- By CNI
- Category: အားကစား
- Hits: 1194
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၉
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဆီဗီလာအသင်းကို ထိန်းချုပ်ပြီး အနိုင်ရလဒ်ရအောင် ယူနိုင်ခဲ့တဲ့ အသင်းသားတွေရဲ့ စွမ်းဆောင်ရည်ကို ပျော်ရွှင်တယ်လို့ ပြောလိုက်ပါတယ်။
အာတီတာက “အသင်းရဲ့ စွမ်းဆောင်ရည်ကို ကျနော်အလွန် ပျော်ရွှင်မိပါတယ်။ သူတို့တွေဟာ ဘောလုံးဆုံးရှုံး သွားချိန်မှာတောင် ပြန်ရဖို့အတွက် မယုံနိုင်လောက်အောင် ကောင်းမွန်ခဲ့ကြတာပါ။ ဒီလိုအရာတွေကြောင့်လည်း ကျနော်တို့ နိုင်ပွဲရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ခင်ဗျားအနေနဲ့ ဆီဗီလာကို အခွင့်အရေး ပေးလိုက်မယ်ဆိုရင် သူတို့ ဟာ အန္တရာယ်ရှိတဲ့ အသင်းဖြစ်ကြောင်း ပြသသွားပါလိမ့်မယ်။ ဒီပွဲအနိုင်ရတာက ကျနော်တို့အတွက် အရေးကြီးပါ တယ်”လို့ TNT Sports ကိုပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဆီဗီလာအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ထရိုဆာ့ဒ်နဲ့ ဆာကာတို့က အနိုင် ဂိုးတွေ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဆာကာကို တွေ့ရစဉ်
အာဆင်နယ်အသင်းဟာ ဒီနိုင်ပွဲကြောင့် အုပ်စုတွင်း ၄ ပွဲ ကစားအပြီးမှာ ၃ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ရမှတ် ၉ မှတ်နဲ့ ထိပ်ဆုံး နေရာမှာ ရပ်တည်နေပြီး နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းတွေ ပိုင်ဆိုင်နေပါတယ်။
အာဆင်နယ်အသင်းရဲ့ အုပ်စုတွင်းမှာ ပီအက်စ်ဗွီနဲ့ လန်းစ်တို့က ၅ မှတ်စီရရှိထားပြီး ဆီဗီလာက ၂ မှတ်သာ ရရှိထားတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းအတွက် ဂိုးသွင်းယူပေးခဲ့တဲ့ ထရိုဆာ့ဒ်က ပြီးပြည့်စုံတဲ့ ညဖြစ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဆီဗီလာအသင်းနဲ့ ပွဲမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ၂ ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။
ထရိုဆာ့ဒ်က “ကျနော်တို့ဟာ အလွန်ကောင်းမွန်စွာ ကစားနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း အများကြီး ဖန်တီးနိုင်ခဲ့ ပါတယ်။ ဒါဟာ ကျနော်တို့အတွက် ပြီးပြည့်စုံတဲ့ညပါ။ လူအုပ်ကြီးက ကျနော်တို့အတွက် မယုံနိုင်လောက်အောင် ဖြစ်ခဲ့ပြီး သူတို့ကို တစ်ခုခု ပြန်ပေးချင်တာကြောင့် ဒါက ကျနော်တို့အတွက် ကြီးကျယ်တဲ့ နိုင်ပွဲကြီးပါ။ ကစားဖို့ ကျန်ရှိနေတဲ့ ၂ ပွဲစလုံးကိုလည်း ကျနော်တို့ အနိုင်ရယူသွားမှာပါ”လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ နိုဝင်ဘာ ၁၁ ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Football364
- By CNI
- Category: အားကစား
- Hits: 636
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၈
ဆော်ဒီပရိုလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ အယ်လ်အစ်တီဟတ်အသင်းဟာ ရလဒ်ဆိုးတွေကြောင့် နည်းပြဖြစ်သူ နူနိုဆန်တိုကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။
