
- By CNI
- Category: အားကစား
- Hits: 733
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၈
ချယ်လ်ဆီးအသင်းကို ၂ ကြိမ် ကိုင်တွယ်ခဲ့တဲ့ မော်ရင်ဟိုဟာ အသင်းကို ထပ်ပြီးကိုင်တွယ်ဖို့ စတမ်းဖို့ဒ်ဘရစ်ချ်ထံ ပြန်လာချင်နေတယ်လို့ သိရပါတယ်။
ဒေးလီးမေးလ်က မော်ရင်ဟိုဟာ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြ ဂရေဟမ်ပေါ်တာသာ အသင်း ကနေ ထွက်ခွာသွားမယ်ဆိုရင် သူ့ရဲ့နေရာကို အစားထိုး ဝင်ရောက်မယ့် အခြေအနေနဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားကို ပြောပြထားတယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမယ့် ချယ်လ်ဆီး အသင်းကတော့ ဂရေဟမ်ပေါ်တာကို ဆက်ပြီး ထောက်ခံသွားမယ်လို့ အတည်ပြုထား ပါတယ်။
ရိုးမားအသင်းကို ကိုင်တွယ်နေတဲ့ မော်ရင်ဟိုဟာ အသင်းဘုတ်အဖွဲ့က အပြောင်းအရွှေ့ အသုံးစရိတ်တွေကို လုံလောက်စွာ အသုံးပြုခြင်း မရှိတာကြောင့် စိတ်ပျက်နေပါတယ်။
မော်ရင်ဟိုကိုတွေ့ရစဉ်
ဒီနောက်မှာတော့ မော်ရင်ဟိုဟာ လန်ဒန်မှာရှိတဲ့ ဇနီးနဲ့ သားသမီးတွေဆီ ပြန်လာဖို့ စိတ်အား ထက်သန်နေတာပါ။
ရိုးမားအသင်းဟာ မော်ရင်ဟို ရောက်လာပြီး ကတည်းက အပြောင်းအရွှေ့ အသုံးစရိတ် ယူရို ၁၂၆.၅ သန်း သုံးစွဲ ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နွေရာသီမှာ ငွေသုံးစွဲမှု နည်းပါးသွားခဲ့ပြီး လိုင်လီက ဆီလစ်ခ် တစ်ဦးတည်း အတွက် ယူရို ၆ သန်း အသုံးပြုခဲ့ပါတယ်။
မာတစ်၊ ဒိုင်ဘားလား၊ ဝစ်ချ်နယ်လ်ဒန်း တို့ကို အငှားနဲ့ခေါ်ယူခဲ့ပြီးနောက် ငွေကြေး အများအပြား သုံးစွဲခြင်း မရှိတော့တာ ဖြစ်ပါတယ်။
ဒါပေမယ့် မော်ရင်ဟိုဟာ ရိုးမားအသင်းကို ယူရိုပါကွန်းဖရန့်စ်လိဂ် ရခဲ့တဲ့အသင်းကို အခြေခံကာ ၂၀၁၈ နောက် ပိုင်း ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် လုပ်ဆောင်ပေးဖို့ မျှော်လင့်နေတာပါ။ ရိုးမားအသင်းဟာ အခုနှစ်ရာသီ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ရိုးမားအသင်းဟာ အဆင့် ၃ နဲ့ အဆင့် ၄ နေရာမှာရှိတဲ့ အင်တာမီလန်၊လာဇီယိုတို့နဲ့ ရမှတ်တူ ဂိုးကွာခြားချက် ကြောင့် အခုလို အဆင့် ၅ နေရာမှာ ရပ်တည်နေတာပါ။
မော်ရင်ဟိုရဲ့ ရိုးမားအသင်းဟာ ဒီတစ်ပတ် စီးရီးအေ ပွဲစဉ်အဖြစ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာက နာပိုလီ အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 630
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၈
ဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ်နည်းစနစ်ဒါရိုက်တာ အိုင်ဗန်နောဗ့်ဟာ အခြားအသားရောင်ရှိတဲ့ ဘောလုံး သမားတွေဟာ နိုင်ငံအသင်းအတွက် ကစားခွင့်ရမှာမဟုတ်ဘူးလို့ ပြောခဲ့တာကြောင့် ဝေဖန်မှုတွေ ခံနေရတာ ဖြစ်ပါတယ်။
အိုင်ဗန်နော့ဗ်က “ကျနော့်ရဲ့ ဆန္ဒက ဘူလ်ဂေးရီးယားကစားသမားတွေနဲ့ပဲ ဘူလ်ဂေးရီးယားပွဲကို ကြည့်ချင်တာပါ။ ကျနော်ပြောခဲ့တဲ့ စကားအတိုင်း ကျနော်ရပ်တည်ပါတယ်။ကျနော် ဒါရိုက်တာရာထူးမှာ ရှိနေတဲ့အချိန်အထိ နိုင်ငံခြားသားကစားသမားတွေ၊ နိုင်ငံခြားသားပတ်စ်ပို့တွေ၊ တခြားအသားရောင်ရှိတဲ့သူတွေကို ကစားခွင့်ပေးမှာ မဟုတ်ဘူး။ဘူလ်ဂေးရီးယားကစားသမားတွေကို အစားထိုးဖို့ တခြားနိုင်ငံက ကစားသမားတွေကို မလိုချင်ပါဘူး”လို့ Balkan Insight ကို ပြောခဲ့တာပါ။
