အတူ ယူအီးအက်ဖ်အေနေးရှင်းလိဂ် ချန်ပီယံဆုကိုလည်း ရယူနိုင်ခဲ့တာပါ။ အဲဒါကြောင့် ရိုဒရီဟာ ဘောလွန်းဒီအောဆုအတွက် ဆန်ကာတင်စာရင်း ၃၀ ဦးထဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။
ဘောလွန်းဒီအော ဆန်ကာတင်စာရင်း ၃၀ ဦးထဲမှာ ရိုဒရီအပါအဝင် မန်စီးတီးအသင်းက ကစားသမား ၇ ဦးအထိ ပါဝင်ခဲ့တာပါ။ ၂၀၂၃ ခုနှစ်အတွက် ချီးမြှင့်မယ့် ဘောလွန်းဒီအောဆုကို ရယူနိုင်ဖို့အတွက် အာဂျင်တီးနား အသင်း ခေါင်းဆောင် မက်ဆီနဲ့ မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းတို့က ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။ ဒီဆုပေးပွဲ ကို အောက်တိုဘာ ၃၀ ရက် ပြင်သစ်နိုင်ငံမှာ ကျင်းပသွားမှာပါ။
ရိုဒရီရဲ့ စပိန်အသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် ဂျော်ဂျီယာအသင်းနဲ့ ပွဲပြီးရင် စက်တင်ဘာ ၁၁ ရက်မှာ ဆိုက် ပရပ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ စပိန်အသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် ၂ ပွဲကစားအပြီးမှာ ၁ ပွဲနိုင်၊ ၁ ပွဲရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။
Source:Besoccer
- By CNI
- Category: အားကစား
- Hits: 763
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၇
ပီအက်စ်ဂျီအသင်းဟာ အီတလီလက်ရွေးစင် ကွင်းလယ်လူ ဗာရတ်တီကို အခုနှစ် ဘောလုံးရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့် ယှဉ်ပြိုင်ဖို့အတွက် ယူအီးအက်ဖ်အေထံ တင်သွင်းခဲ့တဲ့ ကစားသမားစာရင်းမှာ ချန်လှပ်ခဲ့ပါတယ်။
အဲ့ဒါကြောင့် ဗာရတ်တီဟာ ကာတာကလပ် အယ်လ်အေရာဘီ အသင်းထံ ပြောင်းရွှေ့ဖို့အတွက် အလားအလာ ပိုပြီး များနေတာပါ။
၂၀၁၂ ကတည်းက ပီအက်စ်ဂျီအသင်းမှာ ကစားနေတဲ့ ဗာရတ်တီကို ပြင်သစ်ကလပ်က ရောင်းချဖို့ သတ်မှတ်ထား တယ်လို့ RMC Sport က ဖော်ပြထားပါတယ်။
နည်းပြ အင်းနရစ်က ဗာရတ်တီဟာ သူ့ရဲ့ အစီအစဉ်မှာ မပါဝင်တော့တာကြောင့် အသင်းသစ် ရှာဖွေဖို့ ပြောထား တာပါ။
ဗာရတ်တီကို တွေ့ရစဉ်
အဲ့ဒါကြောင့် ဗာရတ်တီဟာ အခုနှစ်ဘောလုံးရာသီ ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်လီဂူးဝမ်း ပွဲစဉ်တွေမှာ တစ်ပွဲမှ ပါဝင်ကစားရခြင်း မရှိသေးပါဘူး။
အီတလီကွင်းလယ်လူဟာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့လာပြီးကတည်းက ပွဲပေါင်း ၄၁၆ ပွဲ ပါဝင်ကစားထား ပြီး ၁၁ ဂိုး သွင်းယူထားကာ လီဂူးဝမ်းဖလား ၉ ကြိမ် အပါအဝင် ပြည်တွင်းဖလား အများအပြားကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ နည်းပြအင်းနရစ် လက်ထက်မှာ အသင်းကို ပြုပြင်မှုတွေ ပြုလုပ်နေပြီး ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ နေမာကို ရောင်းချခဲ့သလို ကစားသမားတချို့ကိုလည်း ရောင်းချမှုတွေ ပြုလုပ်ခဲ့ တာပါ။