အယ်လ်အစ်တီဟတ်အသင်းဟာ ဒီရာသီလိဂ်ပွဲ ၁၂ ပွဲကစားအပြီးမှာ ၆ ပွဲသာအနိုင်ရရှိထားကာ နောက်ဆုံး ကစား ခဲ့တဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်မှာလည်း အီရတ်ကလပ်ကို အရေးနိမ့်ခဲ့တာပါ။ အယ်လ်အစ်တီဟတ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲစဉ် ၅ ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးခဲ့တာကြောင့် ထိပ်ဆုံးနေရာရပ်တည်နေတဲ့ အယ်လ်ဟီလယ်အသင်းနဲ့ ၁၁ မှတ်အထိကွာဟသွားတာဖြစ်ပါတယ်။
အသက် ၄၉ နှစ်အရွယ်ရှိ နူနိုဆန်တိုဟာ အယ်လ်အစ်တီဟတ်အသင်းကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှ စတင်ကိုင်တွယ် ခဲ့တာပါ။ နူနိုဆန်တိုဟာ ပြီးခဲ့တဲ့ရာသီက အယ်လ်အစ်တီဟတ်အသင်းကို ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် ဒီရာသီမှာ ရလဒ်ဆိုးတွေအပြင် တိုက်စစ်မှူး ဘန်ဇီမာနဲ့ ဆက်ဆံရေး တင်းမာမှုတွေကြောင့် ဆော်ဒီကလပ်ရဲ့ ထုတ်ပယ်ခြင်းခံခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ အယ်လ်အစ်တီဟတ်အသင်းကို လက်ထောက်နည်းပြ အယ်လ်ခါလီဖာက ယာယီနည်းပြအဖြစ် ကိုင်တွယ်သွားမှာပါ။ အယ်လ်အစ်တီဟတ်အသင်းဟာ ပြင်သစ်လူမျိုးနည်းပြတစ်ဦး ရှာဖွေနေတယ်လို့ သိရပြီး သူတို့ရဲ့ စာရင်းထဲမှာ လောရင့်ဘလန့်နဲ့ ဇီဒန်းတို့ ပါဝင်နေတာဖြစ်ပါတယ်။ ဆော်ဒီကလပ်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့တုန်းက ဘန်ဇီမာအပြင် ချယ်လ်ဆီးအသင်းက ကန်တီ၊ လီဗာပူးလ်အသင်းက ဖာဘင်ဟိုနဲ့ ဆဲလ်တစ်အသင်းက ဂျိုတာတို့ကို ခေါ်ယူခဲ့ပြီး အမှတ်ပေးချန်ပီယံဆု ဆက်ထိန်းသိမ်းဖို့နဲ့ အာရှချန်ပီယံလိဂ် ပြိုင်ပွဲမှာ အောင်မြင်မှုရယူနိုင်ဖို့ ပစ်မှတ်ထားခဲ့တာပါ။
အယ်လ်အစ်တီဟတ်အသင်းဟာ နိုဝင်ဘာ ၉ ရက်မှာ ဆော်ဒီပရိုလိဂ်ပွဲစဉ်အဖြစ် အက်ဘာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 968
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၈
ဝါရင့်ဂိုးသမားတစ်ဦးဖြစ်တဲ့ နူအာဟာ မကြာသေးခင်က ဒဏ်ရာကနေ အပြည့်အဝပြန်လည်ကောင်းမွန်ပြီး ဘိုင်ယန်မြူးနစ်အသင်းအတွက် ပါဝင်ကစားပေးခဲ့ပေမယ့် ဂျာမနီအတွက် ပြန်လည်ပါဝင်ဖို့ စောလွန်းတယ်လို့ ပြောခဲ့ပါတယ်။
နူအာက “ကျနော်အချိန်လိုအပ်နေသေးပြီး ပွဲတွေက စောလွန်းပါတယ်။ အခုဖြစ်နေတဲ့အရာတွေက ကျနော့် အတွက် အပိုဆုပါ။ ကျနော်ဟာ အလွန်ပြင်းထန်တဲ့ ဒဏ်ရာကနေ ပြန်လာနိုင်ခဲ့တာပါ။ ကျနော်က ရည်မှန်းချက် ကြီးမားတဲ့သူဖြစ်ပြီး အသင်းကို အကောင်းဆုံးဆိုတဲ့အရာတွေပေးချင်တာပါ။ လာမယ့်နှစ်မှာတော့ အကောင်းဆုံး ပုံစံနဲ့အတူ အရာတွေအားလုံးကို ပေးသွားပါမယ်”လို့ ပြောခဲ့တာပါ။
ခြေထောက်ကျိုးတာကို ခွဲစိတ်မှုခံယူပြီးနောက် တစ်နှစ်နီးပါးကြာအနားယူခဲ့ရတဲ့ နူအာဟာ ပြီးခဲ့တဲ့ ဒမ်စတက် အသင်းနဲ့ ပွဲစဉ်ကမှ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြန်လည်ပါဝင်ကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ်ရှိ နူအာဟာ အခုဆိုရင် ဘိုင်ယန်မြူးနစ်အသင်းအတွက် ၃ ပွဲအထိပါဝင်ကစားပေးထားပြီးပြီဖြစ်လို့ ဂျာမနီလက်ရွေးစင်အသင်းအတွက် ပြန်ပါဝင်လာနိုင်ဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့တာပါ။