ဘူလ်ဂေးရီးယားဘောလုံးလောကမှာ တစ်နှစ်ပြီးတစ်နှစ် နိုင်ငံခြားသားကစားသမားတွေ တိုးလာတာကြောင့် ပြည်တွင်းကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို တိုးတက်အောင် ပိတ်ပင်ထားခြင်းရှိ၊မရှိဆိုတာနဲ့ အငြင်းအခုံတွေ ဖြစ်နေကြတာဖြစ်ပါတယ်။ဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာကတော့ နိုင်ငံခြားသား ကစားသမားတွေကို ကစားခွင့်ပေးမှာမဟုတ်တဲ့ သူ့ရဲ့ ရပ်တည်ချက်ကို ထုတ်ပြောခဲ့တာပါ။
၂၀၀၉ မှာ ဘူလ်ဂေးရီးယားလက်ရွေးစင်ကနေ အနားယူခဲ့တဲ့ တိုက်စစ်မှူးဟောင်း အိုင်ဗန်နော့ဗ်ဟာ လက်ရွေးစင် အသင်းကို ယာယီနည်းပြအဖြစ်လည်း ကိုင်တွယ်ခဲ့ပြီး လက်ရှိအချိန်မှာ ဆားဘီးယားလူမျိုး ကာစတာဂျစ်က ကိုင်တွယ်နေတာဖြစ်ပါတယ်။အိုင်ဗန်နော့ဗ်ရဲ့ပြောစကားကို လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း ပီထရော့ဗ် က ဝေဖန်မှုတွေပြုလုပ်ခဲ့တာပါ။
ပီထရော့ဗ်က “ကျနော်တို့ ဘောလုံးအဖွဲ့ချုပ်နည်းစနစ်ဒါရိုက်တာရဲ့ပြောစကားကြောင့် ကျနော်တကယ်ကို တုန်လှုပ်ပြီး စိတ်မကောင်းဖြစ်မိပါတယ်။ဒါကို ကျနော်ရှုံ့ချပါတယ်။ဒီလိုအရာတွေကို ယုံတာက လုံးဝ မှားယွင်း ပါတယ်။ ဒီနေ့ ကျနော်တို့ ဘောလုံးခေါင်းဆောင်တွေကြားမှာ တည်ရှိနေတဲ့ မသိနားမလည်တဲ့ ယဉ်ကျေးမှု အကြောင်းအရာကို ထင်ဟပ်စေပါတယ်။ဘောလုံးဆိုတာလူတိုင်းအတွက်ဖြစ်သင့်ပါတယ်”လို့ ပြောခဲ့ပါတယ်။
အိုင်ဗန်နော့ဗ်က ဒါဟာ လူမျိုးရေးခွဲခြားတဲ့အရာမဟုတ်ဘဲ ဘူလ်ဂေးရီးယားနွယ်ဖွားတွေနဲ့ ဘူလ်ဂေးရီးယား နိုင်ငံသားဘောလုံးသမားတွေသာ လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားသင့်တယ်လို့ ထပ်ပြီးပြောခဲ့တာ ဖြစ်ပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 628
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၈
ဂျိုကိုဗစ်ရဲ့ဖခင်ဖြစ်သူနဲ့ ရုရှားသမ္မတပူတင်ကို ထောက်ခံအားပေးသောသူတို့ တွဲရိုက်ထားတဲ့ ဓါတ်ပုံဟာ ဗုဒ္ဓဟူးနေ့က ထွက်ပေါ်လာခဲ့ပြီးနောက် ဂျိုကိုဗစ်က ဖခင်ဖြစ်သူဟာ ဘယ်လိုစစ်ပွဲကိုမှ ထောက်ခံဖို့ ရည်ရွယ်ချက် မရှိဘူးလို့ ပြောခဲ့ပါတယ်။
ဂျိုကိုဗစ်က “သူ(ကျနော့်ရဲ့ဖခင်)ဟာ ဘယ်လိုစစ်ပွဲကိုမှ ထောက်ခံဖို့ ရည်ရွယ်ချက်မရှိပါဘူး။ဖြစ်ပျက်ခဲ့တဲ့ အရာ တွေကို အဓိပ္ပါယ်လွဲမှားစွာ ဖွင့်ဆိုတဲ့အတွက် ကံမကောင်းခဲ့ပါဘူး”လို့ ပြောခဲ့တာပါ။
ဂျိုကိုဗစ်ရဲ့ဖခင် ဆာဂျန်ဟာ သားဖြစ်သူက ရူဘလက်ဗ်ကို အနိုင်ရခဲ့တဲ့ သြစတြေးလျ အိုးပန်းကွာတားဖိုင်နယ်ပွဲ အပြီးမှာ ရုရှားသမ္မတပူတင်ပုံပါဝင်တဲ့ အလံကို ကိုင်ဆောင်ထားပြီး Z စာသားပါ တီရှပ်ဝတ်ဆင်ထားတဲ့ အမျိုးသား တစ်ဦးနဲ့ ဓါတ်ပုံတွဲရိုက်ခဲ့တာဖြစ်ပါတယ်။အဲဒီလို အဖြစ်အပျက်ဖြစ်ပွားပြီးနောက် ဆာဂျန်ဟာ သားဖြစ်သူ ဂျိုကိုဗစ်က အမေရိကန် တင်းနစ်သမား တိုမီပေါလ်ကို အနိုင်ရခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ကို အိမ်ကနေသာ ကြည့်ရှု အားပေးခဲ့တာပါ။
ဂျိုကိုဗစ်ဟာ တိုမီပေါလ်ကို အနိုင်ရတဲ့ပွဲအပြီးမှာ ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ဖခင်ဖြစ်သူအပေါ် ဒေါသမထွက် နိုင်ဘူးလို့ ပြောခဲ့ပါတယ်။ဂျိုကိုဗစ်က “သူဟာ ပတ်ပတ်လည်မှာ ဆားဘီးယား အလံတွေ အများကြီးရှိတယ်လို့ ထင်ခဲ့တာပါ။ပြီးတော့ ဆားဘီးယားနိုင်ငံသားတစ်ဦးဦးနဲ့ ဓါတ်ပုံရိုက်နေတယ်လို့ပဲ သူထင်ခဲ့တာပါ။ပြီးတော့ သူ ဆက်သွားခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
