
- By CNI
- Category: အားကစား
- Hits: 593
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၈
ဗြိတိန်ဘီလျံနာ ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ ကုမ္ပဏီ Ineos က သူတို့ဟာ ယူနိုက်တက်ကို ဝယ်ယူဖို့ တရားဝင် ကမ်းလှမ်းလိုက်ပြီလို့ ပြောလိုက်ပါတယ်။
ယူနိုက်တက်ပိုင်ရှင် ဂလေဇာ မိသားစုက သူတို့ဟာ မဟာဗျူဟာမြောက်တဲ့ အခြားရွေးချယ်စရာတွေကို ရှာဖွေနေတာကြောင့် ကလပ်ကို ရောင်းချဖို့ စဉ်းစားနေတယ်လို့ နိုဝင်ဘာလက ပြောထားခဲ့တာပါ။
ရက်ကလစ်ဖ်ဟာ ငယ်ဘဝကတည်းက ယူနိုက်တက်အသင်းရဲ့ အမာခံ ပရိသတ်ဖြစ်ပြီး ဗြိတိန်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ ရက်ကလစ်ဖ်ဟာ အေဘရာမိုဗစ်ချ်က ချယ်လ်ဆီးအသင်းကို ရောင်းချဖို့ ဆုံးဖြတ်ပြီး နောက် ပေါင် ၄.၂၅ ဘီလီယံနဲ့ ကမ်းလှမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တာပါ။
ရက်ကလစ်ဖ်ဟာ ချယ်လ်ဆီးအသင်းကို ဝယ်ယူဖို့ မအောင်မြင်ပြီးနောက် ယူနိုက်တက်ကို ဝယ်ယူဖို့ ကြိုးစားလာခဲ့ ပါတယ်။
ဒီနောက်မှာတော့ ဂျိုရယ်လ်နဲ့ အေဗရန်ဂလေဇာတို့ ညီအစ်ကိုနှစ်ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီတုန်းက မရောင်းချချင်ဘူးလို့ ပြောခဲ့တာကြောင့် ဗြိတိန်ဘီလျံနာဟာ နောက်ဆုတ် သွားခဲ့တာ ဖြစ်ပါတယ်။
အခုအချိန်မှာတော့ ဂလေဇာမိသားစုရဲ့ ရပ်တည်ချက် ပြောင်းလဲလာတာကြောင့် ဝယ်ယူဖို့ လုပ်ငန်းစဉ်တွေမှာ ပါဝင်လာခဲ့တာပါ။
ယူနိုက်တက်အသင်းကိုတွေ့ရစဉ်
Ineos အဖွဲ့ဟာ ပြင်သစ်ကလပ် နိုက်စ်နဲ့ ဆွစ်ဇာလန်ကလပ် လူဇန်အသင်းတို့ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
၂၀၀၅ ကတည်းက ယူနိုက်တက်အသင်းကို ပိုင်ဆိုင်ခဲ့တဲ့ ဂလေဇာ မိသားစုဟာ ပရိသတ်တွေရဲ့ ဆန့်ကျင် ကန့်ကွက်မှုတွေကြောင့် အသင်းကို အမြန်ဆုံး ရောင်းချနိုင်ဖို့ လုပ်ဆောင်နေတာပါ။
ယူနိုက်တက် ပရိသတ်တွေဟာ ဂလေဇာမိသားစုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို မကြာသေးခင်က နှစ်တွေမှာ အများအပြား ပြသထားကြတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းက “ဘုတ်အဖွဲ့ဟာ ကလပ်ထံကို ရင်းနှီးမြှုပ်နှံမှုအသစ်၊ ရောင်းချတာ ဒါမှမဟုတ် ကုမ္ပဏီနဲ့ ပတ်သက်တဲ့ အခြားလွှဲပြောင်းမှုတွေ အပါအဝင် ဗျူဟာမြောက် ရွေးချယ်စရာတွေကို ထည့်သွင်းစဉ်းစား သွား မယ်”လို့ နိုဝင်ဘာလက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီ နည်းပြ အဲရစ်တန်ဟတ် လက်ထက်မှာ အကောင်းဆုံးပုံစံ ပြန်လည်ရရှိနေပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 671
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၇
ယူနိုက်တက်အသင်းဟာ ရက်ရှ်ဖို့ဒ်နဲ့ ၅ နှစ် စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် တစ်ပတ်ပေါင် ၃၀၀,၀၀၀ သိန်းထက်ပိုပြီး မပေးချင်ဘူးလို့ သိရပါတယ်။