ဂျာမနီအသင်းနည်းပြ နာဂျယ်လ်စမန်းနဲ့ ပုံမှန်အဆက်အသွယ်ရှိနေတဲ့ နူအာဟာ လာမယ့်နိုင်ငံတကာပွဲစဉ်တွေမှာ နိုင်ငံအသင်းအတွက် ပါဝင်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဂျာမနီအသင်းဟာ နူအာမပါဝင်နိုင်တဲ့အချိန်တွေမှာ ဘာစီလိုနာအသင်းဂိုးသမား တာစတီဂျန်ကို နံပတ်တစ်ဂိုးသမားအဖြစ် အသုံးပြုနေတာဖြစ်ပေမယ့် ဘိုင်ယန်မြူးနစ်အသင်းဂိုးသမားကတော့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ လက်ရွေးစင်အသင်းအတွက် ပါဝင်နိုင်ဖို့ အာရုံစိုက်နေတာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာလကမှ ဂျာမနီအသင်းကို နည်းပြသစ်အဖြစ် စတင်တာဝန်ယူနေတဲ့ နာဂျယ်လ်စမန်းဟာ နိုဝင်ဘာလထဲမှာ ကစားမယ့် နိုင်ငံတကာခြေစမ်းပွဲတွေအတွက် အသင်းလူစာရင်းကို မကြာခင်ရက်ပိုင်းအတွင်းမှာ ထုတ်ပြန်သွားဖို့ ရှိနေပါတယ်။ နူအာဟာ ဂျာမနီအသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်ခဲ့ပေမယ့် သူမပါဝင်နိုင်တဲ့ အချိန်တွေမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေတဲ့ ဂန်ဒိုဂန်ဟာ နူအာပြန်ပါဝင်လာရင်လည်း လက်ရွေးစင် အသင်းခေါင်းဆောင်လက်ပတ်ကို ဆက်ဝတ်ဆင်ရမယ်လို့ နာဂျယ်လ်စမန်းက ပြောထားတာပါ။
ဂျာမနီအသင်းဟာ နိုဝင်ဘာ ၁၈ ရက်မှာ တူရကီ၊ ၂၁ ရက်မှာ သြစတြီးယားအသင်းတို့နဲ့ ခြေစမ်းပွဲယှဉ်ပြိုင် သွားမှာဖြစ်ပါတယ်။
Source:Besoccer
- By CNI
- Category: အားကစား
- Hits: 585
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၈
ပေါ်တူဂီအသင်းနောက်ခံလူ ပီပီဟာ အန့်ဝပ်အသင်းကို အနိုင်ရတဲ့ပွဲမှာ ပေါ်တိုအသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အသက်အကြီးဆုံးဂိုးသွင်းသူအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
ပေါ်တိုအသင်းက အန့်ဝပ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ပီပီဟာ ပွဲချိန် ၉၁ မိနစ်မှာ ဒုတိယသွင်းဂိုးကို သွင်းယူပေးခဲ့တာပါ။ ပီပီဟာ ဒီဂိုးသွင်းယူတဲ့အချိန်မှာ သူ့ရဲ့အသက်ဟာ ၄၀ နှစ်နဲ့ ၂၅၄ ရက်ရှိပြီဖြစ်ပါတယ်။ အရင်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသက်အကြီးဆုံးဂိုးသွင်းသူအဖြစ် စံချိန်တင်ထားတဲ့ ကစားသမားကတော့ ရိုးမားအသင်း ဂန္ထဝင် တော့တီပါ။ တော့တီဟာ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလက CSKA အသင်းနဲ့ ပွဲမှာ ရိုးမားအသင်းအတွက် ဂိုးသွင်းယူပေးခဲ့ချိန်က သူ့ရဲ့အသက်ဟာ ၃၈ နှစ်နဲ့ ၅၉ ရက်ဖြစ်ပါတယ်။
အဲဒါကြောင့် ပီပီက တော့တီရဲ့စံချိန်ကို ချိုးဖျက်ပြီး စံချိန်သစ်တင်နိုင်ခဲ့သလို သူဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးသမားမဟုတ်တဲ့ အသက်အကြီးဆုံးကစားသမားအဖြစ်လည်း စံချိန်တင်ထားနိုင်ခဲ့တာပါ။ ပီပီကတော့ ဒီသွင်းဂိုးက သူ့အမေအတွက်မွေးနေ့လက်ဆောင်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ပီပီက “ဒီနေ့က ကျနော့်အတွက် အထူးနေ့တစ်နေ့ပါပဲ။ ကျနော်အမေရဲ့မွေးနေ့ဖြစ်တဲ့အတွက် ဂိုးသွင်းပြီး လက်ဆောင်ပေးဖို့ အကောင်းဆုံးလုပ်ခဲ့မယ်ဆိုပြီး ကျနော်ပြောခဲ့ပါသေးတယ်။ ခံစားချက်ကတော့ မယုံနိုင်လောက်အောင်ပါပဲ။ ပေါ်တိုလိုအသင်းကြီးတစ်သင်းအတွက် ဒီလိုအသက်အရွယ်နဲ့ ဒီအဆင့်မှာ ကစားပေးနိုင်ဖို့က အလုပ်ကြိုးစားမှုနဲ့ အားကစားအပေါ် စိတ်အားထက်သန်မှုတွေ အများကြီးပါဝင်ပါတယ်”လို့ ပြောခဲ့တာပါ။