သြစတြေးလျအိုးပန်းချန်ပီယံဆုကို ၉ ကြိမ်ရရှိထားတဲ့ ဂျိုကိုဗစ်ဟာ ပြီးခဲ့တဲ့နှစ်ပြိုင်ပွဲမှာ ကိုဗစ်ကာကွယ်ဆေး မထိုးထားတာကြောင့် ပြည်နှင်ဒဏ်ပေးခံခဲ့ရပြီး အခုနှစ်မှာတော့ ချန်ပီယံဆုရယူဖို့အတွက် ဗိုလ်လုပွဲ တက်ရောက် နိုင်ခဲ့ပြီဖြစ်ပါတယ်။
ဂျိုကိုဗစ်က “မနှစ်ကနဲ့ ဒီနှစ် သြစတြေးလျမှာ ကြုံခဲ့ရတဲ့ ကိစ္စတွေအားလုံးနဲ့ ဒါကို ဖြတ်ကျော်ရတာဟာ ကျနော့် အတွက်တော့ သာယာမှုမရှိပါဘူး။ဒါဟာ ကျနော်လိုချင်တာ ဒါမှမဟုတ် လိုအပ်တဲ့အရာ မဟုတ်ပါဘူး။ ကျနော် တင်းနစ်ကိုပဲ အာရုံစိုက်ချင်ပါတယ်”လို့ ပြောခဲ့တာပါ။
ဂျိုကိုဗစ်ဟာ သြစတြေးလျအိုးပန်းဗိုလ်လုပွဲအဖြစ် တနင်္ဂနွေနေ့မှာ ဂရိတင်းနစ်သမား ဆစ်ဆီပတ်စ်နဲ့ ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။
Source:BBC

- By CNI
- Category: အားကစား
- Hits: 618
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၈
အခုရာသီမှာ ယူနိုက်တက်အတွက် ခြေစွမ်းပြသနေတဲ့ ရက်ရှ်ဖို့ဒ်ရဲ့ ပြောင်းလဲမှုတွေမှာ သူက ဟယ်ရီပေါ်တာ မဟုတ်ဘူးလို့ နည်းပြဖြစ်သူ အဲရစ်တန်ဟတ်က နောက်ပြောင်ပြီး ပြောသွားခဲ့ပါတယ်။
အဲရစ်တန်ဟတ်က “ ကျနော်က ဟယ်ရီပေါ်တာ မဟုတ်ပါဘူး။ ဒါက ယုံကြည်မှုပါပဲ။ ကစားသမားတိုင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် လုပ်ရပါမယ်။ ရက်ရှ်ဖို့ဒ်ဟာ တိုက်ပွဲဝင်သလို၊ ဒီအတွက်လည်း သူရင်းနှီးခဲ့ပါ တယ်။ ကျနော်ရဲ့ နည်းပြအဖွဲ့တွေကလည်း ရက်ရှ်ဖို့ဒ် ကောင်းမွန်တဲ့ အနေအထားကို ရောက်ဖို့အတွက် လိုအပ်တဲ့ အရာတွေကို လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးကတော့ သူ့အပေါ်မှာပဲ မူတည်တာပါ။ ကစား သမားကသာ ယုံကြည်မှုရှိရင် ကျနော်တို့လည်း ယုံကြည်မှုရှိစွာ အလုပ်လုပ်နိုင်ပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်နဲ့ ယဉ်ကျေးမှုကလည်း အရေးကြီးပါတယ်။ ဒါဆို ကစားသမားကလည်း အကောင်းဆုံး စွမ်းဆောင်နိုင်မှာပါ”လို့ ပြောခဲ့တာပါ။
ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းအတွက် နောက်ဆုံးကစားထားတဲ့ ၁၀ ပွဲမှာ ၁၀ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဒီရာသီ ပြိုင်ပွဲစုံ သွင်းဂိုး ၁၈ ဂိုးအထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟာ ၂၀၁၉-၂၀ ရာသီက ပြိုင်ပွဲစုံ ၂၂ ဂိုး သွင်းယူခဲ့တာဟာ သူ့ရဲ့ကစားသမားဘဝ အကောင်း ဆုံးဖြစ်ခဲ့ပြီး အခု ဒါကို လိုက်မှီနိုင်ဖို့ ၄ ဂိုးသာ လိုတော့တာပါ။
ပြီးခဲ့တဲ့ရာသီကဆိုရင် ရက်ရှ်ဖို့ဒ်ဟာ ပြိုင်ပွဲစုံ ၅ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ကစားသမားဘဝ အဆိုးဆုံး အခြေအနေကို ရောက်ရှိခဲ့ပါတယ်။
မက်ဂွဲယားကိုတွေ့ရစဉ်
အဲ့ဒါကြောင့် ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်ကနေ ထွက်ခွာဖို့အထိတောင် စဉ်းစားခဲ့ပေမယ့် အဲရစ်တန်ဟတ် ရောက်ရှိ လာချိန်မှာ သူ့ရဲ့ ကစားသမားဘဝကို ပြန်လည် အသက်သွင်းနိုင်ခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။
အဲ့ဒါကြောင့် ပီအက်စ်ဂျီအသင်းရဲ့ စိတ်ဝင်စားမှုကို ခံနေရလို့ နည်းပြဖြစ်သူ အဲရစ်တန်ဟတ်က စာချုပ် သက်တမ်း တိုးဖို့တောင် တိုက်တွန်းထားတာပါ။ ဒါ့အပြင် အဲရစ်တန်ဟတ်က အသင်းခေါင်းဆောင် မက်ဂွဲယားဟာ ဗဟို နောက်ခံလူတွေထဲမှာ သူ့ရဲ့ ပဉ္စမမြောက် ရွေးချယ်မှု မဟုတ်ဘူးလို့လည်း ပြောခဲ့ပါတယ်။
