CNI Sport News

 ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၇

စပါးအသင်းကြယ်ပွင့် ဆွန်ဟောင်မင်ဟာ ဘိုင်ယန်မြူးနစ်အသင်း နောက်ခံလူ ကင်မင်ဂျေးနဲ့ အယ်လ်နာဆာ အသင်း ခေါင်းဆောင် ရော်နယ်ဒိုတို့ကို မဲအသာရပြီး ၂၀၂၃ ခုနှစ်အတွက် အာရှအကောင်းဆုံး ဘောလုံးသမားဆုကို ရရှိသွားခဲ့ပါတယ်။

၂၀၂၃ ခုနှစ် အာရှအကောင်းဆုံး ဘောလုံးသမားဆုအတွက် ဆွန်ဟောင်မင်ဟာ မဲအရေအတွက် ၂၂.၉ ရာခိုင်နှုန်း ရရှိခဲ့ပြီး ကင်မင်ဂျေးက ၁၉.၅၄ ရာခိုင်နှုန်း၊ ရော်နယ်ဒိုက ၁၇.၀၆ ရာခိုင်နှုန်း ရရှိခဲ့တာပါ။ 

အသက် ၃၁ နှစ်အရွယ်ရှိ ဆွန်ဟောင်မင် အတွက်တော့ အာရှအကောင်းဆုံး ဘောလုံးသမားဆုကို ၇ နှစ်ဆက် တိုက်နဲ့ ၉ ကြိမ်မြောက် ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

တောင်ကိုရီးယား အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့နှစ်အတွင်းမှာ နိုင်ငံနဲ့ ကလပ်အသင်းအတွက် ၂၇ ဂိုးသွင်းပြီး ခြေစွမ်းပြသနိုင်ခဲ့တာပါ။

စပါးအသင်းဟာ အာရှအကောင်းဆုံး ဘောလုံးသမားဆုကို ၇ နှစ်ဆက်တိုက် ရယူနိုင်ခဲ့တဲ့ ဆွန်ဟောင်မင်ကို ဂုဏ်ပြုကြောင်း သူတို့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ 

ရော်နယ်ဒိုကတော့ ဒီဆုကို မရခဲ့ပေမယ့် ၂၀၂၃ ခုနှစ်ထဲမှာ ၅၃ ဂိုးသွင်းပြီး ကမ္ဘာ့ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ရပ်တည်နိုင်ခဲ့တာပါ။ 

ဆွန်ဟောင်မင်ကို တွေ့ရစဉ်

အာရှအကောင်းဆုံး ဘောလုံးသမားဆုဟာ အာရှဘောလုံးအဖွဲ့ချုပ် လက်အောက်မှာရှိတဲ့ နိုင်ငံအသင်းနဲ့ ကလပ် အသင်းတွေမှာ ကစားနေတဲ့ ကစားသမားတွေကို ရွေးချယ်ချီးမြှင့်တာကြောင့် ရော်နယ်ဒိုဟာ ဒီဆုရဲ့ စာရင်းထဲမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဆွန်ဟောင်မင် အတွက်တော့ ဒီဆုဟာ အများကြီး အဓိပ္ပါယ်ရှိပေမယ့် ၂၀၂၄ ခုနှစ်ထဲမှာ စပါး ဒါမှမဟုတ် တောင်ကိုရီးယား လက်ရွေးစင်အသင်းတို့နဲ့ အောင်မြင်မှုရယူနိုင်ဖို့ မျှော်လင့်နေတာပါ။

တောင်ကိုရီးယားအသင်းနဲ့ အာရှဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ဆွန်ဟောင်မင်ဟာ ဘာရိန်းအသင်းကို အနိုင်ရခဲ့တဲ့ အဖွင့်ပွဲစဉ်မှာ နိုင်ငံအသင်းအတွက် ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ 

တောင်ကိုရီးယားအသင်းဟာ အာရှဖလားအုပ်စု ပွဲစဉ်တွေအဖြစ် ဂျော်ဒန်၊ မလေးရှားအသင်းတို့နဲ့ ဆက်လက် ယှဉ်ပြိုင်ရဖို့ ရှိနေတာပါ။

တောင်ကိုရီးယား အသင်းအနေနဲ့ အာရှဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့ရင် ဆွန်ဟောင်မင်ဟာ ဖေဖော်ဝါရီလလယ်အထိ စပါးအသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်မယ်လို့ သိရပါတယ်။

Source: Daily Mail