ပေါ်တိုအသင်းဟာ အန့်ဝပ်အသင်းကို အနိုင်ရခဲ့တာကြောင့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ၄ ပွဲကစားအပြီးမှာ ၃ ပွဲနိုင် ရမှတ် ၉ မှတ်နဲ့ ဘာစီလိုနာအသင်းရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ပေါ်တိုအသင်းအနေနဲ့ ဘာစီလိုနာ၊ ရှက်တာဒိုးနက်အသင်းတို့နဲ့ ပွဲစဉ် ၂ ပွဲမှာ ၁ ပွဲအနိုင်ရတာနဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 605
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၈
မန်စီးတီးအသင်းဟာ ယန်းဘွိုင်းစ်အသင်းကို အနိုင်ယူပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပေမယ့် အုပ်စုတွင်း အလုပ်မပြီးသေးဘူးလို့ နည်းပြ ဂွာဒီယိုလာက ပြောလိုက်ပါတယ်။
ဂွာဒီယိုလာက “ပွဲစဉ်ကစားဖို့ ၂ ပွဲ ကျန်ရှိနေသေးပေမယ့် နောက်တစ်ဆင့် တက်နိုင်ခဲ့လို့ ကျနော်တို့ အလွန် ပျော်ရွှင်ပါတယ်။ ကျနော်တို့ဟာ အုပ်စုပထမနဲ့ အဆုံးသတ်ချင်တာကြောင့် ဒါနဲ့ ပတ်သက်ပြီး စဉ်းစာရမယ့် အချိန်ကို ရောက်ပါပြီ။ လူတွေကတော့ ချန်ပီယံလိဂ်အုပ်စုအဆင့်က လွယ်တယ်လို့ ပြောကြပေမယ့် ခင်ဗျားတို့ နောက်တစ်ဆင့်တက်ဖို့ လုပ်ရမှာပါပဲ။ ကျနော်တို့ ၂ ပွဲကစားဖို့ ကျန်ရှိနေပါသေးတယ်။ လိုက်ပ်ဇစ်က ဒီအုပ်စုမှာ အခက်အခဲဆုံး ပြိုင်ဘက်ဖြစ်လို့ သူတို့ရဲ့ အထက်မှာ ရပ်တည်နိုင်ဖို့ ကြိုးစားရမယ်”လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ယန်းဘွိုင်းစ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး အုပ်စုတွင်း ၄ ပွဲ ကစားအပြီးမှာ ၄ ပွဲစလုံး အနိုင်ရလဒ်နဲ့ ၁၆ သင်းအဆင့်ကို စောစီးစွာ တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းကို တွေ့ရစဉ်
မန်စီးတီးအသင်းအတွက် ဂိုးတွေကို ကြံ့ခိုင်မှုကြောင့် ဒီပွဲကို လွဲချော်နိုင်တယ်လို့ သတင်းထွက်ခဲ့တဲ့ တိုက်စစ်မှူး ဟာလန်းက ၂ ဂိုးနဲ့ ဖိုဒန်က ၁ ဂိုး သွင်းယူခဲ့ပါတယ်။
ဟာလန်းဟာ မန်စီးတီးအသင်းအတွက် ပွဲပေါင်း ၇၀ ကစားအပြီးမှာ ၆၇ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါ တယ်။
ယန်းဘွိုင်းစ်အသင်းနဲ့ ပွဲမှာ မန်စီးတီးအသင်း နောက်ခံလူ ဂျွန်စတုန်းစ်ဟာ ကြွက်သားဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်ပြီး နည်းပြ ဂွာဒီယိုလာကတော့ ဒါဟာ အသင်းအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုလို့ ပြောခဲ့ပါတယ်။
ဂျွန်စတုန်းစ်ဟာ ဒဏ်ရာတွေကြောင့် ရုန်းကန်နေရပြီး ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ၅ ပွဲသာ ပါဝင် ကစားထားနိုင်ခဲ့ပါတယ်။
ဂွာဒီယိုလာက “ဂျွန်စတုန်းစ်အတွက် ကျနော်စိတ်မကောင်းဖြစ်မိသလို ကျနော်တို့အတွက်လည်း ကြီးမားတဲ့ ဆုံးရှုံးမှုပါ။ ရာသီဟာ ရှည်လျားတာကြောင့် ဂျွန်စတုန်းစ်အနေနဲ့ ပိုပြီးသန်သန်မာမာနဲ့ ပြန်လာနိုင်ပါလိမ့်မယ်။ အခုတော့ သူအနားယူရတော့မှာပါ”လို့ ပြောခဲ့ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက်တိုက် နိုင်ပွဲရရှိထားတဲ့ မန်စီးတီးအသင်းဟာ နိုဝင်ဘာ ၁၂ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: SkySport