ယူနိုက်တက်အသင်းဟာ လစာပေးချေဖို့နဲ့ ပတ်သက်ပြီး ပြန်လည် ပြုပြင်ထားတဲ့ အရာကို မချိုးဖျက်ချင်တာ ကြောင့် ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဆန်းချက်ဇ်ကို ခေါ်ယူခဲ့တုန်းက တစ်ပတ်လုပ်ခ ပေါင် ၅၀၀,၀၀၀ ပေးခဲ့ရလို့ အသင်း အတွင်း အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် ကစားသမားတစ်ဦးကို ပေါင် ၃၀၀,၀၀၀ သိန်းထက် ကျော်လွန်ပြီး မပေးချင်တော့တာပါ။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နှစ်တွေမှာ ရော်နယ်ဒိုနဲ့ ပေါ့ဘာတို့ကို လုပ်ခလစာ အများကြီးပေးခဲ့ရတာ ဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိ ရက်ရှ်ဖို့ဒ်ဟာ လက်ရှိအချိန်မှာ တစ်ပတ်လုပ်ခပေါင် ၂၀၀,၀၀၀ ရရှိနေပြီး စာချုပ်သစ် အတွက် လစာရဲ့ ၅၀ ရာခိုင်နှုန်း တိုးပေးဖို့ ရှိနေတာပါ။
ရက်ရှ်ဖို့ကို တွေ့ရစဉ်
ယူနိုက်တက်အသင်းရဲ့ လုပ်ခလစာ အများဆုံး ရရှိတဲ့ ကစားသမားက ဂိုးသမား ဒီဂီယာဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၃၇၅,၀၀၀ သိန်း ရရှိနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီဂီယာနဲ့ ယူနိုက်တက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာပါ။
အဲ့ဒါကြောင့် ဒီဂီယာဟာ ပေါင် ၂၇၅,၀၀၀ သိန်းလျှော့ယူပြီး စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ အသင်းရဲ့ လုပ်ခလစာ အများဆုံးရ ကစားသမားတွေကို တစ်ပတ်လုပ်ခ ပေါင် ၂၀၀,၀၀၀ ကနေ ၃၀၀,၀၀၀ ကြားထဲမှာသာ ထားချင်နေတာပါ။ ဒါက အဝတ်စား လဲခန်းအတွင်းမှာ အဆင်ပြေအောင် ကူညီ ပေးနိုင်လိမ့်မယ်လို့ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က ယုံကြည်နေတာ ဖြစ်ပါတယ်။
မန်ချက်စတာကလပ်ဟာ ရက်ရှ်ဖို့ဒ်ကို စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ဦးစားပေးအဖြစ် လုပ်ဆောင်နေတာဖြစ်ပြီး ဒီဇင်ဘာလကမှ စာချုပ်ပါ အချက်အတိုင်း ၁ နှစ် သက်တမ်းတိုးခဲ့တာပါ။
ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်းက စိတ်ဝင်စားနေတာကြောင့် ကလပ်အသင်းက ကာလကြာရှည် စာချုပ် တစ်ရပ်ကို ချုပ်ဆိုဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အင်္ဂလန်ကစားသမားဟာ ဒီရာသီမှာ ယူနိုက်တက် အသင်း အတွက် ခြေစွမ်းပြသနေပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ ယူနိုက်တက် အသင်းအတွက် ၂၅ ပွဲ ပါဝင်ကစားထားပြီး ၁၅ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: Thu Sun
- By CNI
- Category: အားကစား
- Hits: 828
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၇
ယူကရိန်းသံအမတ်ကြီးက လူအုပ်ကြီးထဲမှာ ရုရှားအလံကို မြင်တွေ့လိုက်ရပြီးနောက် အရေးယူပေးဖို့ တောင်းဆို ခဲ့တာကြောင့် ဩစတြေးလျတင်းနစ်ဟာ ပြိုင်ပွဲမှာ ရုရှားနဲ့ ဘယ်လာရုစ်အလံကို ဇန်နဝါရီ ၁၇ ရက်က ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။
ဩစတြေးလျတင်းနစ်က “ဩစတြေးလျအိုးပန်းမှာ ရုရှားနဲ့ ဘယ်လာရုစ်အလံတွေကို ပိတ်ပင်ထားပါတယ်။ မနေ့က အလံတွေ့ခဲ့တဲ့အဖြစ်အပျက်တစ်ခုရှိပါတယ်။ဒီ ပိတ်ပင်မှုက ချက်ချင်းကို အကျိုးသက်ရောက်မှု ရှိစေ မှာပါ။တင်းနစ်အားကစားမှာ အကောင်းဆုံးဖြစ်နိုင်ခြေရှိတဲ့ ပတ်ဝန်းကျင်ဖြစ်လာနိုင်အောင် ကစားသမားတွေ၊ ပရိသတ်တွေနဲ့ဆက်ပြီး လက်တွဲလုပ်ဆောင်သွားမှာပါ” လို့ ထုတ်ပြန်ခဲ့တာပါ။