အဲရစ်တန်ဟတ်က “သူက ပဉ္စမမြောက် ရွေးချယ်မှု မဟုတ်ပါဘူး။ ဒါပေမယ့် ဒါက သူ့အပေါ်မှာပဲ မူတည်ပါတယ်။ သူဟာ လေ့ကျင့်မှုတွေမှာလည်း ကောင်းမွန်စွာ လုပ်ဆောင်နေပါတယ်။ ဒါက အသင်းအတွက် ကစားသမားတွေ အားလုံးဆီကနေ မျှော်လင့်ထားတဲ့ အရာပါ။ သူဟာ သူ့ရဲ့ နေရာအတွက် တိုက်ပွဲဝင်ရမှာဖြစ်ပြီး ဒါက တစ်ခါတစ်ရံ မှာလည်း မြန်မြန်ဆန်ဆန်နဲ့ ပြောင်းသွားနိုင်ပါတယ်။ သူက တိုးတက်မှုတွေ ရှိနေပေမယ့် သူ့အပေါ်မှာပဲ မူတည်ပါ တယ်”လို့ ပြောခဲ့တာပါ။
မက်ဂွဲယားဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရလို့ ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာဖွယ် ရှိတယ်လို့လည်း ဆိုနေကြပါတယ်။
Source: MEN
- By CNI
- Category: အားကစား
- Hits: 590
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၇
အင်္ဂလန်ကလပ် အသင်းတွေဟာ ၂၀၂၂ ခုနှစ်အတွင်းမှာ အမျိုးသားဘောလုံးသမား အပြောင်းအရွှေ့တွေမှာ အခြား နိုင်ငံတွေရဲ့ ပမာဏထက် ၃ ဆကျော် ပေါင် ၁.၇၈ ဘီလီယံ သုံးစွဲခဲ့တယ်လို့ ဖီဖာရဲ့ အချက်အလက်တွေအရ သိရပါ တယ်။
အီတလီကလပ် အသင်းတွေဟာ ပေါင် ၅၄၃ သန်း သုံးစွဲပြီး ဒီစာရင်းရဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာပါ။
ဈေးအကြီးဆုံး အပြောင်းအရွှေ့ ၁၀ ခုမှာ အင်္ဂလန်ကလပ် အသင်းတွေရဲ့ အပြောင်းအရွှေ့က ၆ ခုအထိ ပါဝင်ခဲ့ပြီး မိုနာကိုကနေ ရီးရယ်လ်အသင်းထံ ပြောင်းခဲ့တဲ့ ချူအာမန်နီရဲ့ ပြောင်းရွှေ့ကြေးဟာ ဈေးအကြီးဆုံး အပြောင်း အရွှေ့အဖြစ် ရှိခဲ့တာ ဖြစ်ပါတယ်။
ချူအာမန်နီရဲ့ ပြောင်းရွှေ့ကြေးဟာ ယူရိုသန်း ၈၀ အပြင် ယူရိုသန်း ၂၀ ထပ်ပြီး ပေးချေရဖို့ ရှိနေတာပါ။
ယူနိုက်တက်အသင်းဟာ အေဂျတ်စ်အသင်းက အန်တိုနီနဲ့ ရီးရယ်လ်အသင်းက ကတ်စမဲရိုးတို့ ၂ ဦးကို ပြောင်းရွှေ့ ကြေး အများအပြားပေးပြီး ခေါ်ယူခဲ့ရလို့ တတိယနဲ့ စတုတ္တ ဈေးအကြီးဆုံး အပြောင်းအရွှေ့တွေထဲက တစ်ခု ဖြစ်ခဲ့ ပါတယ်။
မန်စီးတီးအသင်းကိုတွေ့ရစဉ်
ဥရောပရဲ့ ငွေသုံးစွဲမှု အများဆုံး အသင်းအဖြစ် ဘာစီလိုနာအသင်းက ဒုတိယနေရာမှာ ရှိနေပြီး ထိပ်ဆုံး ၇ သင်းထဲ မှာ ၅ သင်းက ပရီးမီးယားလိဂ် အသင်းတွေ ဖြစ်ပါတယ်။
ဘင်ဖီကာအသင်းကနေ ခေါ်ယူခဲ့တဲ့ လီဗာပူးလ်တိုက်စစ်မှူး ဒါဝင်နူနက်စ်ရဲ့ ပြောင်းရွှေ့ကြေးဟာ ဒုတိယဈေး အကြီးဆုံး အပြောင်းအရွှေ့ဖြစ်ခဲ့ပြီး ဒေါ့မွန်ကနေ မန်စီးတီးထံ ပြောင်းခဲ့တဲ့ ဟာလန်းရဲ့ အပြောင်းအရွှေ့က သတ္တမမြောက် ဈေးအကြီးဆုံး အပြောင်းအရွှေ့ ဖြစ်ခဲ့ပါတယ်။
ရုရှားရဲ့ ကျူးကျော်မှုကို ခံရပြီးနောက် ယူကရိန်းကလပ် ရှက်တာဒိုးနက် အသင်းဟာ ကစားသမား ၅၁ ဦး ထွက်ခွာခဲ့ပြီး ထွက်ခွာမှု အများဆုံး ဖြစ်ခဲ့တာပါ။
အမျိုးသမီး ကစားသမား အပြောင်းအရွှေ့တွေကလည်း အရင်နှစ်တွေကထက် ၆၂ ရာခိုင်နှုန်း တိုးလာခဲ့ပြီး စံချိန် တင် ပေါင် ၂.၇ သန်း သုံးစွဲခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန် ကွင်းလယ်လူ ကီရာရဲ့ မန်စီးတီးကနေ ဘာစီလိုနာအသင်းထံ ပေါင် ၄၀၀,၀၀၀ နဲ့ ပြောင်းခဲ့တဲ့ အပြောင်း အရွှေ့ဟာ အမျိုးသမီးပွဲတွေမှာ ဈေးအကြီးဆုံး အပြောင်းအရွှေ့ ဖြစ်ခဲ့တာပါ။ အပျော်တမ်း ဘောလုံးနဲ့ ပတ်သက် ပြီး ဖီဖာက ပရော်ဖက်ရှင်နယ် မဟုတ်တဲ့ ကစားသမား ၅၀,၀၀၀ နီးပါးဟာ ပြီးခဲ့တဲ့နှစ်မှာ အခြားနိုင်ငံရှိ ကလပ် အသင်းတွေထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်းဟာ ရုရှားနဲ့ စစ်ပွဲ ဆက်လက် ဖြစ်နေတဲ့အတွက် စုစုပေါင်း အပြောင်းအရွှေ့ ၅၉၁၀ နဲ့အတူ ပြောင်းရွှေ့ ကစားသူ အများအပြား ဖြစ်ခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 739