- By CNI
- Category: အားကစား
- Hits: 732
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၇
မေဂျာလိဂ်ကလပ် ပေါ့တ်လန်းတင်ဘာစ်အသင်းဟာ ယူနိုက်တက်နဲ့ အဲဗာတန်ကစားသမားဟောင်း ဖီးလ်နဗီးလ်ကို နည်းပြသစ်အဖြစ် ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုကာ ခန့်အပ်လိုက်ပါတယ်။
အသက် ၄၆ နှစ်အရွယ်ရှိနည်းပြဟာ ပြီးခဲ့တဲ့ဇွန်လကမှ အင်တာမိုင်ယာမီအသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံရပြီးနောက် နောက်ထပ်မေဂျာလိဂ်ကလပ်အသင်းကို ကိုင်တွယ်တော့မှာပါ။ ပေါ့တ်လန်းတင်ဘာစ် အသင်းပရိသတ်အစုအဖွဲ့ကတော့ ဖီးလ်နဗီးလ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ချိတ်ဆက်မှုတွေပြုလုပ်တဲ့အပေါ် အလွန်စိတ်ပျက်မိတယ်လို့ ပြောခဲ့ပေမယ့် အသင်းကတော့ အင်္ဂလန်ကစားသမားဟောင်းကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
ဖီးလ်နဗီးလ်က “ဒီအသင်းနဲ့အတူ ရှေ့ဆက်သွားရမယ့်စိန်ခေါ်မှုတွေအတွက် ကျနော်အလွန်စိတ်လှုပ်ရှား နေပါတယ်။ အသင်းကလူတွေနဲ့ စတွေ့တဲ့အချိန်မှာကတည်းက ဒါဟာ ကျနော့်အတွက် မှန်ကန်တဲ့အခွင့်အရေး၊ မှန်ကန်တဲ့အသင်း၊ မှန်ကန်တဲ့မြို့ဆိုပြီးသိခဲ့ပါတယ်။ ဒီခရီးစဉ်က ကျနော့်အတွက် ထူးခြားမှုဖြစ်လာမယ်ဆိုတာ ထင်ပါတယ်” လို့ ပြောခဲ့တာပါ။

ဖီးလ်နဗီးလ်ဟာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းကို မကိုင်တွယ်ခင်အချိန်က အင်္ဂလန်အမျိုးသမီး အသင်းကို ၂၀၁၈ ကနေ ၂၀၂၁ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပါတယ်။ ဖီးလ်နဗီးလ်ဟာ အင်တာမိုင်ယာမီအသင်းကို နောက်ဆုံးကိုင်တွယ်ခဲ့တဲ့ ၁၃ ပွဲမှာ ၁၀ ပွဲအထိရှုံးနိမ့်ခဲ့တာကြောင့် အသင်းက ထုတ်ပယ်ခြင်းခံခဲ့ရတာပါ။ ပေါ့တ်လန်းတင်ဘာစ်အသင်းကတော့ ဖီးလ်နဗီးလ်ရဲ့ စရိုက်လက္ခဏာဟာ အသင်းကို အောင်မြင်အောင် ဦးဆောင်ဖို့ မှန်ကန်တဲ့လူလို့ ပြောထားခဲ့ပါတယ်။
ပေါ့တ်လန်းတင်ဘာစ်ဟာ ပြီးခဲ့တဲ့ရာသီက မေဂျာလိဂ်အနောက်ပိုင်းဇုန်မှာ ပလေးအောဖ့်ဝင်ခွင့်ဆုံးရှုံးခဲ့တာ ကြောင့် ရာသီသစ်မတိုင်ခင် အသင်းကို ပြင်ဆင်မှုတွေပြုလုပ်ဖို့ ဖီးလ်နဗီးလ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 741
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၇
အင်္ဂလန်အသင်းဟာ နွေရာသီမှာကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲအတွက်ပြင်ဆင်မှုအဖြစ် ဘရာဇီးလ်၊ ဘယ်လ်ဂျီယံ အသင်းတို့နဲ့ မတ်လမှာ ခြေစမ်းပွဲကစားသွားမှာဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ အောက်တိုဘာလက ကစားခဲ့တဲ့ခြေစစ်ပွဲမှာ အီတလီအသင်းကို အနိုင်ရပြီးနောက် ယူရို ၂၀၂၄ ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရရှိသွားခဲ့တာပါ။ အဲဒါကြောင့် အင်္ဂလန်အသင်းဟာ ဒီပြိုင်ပွဲမှာ အောင်မြင်မှုရယူနိုင်ဖို့အတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်ထိပ်ဆုံး ၅ သင်းထဲက ၂ သင်းနဲ့ ဝင်ဘာလေကွင်းမှာ ခြေစမ်းပွဲကစားဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က “ယူရိုပြိုင်ပွဲမတိုင်ခင်မှာ အင်အားကြီး ၂ သင်းနဲ့ ယှဉ်ပြိုင်ခွင့်ရမှာဖြစ်လို့ ကျနော်ပျော်ရွှင်ပါတယ်။ ကျနော်တို့ဟာ ထိပ်တန်းပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် အခွင့်အရေးတိုင်း ကို ရအောင်ယူဖို့ အရေးကြီးပါတယ်”လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဒုတိယရခဲ့တဲ့ အင်္ဂလန်အသင်းဟာ မတ်လ ၂၃ ရက်မှာ ဘရာဇီးလ်၊ ၂၆ ရက်မှာ ဘယ်လ်ဂျီယံအသင်းနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်မှာပါ။ အင်္ဂလန်နဲ့ ဘရာဇီးလ်အသင်းတို့ဟာ ဝင်ဘာလေကွင်းမှာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလက နောက်ဆုံးကစားခဲ့တာမှာ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့ပြီး အင်္ဂလန်နဲ့ ဘယ်လ်ဂျီယံ အသင်း တို့ကတော့ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာက နေးရှင်းလိဂ်ပွဲစဉ်အဖြစ် ကစားခဲ့တာမှာ အင်္ဂလန်အသင်းက ၂ ဂိုး- ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲ ၆ ပွဲကစားအပြီးမှာ ၅ ပွဲနိုင်၊ ၁ ပွဲ သရေရလဒ်ထွက်ပေါ်ထားကာ နိုဝင်ဘာလထဲမှာ လက်ကျန် ၂ ပွဲကစားရမှာပါ။ ဒီပွဲတွေကတော့ နိုဝင်ဘာ ၁၇ ရက်မှာ မော်လ်တာနဲ့ အိမ်ကွင်း၊ ၂၀ ရက်မှာ မြောက်မက်ဆီဒိုးနီးယားအသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ ဒီပွဲ တွေပြီးရင်တော့ မတ်လရောက်မှသာ ယူရိုခြေစစ်ပွဲအတွက်ပြင်ဆင်ဖို့ ခြေစမ်းပွဲကစားသွားမှာပါ။
ယူရို ၂၀၂၄ ပြိုင်ပွဲကို ဂျာမနီနိုင်ငံမှာ ဇွန်လ ၁၄ ရက်ကနေ ဇူလိုင် ၁၄ ရက်အထိ အသင်းပေါင်း ၂၄ သင်းနဲ့ ကျင်းပ သွားမှာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 722
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၇
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက တိုက်စစ်မှူး ဟာလန်းဟာ ကြံ့ခိုင်မှုပိုင်း သံသယရှိနေဆဲ ဖြစ်တဲ့အတွက် ယန်းဘွိုင်းစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်ဖို့ မသေချာဘူးလို့ ပြောလိုက်ပါတယ်။
ဂွာဒီယိုလာက “ဟာလန်းရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကျနော်ဆရာဝန်နဲ့ စကားပြောရပါမယ်၊ ကျနော်ကတော့ မသိသေးပါဘူး။ ဆရာဝန်တွေရဲ့ စကားကို နားထောင်သွားမှာဖြစ်ပြီး သူတို့ဘက်က ပွဲကစားဖို့ အဆင်သင့် ဖြစ်နေ ပြီ၊ နာကျင်မှု မရှိတော့ဘူးလို့ ပြောရင်တော့ ကျနော် ဟာလန်းကို အသုံးပြုသွားဖို့ စဉ်းစားရပါလိမ့်မယ်။ ဟာလန်း ကတော့ သူဟာ အများကြီး ပိုကောင်းတယ်လို့ ခံစားရကြောင်း ကျနော့်ကို ပြောထားပါတယ်”လို့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိ ဟာလန်းဟာ မန်စီးတီးအသင်းက ဘုန်းမောက်အသင်းကို ၆ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရတာ ဖြစ်ပါ တယ်။
မန်စီးတီးအသင်းကတော့ ဒီရာသီမှာ အသင်းအတွက် ၁၃ ဂိုး သွင်းယူထားတဲ့ ဟာလန်း မပါဝင်နိုင်ဘူးဆိုရင် ယန်းဘွိုင်းစ် အသင်းနဲ့ပွဲမှာ အယ်လ်ဗားရက်ဇ်ကို အထောင်တိုက်စစ်မှူးအဖြစ် အသုံးပြုသွားဖို့ ရှိနေပါတယ်။