ရုရှားရဲ့ အဖြူရောင်၊ အပြာရောင်နဲ့ အနီရောင်အစင်းကြား ပါဝင်တဲ့အလံကို ယူကရိန်းက ဘိုင်ဒယ်လ်နဲ့ ရုရှားက ရာခီမိုဗာတို့ တွေ့ဆုံခဲ့တဲ့ ပထမအဆင့်ပွဲစဉ်အတွင်းမှာ တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။ရုရှားဟာ ယူကရိန်းကို ကျူးကျော်ပြီးကတည်းက ရုရှားနိုင်ငံရဲ့ အားကစားသမားတွေဟာ ကြားနေအလံအောက်မှာသာ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာပါ။ဩစတြေးလျနဲ့ နယူးဇီလန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ် မိုင်ရိုရှနီချန်ကိုက အလံ တွေ့မြင်ပြီးနောက် အရေးယူပေးဖို့ ပြောခဲ့တာဖြစ်ပါတယ်။
မိုင်ရိုရှနီချန်ကိုက “ဩစတြေးလျအိုးပန်းဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ယူကရိန်းကစားသမားရဲ့ ပွဲအတွင်းမှာ ရုရှား အလံကို လူအများရှေ့မှာပြသထားတာကို ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်။ဩစတြေးလျတင်းနစ်အနေနဲ့ ကြားနေ အလံမူဝါဒကို ချက်ချင်းလိုက်နာဖို့ တောင်းဆိုတယ်လို့” တွစ်တာမှာ ရေးသားခဲ့တာပါ။
ဒီပွဲမှာ ဘိုင်ဒယ်လ်က ၇-၅ ၆-၇၊ ၆-၁ နဲ့ အနိုင်ရပြီး ဒုတိယအဆင့်မှာ အမေရိကန်က မက်နယ်လီနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။မိုင်ရိုရှနီချန်ကိုဟာ ပြီးခဲ့တဲ့အပတ်ကတည်းက ဩစတြေးလျအိုးပန်းပြိုင်ပွဲမှာ ရုရှားနဲ့ ဘယ်လာရုစ် ကစားသမားတွေကို ပိတ်ပင်ဖို့ တိုက်တွန်းခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်က ဝင်ဘယ်လ်ဒန်အိုးပန်းဟာ ရုရှားနဲ့ ဘယ်လာရုစ်ကစားသမားတွေကို ပိတ်ပင်ခဲ့လို့ တင်းနစ် အဖွဲ့ချုပ်က ဒီပြိုင်ပွဲရဲ့ ရမှတ်တွေကို ဖယ်ရှားပစ်ခဲ့တာဖြစ်ပါတယ်။
Source:ChannelNewsAsia
- By CNI
- Category: အားကစား
- Hits: 737
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၇
ရှက်တာဒိုးနက်အသင်းဟာ မူဒရစ်ကို ချယ်လ်ဆီးအသင်းထံ ရောင်းချလို့ရတဲ့ ငွေကြေးထဲက ပေါင် ၂၂ သန်းကို ယူကရိန်းစစ်ပွဲအတွက် အသုံးပြု လှူဒါန်းသွားမယ်လို့ ဥက္ကဋ္ဌ ရီနတ်အာခမန်တက်ဗ်က ပြောလိုက်ပါတယ်။
ရီနတ်အာခမန်တက်ဗ်က “မာရီပေါလ်က ကာကွယ်ရေးသမားတွေနဲ့ ကျဆုံးသွားတဲ့ စစ်သားတွေရဲ့ မိသားတွေကို ကူညီဖို့ ရည်ရွယ်ထားတဲ့ ပရောဂျက်တစ်ခုကို စတင်ဖို့ ကျနော်ဆုံးဖြတ်ခဲ့ပါတယ်။ ပေါင် ၂၂ သန်းကို ကျနော်တို့ရဲ့ စစ်သားတွေ၊ ကာကွယ်ရေးသမားတွေနဲ့ မိသားစုတွေကို ကူညီနိုင်ဖို့အတွက် ခွဲဝေပေးဖို့ လုပ်ဆောင် ပေးနေပါတယ်။ ဆေးဘက်ဆိုင်ရာတွေ၊ ခြေတုလက်တု ကုသမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ကူညီမှုကနေ သီးခြား တောင်းဆိုမှုတွေ ပြည့်ဝဖို့အထိ လိုအပ်ချက်အမျိုးမျိုးကို ကာမိဖို့ ငွေကြေးတွေကို အသုံးပြုသွားမယ်”လို့ ပြောခဲ့တာပါ။