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၇
ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ အယ်လ်အစ်တီဟတ်အသင်းတို့ ကစားခဲ့တဲ့ ဆော်ဒီစူပါဖလား ဆီမီး ဖိုင်နယ်ပွဲမတိုင်ခင် ပြိုင်ဘက်ပရိသတ်တွေက မက်ဆီရဲ့နာမည်ကို ဟစ်ကြွေးကာ လှောင်ပြောင်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းကစားသမားတွေ သွေးပူလေ့ကျင့်ခန်းပြုလုပ်ချိန်မှာ အယ်လ်အစ်တီဟတ်ပရိသတ်တွေက “မက်ဆီ၊မက်ဆီ၊မက်ဆီ”ဆိုပြီး ဟစ်ကြွေးခဲ့ကြတာပါ။
ဆော်ဒီစူပါဖလားဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ အယ်လ်အစ်တီဟတ်အသင်းက ရော်နယ်ဒိုရဲ့ အယ်လ်နာဆာအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုဟာ ဒီပွဲမှာလည်း အသင်း ခေါင်းဆောင်အဖြစ် ပွဲထွက်ခွင့်ရခဲ့ပြီး ခေါင်းတိုက်ချက်နဲ့ ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် ကောင်းမွန်တဲ့ ကာကွယ်မှုကြောင့် ဂိုးမသွင်းနိုင်ခဲ့တာပါ။ရော်နယ်ဒိုဟာ အယ်လ်နာဆာအတွက် ၂ ပွဲကစားအပြီးမှာ ဂိုးရယူနိုင်ခြင်းမရှိသေးပါဘူး။
ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ အယ်လ်နာဆာအသင်းအတွက် ၂ ပွဲကစားအပြီးမှာ ဂိုးပေါက်တည့်မှု ၁ ကြိမ်သာ ရှိသေးတယ်လို့လည်း အချက်အလက်တွေအရ သိရပါတယ်။ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းအတွက် ပွဲဦး မထွက်ခင် ပီအက်စ်ဂျီအသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဆော်ဒီအောလ်စတားအတွက် ၂ ဂိုးသွင်းယူပြီး ခြေစွမ်း ပြသနိုင်ခဲ့ကာ အကောင်းဆုံးကစားသမားဆုကိုလည်း ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် အယ်လ်နာဆာအသင်း ဂျာစီဝတ်ဆင်ပြီး ကစားတဲ့အချိန်မှာ ရော်နယ်ဒိုဟာ ခက်ခဲတဲ့ စတင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
အယ်လ်နာဆာအသင်းဟာ ဆော်ဒီစူပါဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရပေမယ့် အမှတ်ပေးလိဂ်မှာတော့ ထိပ်ဆုံးနေရာ မှာ ဦးဆောင်နေတာဖြစ်ပါတယ်။အယ်လ်နာဆာအသင်းဟာ ဆော်ဒီလိဂ်မှာ ၁၄ ပွဲကစားထားပြီး ရမှတ် ၃၃ မှတ်နဲ့ ဒုတိယနေရာက အယ်လ်ဟီလယ်အသင်းထက် ၁ ပွဲလျော့ကစားထားကာ ရမှတ် ၁ မှတ်အသာရနေတာပါ။
အယ်လ်နာဆာအသင်းဟာ ဖေဖော်ဝါရီလ ၃ ရက်မှာ ဆော်ဒီလိဂ်ပွဲစဉ်အဖြစ် အယ်လ်ဖတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:DailyMail

- By CNI
- Category: အားကစား
- Hits: 719
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၇
ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို ယှဉ်ပြိုင်ခွင့် ပြုမယ်ဆိုရင် ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲကို သပိတ် မှောက် နိုင်တယ်လို့ ယူကရိန်းအားကစားဝန်ကြီးက ပြောလိုက်ပါတယ်။
ယူကရိန်း အားကစားဝန်ကြီး ဗက်ဒိုင်းမ်ဂတ်စိန့်က “ကျနော်တို့ရဲ့ ရပ်တည်ချက်က မပြောင်းလဲပါဘူး။ ယူကရိန်း မှာ စစ်ပွဲရှိနေတဲ့ အချိန်အထိ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို နိုင်ငံတကာပြိုင်ပွဲတွေမှာ ပါဝင် ယှဉ်ပြိုင်ခွင့် မပြုသင့်ပါဘူး။ သပိတ်မှောက်မယ့် အလားအလာကို ကျနော်တို့ မငြင်းသလို၊ အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ဖို့လည်း ငြင်းဆိုထားပါတယ်”လို့ သူ့ရဲ့တရားဝင် ဖေ့စ်ဘွတ်ခ်ပေ့ချ်မှာ ရေးသားထားတာပါ။