ဂွာဒီယိုလာကို တွေ့ရစဉ်
မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ၃ ပွဲ ကစားပြီးချိန်မှာ ၃ ပွဲစလုံး အနိုင်ရထားပြီး ယန်းဘွိုင်းစ် အသင်း နဲ့ ပွဲစဉ်မှာ နိုင်ပွဲရယူနိုင်ခဲ့ရင် ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက သူတို့ဟာ စောစီးစွာ နောက်တစ်ဆင့် တက်နိုင်ဖို့အတွက် အနိုင်ရယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ဖေဖော်ဝါရီနဲ့ နောက်တစ်ဆင့်အတွက် နိုင်ပွဲရယူနိုင်ဖို့ ကျနော်တို့ ကြိုးစားသွားမှာပါ။ ဒါက ကလပ် အတွက် အဓိပ္ပါယ်တွေ အများကြီးရှိပါတယ်။ ကျနော်တို့ဟာ ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့် တက်ပြီဆိုရင် ပရီးမီးယားလိဂ်နဲ့ အခြားအရာတွေကို အာရုံစိုက်နိုင်မှာ ဖြစ်တာကြောင့် ဒါက အရေးကြီးပါတယ်”လို့ ပြောခဲ့ပါ တယ်။
ယန်းဘွိုင်းစ်အသင်းဟာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ၁ မှတ်သာ ရရှိထားတာကြောင့် သူတို့အနေ နဲ့ မန်စီးတီးအသင်းကို အရေးနိမ့်ခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်အုပ်စု အဆင့်ကနေ ထွက်ခွာရဖို့ သေချာသလောက် ရှိသွားမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 645
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၇
စပါးအသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းအနိုင်ရဖို့ ထိုက်တန်တယ်လို့ နည်းပြ ပိုချက်တီနိုက ပြောလိုက်ပါတယ်။
ပိုချက်တီနိုက “ကျနော်တို့ အနိုင်ရဖို့ ထိုက်တန်တယ်လို့ ကျနော်ထင်ပါတယ်။ စပါးအသင်းက ပထမပိုင်း ၁၅ မိနစ် မှာ ပိုပြီးကောင်းမွန်ခဲ့ပေမယ့် ဒီနောက်ပိုင်းမှာ ကျနော်တို့ ပွဲကိုကြီးစိုးထားနိုင်ခဲ့ပါတယ်။ ကျနော်တို့ရဲ့ စွမ်းဆောင်ရည်က ကောင်းမွန်ခဲ့ပြီး သူတို့ကို အမှားတွေလုပ်ခိုင်းစေခဲ့ပါတယ်။ ပွဲအတွင်းမှာ မြင်ခဲ့တဲ့အရာ တွေကိုကြည့်လိုက်မယ်ဆိုရင် မျှတတယ်လို့ ထင်ပါတယ်။ စပါးအသင်းနဲ့ပွဲမှာ ကောင်းမွန်စွာကစားပြီး နိုင်ပွဲ ရယူနိုင်ခဲ့တာက အရေးကြီးပါတယ်။ ဒီ ၃ မှတ်က အမှတ်ပေးဇယားအထက်ကို တက်ဖို့ ကျနော်တို့အတွက် အလွန်အရေးကြီးပါတယ်”လို့ ပြောခဲ့တာပါ။
စပါးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ပွဲစဉ်မှာ VAR က လူကျွံဘော၊လက်ထိဘောတွေကြောင့် သွင်းဂိုး ၅ ဂိုးကို ပယ်ဖျက်ခဲ့ပြီး စပါးအသင်းရဲ့ နောက်ခံလူ ရိုမဲရိုးက တိုက်ရိုက်အနီကတ်၊ အူဒိုဂီက ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ ရပါတယ်။ ဒီပွဲမှာ ကူလူဆက်ဗ်စကီးက စပါးအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပေမယ့် အနီကတ် တွေကြောင့် ချယ်လ်ဆီးအသင်းအတွက် ပယ်လ်မာက ချေပဂိုးနဲ့ ဂျက်ဆန်က ဟက်ထရစ်သွင်းယူခဲ့တာပါ။ အဲဒါကြောင့် ချယ်လ်ဆီးအသင်းဟာ စပါးအသင်းကို ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက ဒီပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဂျက်ဆန်အတွက် ပျော်ရွှင် မိတယ်လို့ ပြောခဲ့ပါတယ်။