မူဒရစ်ဟာ ချယ်လ်ဆီးအသင်းကို ပေါင် ၈၉ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဒါဟာ ယူကရိန်းဘောလုံးသမိုင်းမှာ စံချိန်တင် ပြောင်းရွှေ့ကြေးလည်း ဖြစ်ခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲအတွင်းက ဒဏ်ရာရသူများကို ကယ်ထုတ်နေစဉ်
ယူကရိန်းနိုင်ငံရဲ့ ထွန်းတောက်လာမယ့် ကြယ်ပွင့် ကစားသမားအဖြစ် သတ်မှတ်ခံထားရတဲ့ မူဒရစ်ကို ချယ်လ်ဆီး အသင်းထံ ရောင်းချခဲ့လို့ ခံစားချက်တွေ ရောထွေးနေတယ်လို့လည်း ရှက်တာဒိုးနက်အသင်း ဥက္ကဋ္ဌက ပြောခဲ့တာပါ။
ရီနတ်အာခမန်တက်ဗ်က “ကျနော့်အိပ်မက်က ဥရောပဆုဖလားတွေ ရဖို့ဆိုတာကို ဘယ်တော့မှ လျှို့ဝှက်ထား ခြင်း မရှိပါဘူး။ ကျနော် ပြောချင်တာက မူဒရစ်လို ကစားသမားမျိုးနဲ့ ဥရောပဆုဖလားတွေကို ရယူသင့်တယ် ဆိုတာပါ။ ဒါပေမယ့် ကျနော်တို့ဟာ ရုရှားရဲ့ မျှတမှုမရှိတဲ့ စစ်ပွဲကို တိုက်ခိုက်နေရလို့ ဒါက အခုအချိန်မှာ ဖြစ်နိုင် မှာ မဟုတ်ဘူး”လို့ ပြောခဲ့ပါတယ်။
ရှက်တာဒိုးနက်အသင်းဟာ ချယ်လ်ဆီးအသင်းနဲ့ ဒွန်ဘတ်စ်ကွင်းမှာ ခြေစမ်းပွဲကစားဖို့ ရှိတယ်လို့လည်း သူက ပြောခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ အာဆင်နယ်အသင်းကို အသာရပြီး မူဒရစ်ကို ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ၈ နှစ်ခွဲ စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။
မူဒရစ်ဟာ အခုအပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်းရဲ့ ကစားသမားခေါ်ယူမှု ၅ ဦးမြောက် ကစားသမားလည်း ဖြစ်လာတာပါ။
မူဒရစ်ဟာ ဒီတစ်ပတ် ကစားမယ့် လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲမှာ ချယ်လ်ဆီးအသင်းအတွက် ပွဲဦး ထွက်အဖြစ် ပါဝင်လာနိုင်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 692
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၇
ရော်နယ်ဒိုဟာ ပီအက်စ်ဂျီအသင်းနဲ့ ဇန်နဝါရီ ၁၉ ရက်မှာ ကစားမယ့် ခြေစမ်းပွဲမှာ ဆော်ဒီအောလ်စတား အသင်း အတွက် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒီပွဲဟာ ရော်နယ်ဒိုအတွက် အယ်လ်နာဆာအသင်းကို ပြောင်းရွှေ့ပြီးနောက် ပထမဆုံး ကစားမယ့် ပွဲဖြစ်လာမှာပါ။
ဒါပေမယ့် ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ အယ်လ်ဟီလယ်အသင်းတို့ ပေါင်းစပ်ထားတဲ့ အောလ်စတား အသင်းအတွက် ကစားပေးရမှာ ဖြစ်ပါတယ်။
ရော်နယ်ဒိုကို ဆော်ဒီနိုင်ငံရဲ့ တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ တာကီအယ်လ်ရှိတ်က ဒီပွဲအတွက် အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူဖို့ လက်ပတ် ဝတ်ဆင်ပေးနေတဲ့ ဗွီဒီယိုကို သူ့ရဲ့တွစ်တာမှာ တင်ထားခဲ့တာပါ။
အဲ့ဒါကြောင့် ရော်နယ်ဒိုဟာ သူ့ရဲ့ ဆော်ဒီ ပထမဆုံးပွဲမှာ အသင်းခေါင်းဆောင် အဖြစ်နဲ့ ပြိုင်ဘက်ကြီး မက်ဆီ ပါဝင်တဲ့ ပီအက်စ်ဂျီအသင်းကို ဧည့်ခံရတော့မှာ ဖြစ်ပါတယ်။
ရော်နယ်ဒိုကို အသင်းခေါင်းဆောင် လက်ပတ်ကို ပတ်ပေးနေစဉ်