နိုင်ငံတကာ အိုလံပစ်ကော်မတီ(IOC) က ၂၀၂၄ အိုလံပစ်ပြိုင်ပွဲမှာ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေ ကြားနေအဖြစ် ပါဝင်ခွင့် ရနိုင်ဖို့အတွက် လမ်းကြောင်းတစ်ခုကို ရှာဖွေသွားမယ်လို့ ဗုဒ္ဓဟူးနေ့က ပြောခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်း အမျိုးသား အိုလံပစ် ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဗက်ဒိုင်းမ်ဂတ်စိန့်က ဖြစ်နိုင်ဖွယ်ရှိတဲ့ သပိတ် မှောက်မှုနဲ့ ပတ်သက်ပြီး အမျိုးသား အားကစားအဖွဲ့ချုပ်တွေနဲ့ စတင်ဆွေးနွေးနေပြီ ဖြစ်ပါတယ်။
ဗက်ဒိုင်းမ်ဂတ်စိန့်က “အဖွဲ့ချုပ်တွေ၊ အားကစားသမားတွေနဲ့ ယဉ်ကျေးတဲ့ ကမ္ဘာကြီးတစ်ခုလုံးက အခုအချိန်မှာ အာရုံစိုက်ဖို့ ကျနော်မျှော်လင့်ပြီး အစွန်းရောက်မှုတွေကို အားကိုးစရာ မလိုဘူး”လို့ ပြောခဲ့တာပါ။
ယူကရိန်းသမ္မတ ဇာလန်းစကီးက လာမယ့် အိုလံပစ်ပြိုင်ပွဲမှာ ရုရှား အားကစား သမားတွေအတွက် နေရာ မရှိသင့်ဘူးလို့ ပြောခဲ့တာ ဖြစ်ပါတယ်။
အိုလံပစ်အလံနဲ့ ရုရှားအလံကိုတွေ့ရစဉ်
ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် ရုရှား အားကစားသမားတွေကို ဖယ်ထုတ်ဖို့ နိုင်ငံတကာ အိုလံပစ် ကော်မတီက အားကစားအဖွဲ့ချုပ်တွေထံ အရင်ဦးဆုံး တောင်းဆိုခဲ့တာပါ။ အခုအချိန်မှာတော့ အိုလံပစ်ကော်မတီ ဟာ ပြန်လည် ပါဝင်ခွင့် ပြုဖို့ နည်းလမ်းရှာလာခြင်း ဖြစ်ပါတယ်။
ဒါပေမယ့် နိုင်ငံကူး လက်မှတ်ကြောင့် ဘယ်အားကစားသမားတွေ မယှဉ်ပြိုင်ရဘူး ဆိုတာနဲ့ ဘယ်လို အားကစား သမားတွေ ပါဝင်နိုင်တယ်ဆိုတာကို အစိုးရက မဆုံးဖြတ်ရဘူးလို့ နိုင်ငံတကာ အိုလံပစ်ကော်မတီက ဗုဒ္ဓဟူးနေ့မှာ ပဲ ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လက နိုင်ငံတကာ အိုလံပစ်ကော်မတီ အကြီးအကဲ သောမတ်စ်ဘတ်ချ်က သူတို့အစိုးရတွေရဲ့ လုပ်ရပ် အတွက် အားကစားသမား တစ်ဦးချင်းအပေါ် အပြစ်ပေးလိုခြင်း မရှိဘူးလို့ ပြောခဲ့တာပါ။
IOC ရဲ့ ကြေညာချက်ကို တုန့်ပြန်တဲ့ အနေနဲ့ ဒီနိုင်ငံက အားကစားသမားတွေကို သူတို့ရဲ့ ပြိုင်ပွဲတွေမှာ ချန်လှပ် ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ်က ပြောခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်ကနေ သြဂုတ်လ ၁၁ ရက်နေ့အထိ ၂၀၂၄ နွေရာသီ အိုလံပစ်ပြိုင်ပွဲကို ကျင်းပသွား မှာဖြစ်ပြီး အားကစားနည်း အမျိုးအစား ၃၂ မျိုး ပါဝင်မှာဖြစ်ပါတယ်။ ဒီနောက် အားကစားသမား ၁၀၅၀၀ ခန့် ပါဝင် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 530
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆
ပီအက်စ်ဂျီ အသင်းနည်းပြ ဂယ်လ်တီယာက ဘတ်ပီနဲ့ အသင်းရဲ့ ဒုအသင်းခေါင်းဆောင်ရာထူး အငြင်းပွားမှုကို ရှင်းလင်းဖို့ ကင်မ်ပန်ဘီနဲ့ စကားပြောခဲ့တယ်လို့ သိရပါတယ်။
ပီအက်စ်ဂျီအသင်းက ပေးစ်ဒီကတ်ဆယ်လ်အသင်းကို ၇ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပြင်သစ်ဖလား ပွဲစဉ် အပြီးမှာ ဘတ်ပီဟာ နွေရာသီကတည်းက ဒုအသင်းခေါင်းဆောင် ဖြစ်ခဲ့တာလို့ ပြောခဲ့တာပါ။