ဒါပေမယ့် ပီအက်စ်ဂျီအသင်းဟာ အဆန်စီယို၊ ဒမ်ဘီလီ၊ မူအာနီနဲ့ ဂွန်ကာလိုရာမို့စ်တို့ကို ခေါ်ယူထားသလို အဓိက ကစားသမားဖြစ်တဲ့ ဘတ်ပီကိုလည်း အသင်းမှာ ဆက်ထိန်းသိမ်းဖို့ ကြိုးစားနေပြီး စာချုပ်သစ်ချုပ်ဖို့ လုပ်ဆောင် နေတာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်လီဂူးဝမ်းပွဲစဉ် ၄ ပွဲ ကစားအပြီးမှာ ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ရမှတ် ၈ မှတ်နဲ့ အမှတ်ပေး ဇယား ဒုတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Daily Mail
- By cni
- Category: အားကစား
- Hits: 919
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၇
ချယ်လ်ဆီးအသင်းဂန္တဝင်ကစားသမားဟောင်း ဂျွန်တယ်ရီဟာ သူ့ရဲ့ပထမဆုံးနည်းပြအလုပ်အကိုင်အဖြစ် ဆော်ဒီကလပ် အယ်လ်ရှာဘတ်အသင်းကို ကိုင်တွယ်ဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။
အယ်လ်ရှာဘတ်အသင်းဟာ ဂျွန်တယ်ရီကို နည်းပြအဖြစ်ခန့်အပ်ဖို့ လွန်ခဲ့တဲ့ ၂ လကတည်းက ချဉ်းကပ်မှု တွေပြုလုပ်ခဲ့တာဖြစ်ပြီး နှုတ်နဲ့ သဘောတူညီမှုရရှိခဲ့တယ်လို့ The Sun က ဖော်ပြထားတာပါ။
အယ်လ်ရှာဘတ်အသင်းဟာ ဂျွန်တယ်ရီကို ကနဦး ၂ နှစ်စာချုပ်နဲ့ ကမ်းလှမ်းထားပေမယ့် စာချုပ်အပြီးသတ် ပြီးရင်တော့ ၄ နှစ်စာချုပ်အထိဖြစ်သွားနိုင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဆော်ဒီဟာ နွေရာသီအပြောင်းအရွှေ့မှာ နာမည်ကြီးကစားသမားတွေကို ခေါ်ယူတာနဲ့အတူ နည်းပြတွေကိုလည်း ခေါ်ယူနေတာဖြစ်ပြီး ဂျွန်တယ်ရီမတိုင်ခင် သူ့ရဲ့ အင်္ဂလန်လက်ရွေးစင်အသင်းဖော်ဟောင်း စတီဗင်ဂျရတ်ကို ခေါ်ယူထားတာပါ။ စတီဗင်ဂျရတ်ဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အက်တီဖတ်အသင်းကို နည်းပြအဖြစ် ကိုင်တွယ်နေပါတယ်။
ဂျွန်တယ်ရီဟာ အခုနှစ်ထဲမှာ ချယ်လ်ဆီးလူငယ်အကယ်ဒမီရဲ့ အကြံပေးအဖြစ်ဆောင်ရွက်ခဲ့ပြီးနောက် အယ်လ်ရှာဘတ်အသင်းကို ကိုင်တွယ်ကာ သူ့ရဲ့ ပထမဆုံးနည်းပြရာထူးကို တာဝန်ယူတော့မှာပါ။ အင်္ဂလန် နောက်ခံလူဟောင်းဟာ အက်စတွန်ဗီလာအသင်းနဲ့ လက်စတာအသင်းတို့မှာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး နည်းပြအတွေ့အကြုံတွေကို ရှာဖွေထားတာဖြစ်ပါတယ်။ အယ်လ်ရှာဘတ်အသင်းဟာ အခုနှစ် ဘောလုံးရာသီ ဆော်ဒီပရိုလိဂ်ပွဲစဉ် ၅ ပွဲကစားအပြီးမှာ ရမှတ် ၂ မှတ်သာ ရရှိထားတာပါ။
အသက် ၄၂ နှစ်အရွယ်ရှိ ဂျွန်တယ်ရီဟာ စက်တင်ဘာ ၁၅ ရက်မှာ ကစားမယ့် အယ်လ်ဖိုင်ဟာအသင်းနဲ့ ပွဲစဉ်မှာ အယ်လ်ရှာဘတ်အသင်းကို နည်းပြအဖြစ် စတင်ကိုင်တွယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 767