ဒီပွဲဟာ သူတို့နှစ်ဦးအတွက် ဥရောပပြင်ပမှာ ပထမဆုံး တွေ့ဆုံရမယ့် ပွဲစဉ်လည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ ရီးရယ်လ်နဲ့ ဘာစီလိုနာအသင်းတို့မှာ ကစားချိန်က အကြိမ်ကြိမ် တွေ့ဆုံခဲ့ပေမယ့် ပေါ်တူဂီ ကစားသမား ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့သွားပြီးချိန်မှာ ၁ ကြိမ်သာ တွေ့ဆုံခဲ့တာပါ။
အဲ့ဒါကတော့ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလက ဂျူဗင်တပ်စ်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာဖြစ်ပြီး အဲ့ဒီ နောက်ပိုင်း တွေ့ဆုံခြင်း မရှိတော့ပါဘူး။
မက်ဆီကိုလည်း ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းက ငွေကြေး အများပေးပြီး ခေါ်ယူဖို့ လုပ်ဆောင်နေပါ တယ်။ ဒါကြောင့် မက်ဆီသာ အယ်လ်ဟီလယ်ကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ရော်နယ်ဒိုနဲ့ ဆော်ဒီလိဂ်မှာ ပြိုင်ဘက် အဖြစ် ပြန်လည် တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းနဲ့ ၂၀၂၅ အထိ စာချုပ်ချုပ်ဆိုထားတဲ့ ရော်နယ်ဒိုဟာ အက်ဖ်အေက ချမှတ်ထားတဲ့ ပွဲပယ် ပြစ်ဒဏ်ကြောင့် လက်ရှိအချိန်ထိ အယ်လ်နာဆာ အသင်းအတွက် ပွဲထွက်ခွင့် မရသေးပါဘူး။
ဒီနောက် ပွဲပယ်ပြစ်ဒဏ် ပြည့်မြောက်သွားပြီဆိုရင် အခုတစ်ပတ် အယ်လ်အီတီဖတ်နဲ့ ကစားမယ့် ပွဲမှာ ရော်နယ်ဒို ဟာ အယ်လ်နာဆာအသင်းအတွက် ပွဲထွက်နိုင်တော့မှာလည်း ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 2211
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၆
ဂျမေကာဘဏ္ဍာရေး အာဏာပိုင်တွေဟာ ကြီးမားတဲ့ လိမ်လည်မှုမှာ သန်းပေါင်းများစွာ ဆုံးရှုံးသွားနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် အူစိန်ဘို့စ်ရဲ့ ရင်နှီးမြှုပ်နှံမှုတွေ လုပ်ကိုင်နေတဲ့ ကုမ္ပဏီကို စုံစမ်းစစ်ဆေးမှု တွေ စတင်လိုက်ပြီ ဖြစ်ပါတယ်။
ကင်စတန်မှာ အခြေစိုက်တဲ့ Stocks & Securities Ltd ဟာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခံရချိန်မှာ သူတို့ရဲ့ ကြီးကြပ်မှုအောက်မှာသာ နေထိုင်ရမှာပါ။
အူစိန်ဘို့စ်ရဲ့ မန်နေဂျာ နူဂျန့်ဝေါ်လ်ကာက အနားယူသွားပြီဖြစ်တဲ့ အပြေးသမားဟာ အဆိုပါကုမ္ပဏီနဲ့ ဆယ်စုနှစ် တစ်ခုကျော်ကြာ ရင်နှီးမြှုပ်နှံမှုတွေ လုပ်ကိုင်ခဲ့တယ်လို့ The Gleaner သတင်းစာကို ပြောခဲ့တာ ဖြစ်ပါတယ်။
အူစိန်ဘို့စ်ရဲ့ အကောင့်ထဲကနေ ဒေါ်လာ သန်းပေါင်းများစွာ ပျောက်ဆုံးနေတယ်လို့ နိုင်ငံတကာ သတင်းစာ တွေမှာ ဖော်ပြနေကြပါတယ်။
နူဂျန့်ဝေါ်လ်ကာက “ကျနော်တို့ဟာ အောက်ခြေအဆင့်ထိ ရောက်အောင် သက်ဆိုင်ရာ အဆင့်တွေ အားလုံး လုပ်ပြီးသွားပါပြီ။ သူဟာ ဒီအဖွဲ့အစည်းနဲ့ လုပ်ကိုင်တာ ၁၀ နှစ် ကျော်ပါပြီ။ အူစိန်ဘို့စ်က ဒါတွေကို ပြန်သုံး သပ်နေပါပြီ”လို့ ပြောခဲ့ပါတယ်။
ပြေးခုန်ပစ် ချန်ပီယံ အူစိန်ဘို့စ်ကိုတွေ့ရစဉ်
အူစိန်ဘို့စ်ဟာ သူ့အကောင့်ထဲမှာ ရှိနေတာနဲ့ ကွဲလွဲမှုတွေဖြစ်တာကို သတိပြုမိရင်းနဲ့ အခုလိုတွေ ဖြစ်လာခဲ့တာပါ။
ကမ္ဘာ့ချန်ပီယံဆုကို ၁၁ ကြိမ် ရရှိတာ အပါအဝင် အိုလံပစ်ရွှေတံဆိပ် ၈ ကြိမ် ရရှိထားတဲ့ အူစိန်ဘို့စ်ဟာ ၂၀၁၇ မှာ ပြေးခုန်ပစ် ကစားသမားဘဝကနေ အနားယူခဲ့တာ ဖြစ်ပါတယ်။