ဒါပေမယ့် အသင်းခေါင်းဆောင် မာကွင်ဟိုစ် ပြီးနောက် ဒုအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်း ခံထားရတဲ့ ကင်မ်ပန်ဘီက ဒီအပြောင်းအလဲနဲ့ ပတ်သက်ပြီး သူ့ကို အသိပေးခြင်း မရှိဘူးလို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။
L'Équipe က ဂယ်လ်တီယာဟာ ဖြစ်ပေါ်လာနိုင်တဲ့ နားလည်မှု လွဲမှားတာကို ဖြေရှင်းဖို့ နောက်ခံလူနဲ့ စကား ပြောခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပီအက်စ်ဂျီ အသင်းနည်းပြ ဂယ်လ်တီယာကိုတွေ့ရစဉ်
လက်ရှိ ပီအက်စ်ဂျီအသင်းမှာ ဒုအသင်းခေါင်းဆောင်တွေ အဖြစ် ဘတ်ပီ၊ ဗာရတ်တီ၊ ရာမို့စ်တို့နဲ့အတူ ကင်မ်ပန်ဘီ လည်း ပါဝင်တယ်လို့ ဂယ်လ်တီယာက ပြောခဲ့တာ ဖြစ်ပါတယ်။
အားလုံးကို ညီတူညီမျှအဖြစ် သတ်မှတ်ထားပြီး ပြင်သစ်ဖလားပွဲစဉ်မှာ ရာမို့စ်နဲ့ ဘတ်ပီတို့သာ ပါဝင်ခဲ့လို့ ပီအက်စ်ဂျီ အသင်းမှာ နှစ်ကာလ ပိုပြီး ကစားထားတဲ့ ဘတ်ပီကို အသင်းခေါင်းဆောင် လက်ပတ်ဝတ်ဆင် ခိုင်းခဲ့ တာလို့ သိရပါတယ်။
အရင်က ပွဲတွေမှာဆို မာကွင်ဟိုစ် မပါဝင်နိုင်တဲ့ အချိန်မှာ ကင်မ်ပန်ဘီက အသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက် ခဲ့တာဖြစ်ပြီး ထရိုယတ်စ်နဲ့ ကစားခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက် ပွဲစဉ်မှာ နောက်ဆုံး ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။
မာကွင်ဟိုစ်နဲ့ ကင်မ်ပန်ဘီတို့ မပါဝင်နိုင်တဲ့ အချိန်မှာ ဗာရတ်တီက တာဝန်ယူခဲ့ရတာပါ။ လက်ရှိအချိန်မှာ ကင်မ်ပန်ဘီဟာ ဒဏ်ရာကြောင့် အနားယူနေရပြီး ပြင်သစ်လက်ရွေးစင်နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မပါဝင်ခဲ့ရပါဘူး။
ပီအက်စ်ဂျီအသင်းဟာ တနင်္ဂနွေနေ့မှာ ပြင်သစ်လီဂူးဝမ်းပွဲအဖြစ် ရိမ်းစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး မာကွင်ဟိုစ် ပါဝင်လာနိုင်လို့ အသင်းခေါင်းဆောင် အဖြစ် ပြန်ပြီး တာဝန်ယူရမှာ ဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 643
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ၂၆
ဆားဘီးယား တင်းနစ်ကစားသမား ဂျိုကိုဗစ်ရဲ့ဖခင် ဆာဂျန်ဟာ ကျင်းပနေတဲ့ သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ထောက်ခံတဲ့သူတွေနဲ့ ဓါတ်ပုံတွဲရိုက်ခဲ့ပါတယ်။
ဆာဂျန် ဂျိုကိုဗစ်ဟာ ရုရှားသမ္မတ ပူတင်ရဲ့ မျက်နှာပါ ရုရှားအလံကို ကိုင်ဆောင်ထားပြီး စစ်ပွဲလိုလားတဲ့ Z သင်္ကေတပါ တီရှပ်ကို ဝတ်ဆင်ထားတဲ့သူနဲ့ ဓါတ်ပုံတွဲရိုက်ခဲ့တာပါ။
သြစတြေးလျ အိုးပန်းပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်အဖြစ် ယူကရိန်း တင်းနစ်သမား ဘိုင်ဒဲလ်နဲ့ ရုရှားတင်းနစ်သမား ခါမေလ်လာတို့ ယှဉ်ပြိုင် ကစားနေချိန်အတွင်း ရုရှားအလံ ကိုင်ဆောင်ထားတာကို မြင်တွေ့ခဲ့ရပြီးနောက် ရုရှား၊ ဘယ်လာရုစ် အလံတွေနဲ့ သင်္ကေတတွေကို ပြိုင်ပွဲကျင်းပရေးက ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။
ဂျိုကိုဗစ်က ရူဘလက်ဗ်ကို အနိုင်ရခဲ့တဲ့ သြစတြေးလျအိုးပန်း ကွာတားဖိုင်နယ် ပွဲစဉ်အပြီးမှာ ရုရုားသမ္မတ ပူတင် ကို ထောက်ခံကြောင်းတွေ ပြသခဲ့ကြတာပါ။
ပူတင်ကို ထောက်ခံကြောင်း ပြသနေကြစဉ်
Rod Laver Arena အပြင်ဘက်မှာ ဆာ့ဘ်အရောင်တွေ ဝတ်ဆင်ထားတဲ့ ပရိတ်သတ် တစ်စုဟာ ပူတင် ပုံပါဝင်တဲ့ ရုရှားအလံကို ပြသခဲ့တာ ဖြစ်ပါတယ်။ ရုရှားနိုင်ငံကို အားပေးထောက်ခံတယ်လို့ အော်ဟစ်ခဲ့ကြသလို အချို့က ဆားဘီးယားအလံကို ပခုံးမှာ ပတ်ထားတာပါ။