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၇
နည်းပြမော်ရင်ဟိုဟာ ပြီးခဲ့တဲ့နှစ်က ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ရိုးမားအသင်းက ဆီဗီလာအသင်းကို အရေးနိမ့် ခဲ့တာနဲ့ ပတ်သက်ပြီး သူထင်တာတွေကို ပြောမယ်ဆိုရင် ၁၀ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံရလိမ့်မယ်လို့ ပြောလိုက် ပါတယ်။
မော်ရင်ဟိုက “ယူနိုက်တက်နဲ့ ယူရိုပါလိဂ်ရခဲ့တုန်းက ကျနော့်အတွက် ပုံမှန်ခံစားချက်တစ်ခုပါပဲ။ ဒါပေမယ့် ရိုးမားနဲ့ ဆီဗီလာပွဲအကြောင်းပြောလိုက်မယ်ဆိုရင် ကျနော် ၁၀ ပွဲလောက် ပွဲပယ်ခံရမယ်လို့ထင်ပါတယ်။ ကျနော်ဟာ ရှုံးပွဲကြုံတွေ့ပြီးရင် ကွင်းထဲမှာ မငိုဖူးပါဘူး။ ဒါပေမယ့် အနိုင်ရပြီးနောက် ငိုတဲ့အခါမျိုးရှိခဲ့ပြီး ဒီနှစ်ပွဲက ရိုးမားအတွက် သမိုင်းဝင်ပါပဲ” လို့ ပြောခဲ့တာပါ။

ရိုးမားအသင်းဟာ ပြီးခဲ့တဲ့နှစ် ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ဆီဗီလာအသင်းကို ပင်နယ်တီအဆုံးဖြတ်မှာ အရေးနိမ့် ခဲ့တာဖြစ်ပါတယ်။ ဒါဟာ မော်ရင်ဟိုရဲ့ နည်းပြဘဝမှာ ပထမဆုံး ဥရောပဗိုလ်လုပွဲရှုံးပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ တာပါ။ ပေါ်တူဂီလူမျိုးနည်းပြဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ကိုင်တွယ်ခဲ့တဲ့ အင်္ဂလိပ်ဒိုင်လူကြီး အန်သိုနီတေလာရဲ့ ဆုံးဖြတ်ချက်တွေကို ဒေါသထွက်ခဲ့တာကြောင့် ပွဲအပြီး ကားပါကင်မှာစောင့်ဆိုင်းကာ ထိပ်တိုက်တွေ့ပြီး ဝေဖန်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ရိုးမားပရိသတ်တွေကလည်း အန်သိုနီတေလာနဲ့ သူ့ရဲ့မိသားစုကို လေဆိပ်မှာစောင့်ဆိုင်းကာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။ ရိုးမားအသင်းဟာ ပရိသတ်တွေရဲ့လုပ်ရပ်ကြောင့် ယူအီးအက်ဖ်အေရဲ့အရေးယူမှုခံခဲ့ရသလို နည်းပြမော်ရင်ဟိုကလည်း ဒိုင်လူကြီးအပေါ် ဆက်ဆံပုံတွေကြောင့် ၄ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ အဲဒါကြောင့် မော်ရင်ဟိုက ယူရိုပါလိဂ်ဗိုလ်လုပွဲအကြောင်း ပြောမယ်ဆိုရင် ၁၀ ပွဲလောက်ပွဲပယ်ခံရနိုင်တယ်လို့ ပြောခဲ့တာပါ။
မော်ရင်ဟိုဟာ ရိုးမားအသင်းကို ပထမဆုံးကိုင်တွယ်တဲ့ရာသီမှာ ယူရိုပါကွန်းဖရန့်လိဂ်ချန်ပီယံဆုရရှိအောင် ကိုင်တွယ်နိုင်ခဲ့ပြီး ဒုတိယရာသီမှာတော့ ယူရိုပါလိဂ်ဗိုလ်လုပွဲရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုနှစ်ဘောလုံးရာသီမှာတော့ ရိုးမားအသင်းဟာ ရလဒ်တွေဆိုးနေပြီး စီးရီးအေ ၃ ပွဲကစားအပြီးမှာ ရမှတ် ၁ မှတ်သာရရှိထားကာ အမှတ်ပေးဇယားအဆင့် ၁၈ နေရာမှာရပ်တည်နေပါတယ်။
Source:Metro