ဂျမေကာ အပြေးသမားဟာ ၂၀၀၈ ဘေဂျင်းအိုလံပစ် ပြိုင်ပွဲရဲ့ မီတာ ၁၀၀ နဲ့ ၂၀၀ ပြိုင်ပွဲတွေမှာ အနိုင်ရခဲ့ပြီး ကမ္ဘာ့ စံချိန်သစ်တွေ တင်နိုင်ခဲ့တာကြောင့် နာမည်ကြီး လာခဲ့တာပါ။
ဒီနောက် အူစိန်ဘို့စ်ဟာ ၂၀၁၂ လန်ဒန်နဲ့ ၂၀၁၆ ရီယိုအိုလံပစ် ပြိုင်ပွဲတွေမှာလည်း မီတာ ၁၀၀ နဲ့ မီတာ ၂၀၀ ပြိုင်ပွဲတွေမှာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
အူစိန်ဘို့စ်ဟာ ပရော်ဖက်ရှင်နယ် ဘောလုံးလောကဘက်ကို ကူးပြောင်းဖို့ စဉ်းစားခဲ့ပြီး ၂၀၁၈ က သြစတြေးလျ အေလိဂ်ကလပ် စင်ထရယ်ကို့စ်မာရီနာ အသင်းအတွက် ခြေစမ်းပွဲတစ်ပွဲ ပါဝင်ကစားခဲ့သေးတာ ဖြစ်ပါတယ်။
Source: Aljazeera
- By CNI
- Category: အားကစား
- Hits: 780
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၆
ယူနိုက်တက် နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ၈ မှတ်ဖြတ်ပြီး ဦးဆောင် နေတဲ့ အာဆင်နယ်က ဒီရာသီ အမှတ်ပေးဖလားကို မရနိုင်ဘူးလို့ ပြောလိုက်ပါတယ်။
ဂယ်ရီနဗီးလ်က “ အာဆင်နယ်က ပရီးမီးယားလိဂ်ဖလား ရနိုင်မှာ မဟုတ်ပါဘူး။ ဒီဖလားကို မန်စီးတီးပဲ ရယူသွား ပါလိမ့်မယ်၊ ယူနိုက်တက်ကတော့ အဆင့် ၂ နေရာနဲ့ ရာသီအဆုံးသတ် နိုင်မယ်လို့ ထင်ပါတယ်။ ဒါက အာဆင်နယ် ပရိသတ်တွေကို စိတ်အနှောင့်အယှက် ဖြစ်မယ်ဆိုတာ ကျနော်သိပါတယ်။ ဒါပေမယ့် အမှတ်ပေးဖလားကို အာဆင်နယ်က မန်စီးတီးထက် ပိုပြီးလိုချင်နေတာဖြစ်ပြီး ဒါက ပရီးမီးယားလိဂ်အတွက် အလွန်စိတ်လှုပ်ရှားဖွယ် ဖြစ်မယ်လို့ ထင်ပါတယ်။ ယူနိုက်တက်ကိုတော့ ဒီဆုဖလား ရစေချင်ပေမယ့် ဒီရာသီမှာတော့ ဖြစ်လာမှာ မဟုတ်ပါ ဘူး”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးပုံစံ ရရှိနေတာဖြစ်ပြီး ၁၈ ပွဲ ကစားအပြီးမှာ ၁၅ ပွဲအထိ အနိုင်ရကာ ရှုံးပွဲ ၁ ပွဲသာ ရှိသေးတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ နောက်ပိုင်း ကစားခဲ့တဲ့ ပွဲတွေမှာ ရလဒ်တွေဆိုးနေပြီး အဲဗာတန်နဲ့ ၁ ဂိုးစီသရေ ကျခဲ့သလို ယူနိုက်တက်အသင်းကိုလည်း အရေးနိမ့်ခဲ့တာကြောင့် ရမှတ်တွေ ဆုံးရှုံးခဲ့ရတာပါ။
မန်စီးတီးနဲ့ယူနိုက်တက်အသင်းကိုတွေ့ရစဉ်
ဒါပေမယ့် ဂယ်ရီနဗီးလ်က မန်စီးတီးအသင်းရဲ့ လူစာရင်းနဲ့ အရည်အသွေးက နောက်ဆုံးမှာ အာဆင်နယ်ကို အနိုင် ရသွားမှာလို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ဂယ်ရီနဗီးလ်က “အာဆင်နယ်က မန်စီးတီးနဲ့ ၂ ပွဲ ကစားဖို့ ရှိပါတယ်။ ဟာလန်းက ဂိုးသွင်းခွင့်တွေ ပြန်ရပြီး မန်စီးတီးရဲ့ ခံစစ်စွမ်းဆောင်ရည်က တိုးတက်ဖို့လိုပါတယ်။ မန်စီးတီးအတွက် လိုအပ်နေတဲ့ ရူဘင်ဒီယတ်ဇ်သာ ပြန်လာနိုင်ရင် မန်စီးတီး အနိုင်ရသွားမှာပါ။ အဲ့အချိန်က ဒီရာသီ အာဆင်နယ်အတွက် အလွန်ခက်ခဲတဲ့ ကာလ ဖြစ်သွား နိုင်ပါတယ်။ အာဆင်နယ်က ဒီပုံစံအတိုင်းပဲ ဆက်သွားနေမယ်လို့ ကျနော်ကတော့ မထင်ပါဘူး”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ဖလားကို ၂၀၀၃-၀၄ ရာသီက နောက်ဆုံး ရရှိခဲ့တာကြောင့် ဒီရာသီမှာ ပြန်လည် ရယူနိုင်ဖို့ စိတ်ဆန္ဒ ပြင်းပြနေတာ ဖြစ်ပါတယ်။