သြစတြေးလျတင်းနစ်အဖွဲ့က “လူတစ်စုဟာ မသင့်လျော်တဲ့ အလံတွေနဲ့ သင်္ကေတတွေကို ပြသခဲ့ပြီး လုံခြုံရေး အစောင့်အရှောက်တွေကို ခြိမ်းခြောက်ခဲ့ပါတယ်။ ကစားသမားတွေနဲ့ သူတို့ရဲ့ အဖွဲ့တွေကို အလံတွေ၊ သင်္ကေတ တွေနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို အကျဉ်းချုံး သတိပေးထားပြီး အနှောင့်အယှက် ဖြစ်စေမယ့် ဘယ်လို အခြေအနေမျိုးကိုမဆို ရှောင်ရှားဖို့ပါ”လို့ ထုတ်ပြန်ထားပါတယ်။
သြစတြေးလျအိုးပန်း ပြိုင်ပွဲမှာ ရုရှားနဲ့ ဘယ်လာရုစ် ကစားသမားတွေ ပါဝင်ယှဉ်ပြိုင် နေပေမယ့် ကြားနေ အလံ အောက်ကနေသာ ကစားနေရတာပါ။ ဂျိုကိုဗစ်ရဲ့ ဖခင်အဖြစ်အပျက်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ကစားသမား ရဲ့ ကိုယ်စားလှယ်တွေကို ချဉ်းကပ်ထားတယ်လို့ ဘီဘီစီ အားကစားသတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 887
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆
ယူနိုက်တက်အသင်းဟာ ကာရာဘောင်းဖလားဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ နော်တင်ဟမ် ဖောရက်စ် အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် အသင်းအနေနဲ့ ဆက်ပြီးတိုးတက်အောင် လုပ်ဆောင်ရမယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောခဲ့ပါတယ်။
အဲရစ်တန်ဟတ်က “စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ပျော်ရွှင်သလို မိနစ် ၉၀ စလုံးထိန်းချုပ်နိုင်ခဲ့ပါတယ်။ ပွဲကို အပြောင်းအလဲပေးနိုင်တဲ့ အခိုက်အတန့်တစ်ခုရှိခဲ့ပြီး ကျနော်တို့ တိုးတက်ဖို့လိုပါတယ်။ဒါပေမယ့် အားလုံးကို ခြုံပြီးပြောရရင် ထိန်းချုပ်နိုင်ခဲ့ပါတယ်။ထိပ်တန်းအသင်းဖြစ်ချင်တယ်ဆိုရင်တော့ အသင်းတစ်သင်းအနေနဲ့ သင်ယူ ပြီး တိုးတက်အောင်လုပ်ရမယ့် အချိန်တွေရှိပါတယ်။ဒီလိုအရာတွေက အခုထိ မဖြစ်လာသေးပါဘူး”လို့ ပြောခဲ့တာ ပါ။
ယူနိုက်တက်အသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ဒုတိယ အကျော့ကစားဖို့ ကျန်ရှိသေးပေမယ့် ဗိုလ်လုပွဲတက်ဖို့ အခြေအနေကောင်းသွားခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာ ယူနိုက်တက်အတွက် ဂိုးတွေကို ရက်ရှ်ဖိုဒ့်၊ ဝက်ဂ်ဟော့စ်နဲ့ ဘရူနိုဖာနန်ဒက်စ်တို့က သွင်းယူခဲ့တာဖြစ်ပြီး ဝက်ဂ်ဟော့စ်ကတော့ ယူနိုက်တက်ကစားသမားဘ၀ ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့တာပါ။
ဘန်လေကနေ အငှားနဲ့ရောက်ရှိလာတဲ့ ဝက်ဂ်ဟော့စ်ဟာ ယူနိုက်တက်အတွက် ၃ ပွဲကစားအပြီးမှာ ပထမဆုံး သွင်းဂိုးကို ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲရစ်တန်ဟတ်ကတော့ ဝက်ဂ်ဟော့စ်အတွက် ဒီဂိုးဟာ အရေးကြီးတယ်လို့ ပြောခဲ့တာပါ။
အဲရစ်တန်ဟတ်က “သူ့အတွက်နဲ့ သူ့ရဲ့ယုံကြည်မှုအတွက် ဒီဂိုးဟာ အရေးကြီးပါတယ်။သူဟာ ပဲလေ့စ်နဲ့ အာဆင်နယ်ပွဲမှာလည်း ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ဒါပေမယ့် တိုက်စစ်မှူးတွေအတွက် ဂိုးတွေ သွင်းယူနိုင်ဖို့ လိုအပ်ပါတယ်။ဒီလိုမှ မဟုတ်ရင် သူတို့ပျော်ရွှင်နိုင်မှာမဟုတ်ပါဘူး” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်မှာတော့ အက်ဖ်အေဖလား စတုတ္တအဆင့်ပွဲစဉ်အဖြစ် ရီးဒင်းအသင်းနဲ့ အိုး ထရက်ဖိုဒ့်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Goal