CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁

တောင်ကိုရီးယားအသင်း ခေါင်းဆောင် ဆွန်ဟောင်မင်က ပြီးခဲ့တဲ့ အာရှဖလားပြိုင်ပွဲမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်  အပျက်ကြောင့် တောင်ပံကစားသမား လီကန်အင်က သူ့ကိုတောင်းပန်ခဲ့ပြီးနောက် ပရိသတ်တွေအနေနဲ့ လီကန်အင်ကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဆွန်ဟောင်မင်က “လီကန်အင်က သူ့ရဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး ကျနော် အပါအဝင် နိုင်ငံအသင်း ကစားသမား အားလုံးကို စိတ်ရင်းမှန်နဲ့ တောင်းပန်ခဲ့ပါတယ်။ လီကန်အင် အနေနဲ့ ဒီလိုအမှားတွေ ထပ်ပြီး မလုပ်မိအောင် ကျနော်တို့အားလုံး သူ့ကို အထူးဂရုစိုက်သွားမှာပါ။ ဒါမှသူဟာ ပိုကောင်းတဲ့သူ၊ ပိုကောင်းတဲ့ ကစားသမားအဖြစ် ကြီးပြင်းလာမှာပါ။ ဒီအဖြစ်အပျက်တွေပြီးကတည်းက သူဟာ ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းနေရပါတယ်။ အဲဒါကြောင့် ကျေးဇူးပြုပြီး သူ့ကိုခွင့်လွတ်ပေးပါ”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့တာပါ။

တောင်ကိုရီးယားအသင်းနဲ့ ဂျော်ဒန်အသင်းတို့ ကစားခဲ့တဲ့ အာရှဖလား ဆီမီးဖိုင်နယ်ပွဲစဉ် မတိုင်ခင်မှာ ပီအက်စ်ဂျီ ကစားသမား လီကန်အင်ဟာ စားပွဲတင် တင်းနစ်ကစားဖို့အတွက် လူငယ်အချို့နဲ့ အသင်းသားတွေရဲ့ ညစာ စားပွဲ ကနေ စောစီးစွာ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ဆွန်ဟောင်မင်ဟာ ညစာစားပွဲကို ပြန်လာဖို့ ပြောခဲ့တာမှာ လီကန်အင်နဲ့ အငြင်းအခုံဖြစ်ခဲ့ပြီး လက်ချောင်း အဆစ်လွဲတဲ့ ဒဏ်ရာရရှိခဲ့တာပါ။ 

ဆွန်ဟောင်မင် လက်ဆစ်လွဲသွားစဉ်

ဒီအဖြစ်အပျက်တွေကြောင့် တောင်ကိုရီးယား အသင်းကလည်း ဂျော်ဒန်အသင်းနဲ့ပွဲမှာ အရေးနိမ့်ပြီး အာရှဖလား ပြိုင်ပွဲမှာ ဆုဖလားရယူနိုင်မယ့် မျှော်လင့်ချက်ကို အဆုံးသတ်ခဲ့ရပါတယ်။

ဆွန်ဟောင်မင်ဟာ တောင်ကိုရီးယားနိုင်ငံမှာ နာမည်အကြီးဆုံး အားကစားသမား ဖြစ်တာကြောင့် လီကန်အင်ဟာ နိုင်ငံအတွင်းမှာ ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ခံခဲ့ရတာပါ။ 

လီကန်အင်ဟာ ဒီဖြစ်ရပ်တွေကြောင့် လန်ဒန်ကို သွားရောက်ကာ ဆွန်ဟောင်မင်ကို တောင်းပန်ခဲ့တာဖြစ်ပါတယ်။

လီကန်အင်က “ကျနော် ညစာစားပွဲမှာ လုပ်ခဲ့တဲ့အရာဟာ မလုပ်သင့်တဲ့အရာပါ။ ဒီအတွက် ကျနော် အလွန် နောင်တရမိပါတယ်။ ကျနော့်ရဲ့ စီနီယာတွေနဲ့ အသင်းဖော်တွေကို ဆက်ဆံတဲ့အခါမှာ မှန်ကန်တဲ့ စိတ်နေ သဘောထားနဲ့ ယဉ်ကျေးမှုရှိဖို့ ကတိပေးပါတယ်။ ဆွန်ဟာ ကျနော်တောင်းပန်မှုကို လက်ခံခဲ့တဲ့အတွက် သူ့ကို ကျနော်ထပ်ပြီး ကျေးဇူးတင်ပါတယ်”လို့ ပြောခဲ့ပါတယ်။ 

ဆွန်ဟောင်မင်ဟာ တောင်ကိုရီးယားအသင်းအတွက် ၁၂၃ ပွဲ ကစားထားပြီး ၄၄ ဂိုး သွင်းယူထားကာ လီကန်အင် ကတော့ ၂၅ ပွဲ ကစားထားပြီး ၇ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

Source: CNA