နည်းပြ အာတီတာ ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ မျှော်လင့်တယ်လို့ ထုတ်ပြောထား တာပါ။ လန်ဒန်ကလပ်ဟာ ဒီတစ်ပတ်မှာတော့ သူတို့ကို ဒီရာသီ ပရီးမီးယားလိဂ်မှာ အနိုင်ယူထားတဲ့ တစ်သင်း တည်းသော အသင်းဖြစ်တဲ့ ယူနိက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 1286
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၆
အာဆင်နယ်အသင်းနည်းပြ အာတီတာက မြောက်လန်ဒန် ဒါဘီပြိုင်ဘက် စပါးအသင်းကို အနိုင်ရပြီး ပရီးမီးယား လိဂ်မှာ ၈ မှတ် ဖြတ်နိုင်ခဲ့ပြီးနောက် အချိန်တိုင်းကို ပျော်ရွှင်စွာ ဆင်နွှဲကြဖို့ အသင်းကို ပြောလိုက်ပါတယ်။
အာတီတာက “အကြောင်းပြချက် ၂ ခုကြောင့် ကျနော်အလွန်ပျော်ရွှင် နေပါတယ်။ တစ်ခုက စိတ်ပိုင်းဖြတ်ထားမှု တွေ၊ အရည်အသွေးတွေ အများကြီးကို တွေ့မြင်ခဲ့ရသလို ကျနော်တို့ဟာ ဒီကိုလာပြီး ပွဲကို အမှန်တကယ် အနိုင်ရ ချင်ခဲ့တာပါ။
နောက်တစ်ခုကတော့ ကျနော်တို့ရဲ့ လုပ်ဆောင်မှုတွေနဲ့ လူအများအပြားကို ပျော်ရွှင်အောင် လုပ်နိုင်ခဲ့ ပါတယ်။ ပရိသတ်တွေနဲ့ အောင်ပွဲခံရတာက တကယ်ကိုကောင်းမွန်တဲ့ ခံစားချက်ဖြစ်ပြီး ဒီလိုတွေခံစားရတာက အဓိပ္ပါယ် အများကြီးရှိပါတယ်။
အဝတ်လဲခန်းထဲ ရောက်သွားချိန်မှာ အသင်းသားတွေရဲ့ ပျော်ရွှင်မှု ခံစားခဲ့ရပါ တယ်”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဒီပွဲမှာ စပါးအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဒါဟာ စပါးကွင်းမှာ ၂၀၁၄ ခုနှစ်၊ မတ်လ နောက်ပိုင်းမှာ ပထမဆုံး နိုင်ပွဲရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၁၈ ပွဲ ကစားအပြီးမှာ ၁၅ ပွဲထိ အနိုင်ရထားကာ ရမှတ် ၄၇ မှတ် အထိ ရယူထားနိုင်ခဲ့တာပါ။
စပါးအသင်းဘက်ကို အာဆင်နယ်အသင်းက ဂိုးသွင်းနေစဉ်
လန်ဒန်ကလပ်ဟာ အဆင့် ၂ နေရာက မန်စီးတီးအသင်းကို ၈ မှတ်အထိ ဖြတ်ထားနိုင်တာကြောင့် အခုနှစ်ရာသီ ပရီးမီးယားလိဂ်ဖလား ရနိုင်ဖို့ အခြေအနေ ကောင်းနေခဲ့တာ ဖြစ်ပါတယ်။
အာတီတာက “ကျနော်တို့ရဲ့ ကစားပုံ၊ ပြုမူနေထိုင်ပုံ၊ သွားနေတဲ့ပုံစံနဲ့ အတူလက်တွဲမှုတွေကြောင့် ဒီနေရာမှာ ရောက်နေတယ်ဆိုတာ သိပါတယ်။ မနက်ဖြန်မှာလည်း ဒီအတိုင်းပဲ ဆက်ပြီး ကြိုးစားရမယ်ဆိုတာကို ကျနော်တို့ မေ့ထားလို့ မရပါဘူး။ ဒီပွဲကို အနိုင်ရတာက ကျနော်တို့အတွက် အဓိပ္ပါယ်တွေ အများကြီး ရှိပါတယ်။ ၈ မှတ်ဆို တာက အလွန်ကောင်းမွန်တဲ့ အနေအထားပါ။ အဲ့ဒါကြောင့် ကျနော်တို့ဟာ အချိန်တိုင်းကို ပျော်ရွှင်စွာနဲ့ သွားကြ မယ်”လို့ ပြောခဲ့တာပါ။
အာဆင်နယ်နဲ့ စပါးအသင်းတို့ ပွဲစဉ်အပြီးမှာ အာဆင်နယ် ဂိုးသမား ရမ်စဒေးလ်ဟာ စပါးပရိသတ်ရဲ့ တိုက်ခိုက်မှုနဲ့ ကြုံတွေ့ခဲ့ရပါသေးတယ်။
ဒီပရိသတ်ဟာ ရမ်စဒေးလ် ဂိုးတိုင် အနောက်ဘက် ရောက်ရှိလာချိန်မှာ ကန်ကျောက်ခဲ့တာပါ။ စပါးအသင်း ကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ကာ ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အာဆင်နယ်အသင်းဟာ အခုလာမယ့် အပတ်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 608