ပိုချက်တီနိုက “တိုက်စစ်မှူးတွေဟာ ဂိုးမသွင်းရင် သူတို့ အခက်အခဲဖြစ်တယ်ဆိုတာ သိတဲ့အတွက် သူဂိုးသွင်း နိုင်တာကြောင့် ကျနော်ပျော်ရွှင်ပါတယ်။ သူဟာ ငယ်ရွယ်ပြီး နွေရာသီကမှ ရောက်လာတာဖြစ်တဲ့အတွက် ချယ်လ်ဆီးအတွက် ကစားပေးရတာ မလွယ်ကူပါဘူး။ ဒီလိုဟက်ထရစ်သွင်းယူနိုင်တာက သူ့ကို လိုအပ်နေတဲ့ ယုံကြည်မှုတွေကို ရှာဖွေပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း” ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ စပါးအသင်းကို အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၀ နေရာ အထိ ရောက်ရှိလာခဲ့ပြီး လာမယ့်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Chelseafc
- By CNI
- Category: အားကစား
- Hits: 855
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၆
မန်စီးတီး ကစားသမားတွေအနေနဲ့ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံရတာကို ဒေါသထွက်ခဲ့မယ်ဆိုရင် ဒါက ကောင်းမွန်တဲ့ လက္ခဏာလို့ နည်းပြ ဂွာဒီယိုလာက ပြောလိုက်ပါတယ်။
ဂွာဒီယိုလာက “ကျနော်ဟာ ဂရီလစ်ရှ်ကို ဒေါသထွက်စေချင်ပြီး သူ့ကို ကောင်းမွန်စွာ ကစားစေချင်ပါတယ်။ ဒီလိုပဲ ဒိုကူလည်း နောက်ဆုံး ၂ ပွဲ မကစားလိုက်ရလို့ ဒေါသထွက်လိုက်ပါ။ ဒါက ဒီလိုအဆင့်မှာ တသမတ်တည်းရှိတာကို ထိန်းသိမ်းဖို့ နည်းလမ်းပါပဲ။ ဒိုကူနဲ့ ဂရီလစ်ရှ်တို့သာ စွမ်းဆောင်ရည် ပိုကောင်းမယ်ဆိုရင် သူတို့နှစ်ဦးစလုံးကို တစ်ချိန်တည်းမှာ အသုံးပြုလို့ရပါတယ်။ ကျနော်တို့ဟာ လူတိုင်းကို လိုအပ်ပါတယ်။ ကစားရမယ့်ပွဲတွေ အများကြီး ရှိတဲ့အတွက် လူတိုင်းက ယှဉ်ပြိုင်နေရမှာပါ”လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ ဘယ်တောင်ပံမှာ ဂရီလစ်ရှ်နဲ့ ဒိုကူတို့ကို တစ်လှည့်စီ ပွဲထွက်လူစာရင်းမှာ အသုံးပြုနေတာပါ။
ပြီးခဲ့တဲ့ ဘုန်းမောက်အသင်းကို ၆ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ပွဲထွက်ခွင့်ရခဲ့တဲ့ ဒိုကူဟာ မန်စီးတီးအသင်းအတွက် ၁ ဂိုးသွင်းယူခဲ့သလို ၄ ဂိုး ဖန်တီးမှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒိုကူကိုတွေ့ရစဉ်
ယူနိုက်တက်အသင်းကို အနိုင်ရခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာတော့ ဂရီလစ်ရှ်က ပွဲထွက်ခွင့်ရပြီး မန်စီးတီးအသင်း အတွက် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။
ဒိုကူဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ရန်းနက်စ် အသင်းကနေ ပေါင် ၅၅.၄ သန်းနဲ့ ပြောင်းရွှေ့လာ ခဲ့တာဖြစ်ပြီး မန်စီးတီးအသင်းမှာ လျင်မြန်စွာ အသားကျခဲ့ကာ ပြိုင်ပွဲစုံ ၃ ဂိုး သွင်းယူပေးထားပါတယ်။
ဂရီလစ်ရှ်ကတော့ ဒီရာသီမှာ သွင်းဂိုး မရရှိထားပေမယ့် ဒိုကူနဲ့ ပွဲထွက်ခွင့်နေရာ ရဖို့အတွက် အပြိုင်တိုက်ပွဲဝင် နေရတာဖြစ်ပြီး ဒါကို နည်းပြ ဂွာဒီယိုလာက သဘောကျနေတာပါ။
စပိန်လူမျိုးနည်းပြရဲ့ အလှည့်ကျ ပွဲထွက်ခွင့်ပေးတဲ့ ပုံစံအရ ဂရီလစ်ရှ်ဟာ ယန်းဘွိုင်းစ်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ရဖွယ်ရှိနေပါတယ်။
လက်ရှိချန်ပီယံ မန်စီးတီးအသင်းဟာ ဒီရာသီချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၃ ပွဲကစားအပြီးမှာ ၃ ပွဲစလုံးနိုင်ပွဲ ရရှိထားပါတယ်။
Source: BBC