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၆
ဘာစီလိုနာအသင်းဟာ စပိန်စူပါဖလားဗိုလ်လုပွဲအဖြစ် ရီးရယ်လ်အသင်းနဲ့ ကစားခဲ့တာမှာ ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းအတွက် ဂိုးတွေကို ဂါဗီ၊ လီဝန်ဒေါစကီးနဲ့ ပီဒရီတို့က သွင်းယူခဲ့တာဖြစ်ပြီး ရီးရယ်လ်အတွက် ချေပဂိုးကို ပွဲချိန်မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပိုမှာ ဘန်ဇီမာက သွင်းယူခဲ့တာပါ။ စပိန်စူပါဖလားဟာ ဇာဗီ အတွက်တော့ ဘာစီလိုနာနည်းပြဘ၀ ပထမဆုံးရယူနိုင်ခဲ့တဲ့ ဆုဖလားလည်းဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာအသင်း ဟာ စပိန်စူပါဖလားကို ၂၀၁၈ က နောက်ဆုံးရယူခဲ့တာကြောင့် ၅ နှစ်အကြာမှ ပထမဆုံးအကြိမ် ဒီဆုဖလားကို ပြန်လည်ရယူနိုင်ခဲ့တာပါ။
ဘာစီလိုနာအသင်းနည်းပြ ဇာဗီက ဒီပွဲအနိုင်ရခဲ့တာကြောင့် သူ့ရဲ့ ကစားသမားတွေဟာ မျှတမှုမရှိတဲ့ ဝေဖန်မှု တွေကနေ လွတ်မြောက်လာခဲ့ပြီလို့ ပြောခဲ့ပါတယ်။
ဇာဗီက “ကျနော်တို့မှာ တကယ်ကိုကောင်းမွန်တဲ့ မျိုးဆက်တွေရှိပြီး ဆုဖလားရဖို့အတွက် သူတို့ရဲ့ ဆာလောင်မှု တွေကို ခင်ဗျားတို့ မြင်တွေ့ရမှာပါ။ကစားသမားတွေအတွက် ကျနော်ပျော်ရွှင်ပါတယ်။ သူတို့တွေဟာ မျှတမှုမရှိတဲ့ ဝေဖန်မှုတွေ အများကြီး ခံထားရပြီးပါပြီ။ဒီနေ့မှာတော့ သူတို့တွေ လွတ်မြောက်သွားခဲ့ပါပြီ။ ဒီဆုဖလားဟာ ပရိသတ်တွေအတွက်လည်း အရေးပါတယ်။မကြာသေးခင်က နှစ်တွေမှာ မက်ဆီထွက်ခွာသွားမှု၊ ဘဏ္ဍာရေး အခက်အခဲစတာတွေကို မြင်တွေ့ခဲ့ရပါတယ်။ဒါက အားလုံးရဲ့ ပထမဆုဖလားဖြစ်မယ်လို့ ထင်ကြောင်း” ပြောခဲ့ တာပါ။
ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့နှစ်က ဆုဖလားလက်မဲ့ဖြစ်ခဲ့ပြီးနောက် ဒီရာသီမှာ လီဝန်ဒေါစကီးအပါအဝင် ကစားသမားတချို့ကို အားဖြည့်ခဲ့ပြီး အသင်းကို ပြန်လည်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ စပိန်ကလပ်ဟာ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပေမယ့် နောက်ပိုင်းမှာ ရလဒ်ပိုင်းတွေ ပြန်လည်ကောင်းမွန်လာခဲ့ပြီး စပိန်လာလီဂါ အမှတ်ပေးဇယားမှာ ရီးရယ်လ်အသင်းထက် ၃ မှတ်အသာရကာ ရပ်တည်နေတာပါ။
ဘာစီလိုနာအသင်းဟာ ကြားရက်မှာ ကိုပါဒယ်ရေးဖလား ၁၆ သင်းအဆင့်ပွဲစဉ်အဖြစ် အေဒီဆူတာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲပြီးရင်တော့ ဂီတာဖေးနဲ့ လာလီဂါပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:Espn

- By CNI
- Category: အားကစား
- Hits: 631
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၄
စပါးအသင်းနည်းပြ ကွန်တီက တိုက်စစ်မှူး ဟာရီကိန်းဟာ အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားဆိုတဲ့ စံချိန်အပါအဝင် စံချိန်အားလုံးကို ချိုးဖျက်လိမ့်မယ်လို့ ပြောလိုက်ပါတယ်။
ကွန်တီက “ကျနော်တို့ဟာ ကမ္ဘာ့အဆင့်တိုက်စစ်မှူးတစ်ဦးအကြောင်းကို ပြောနေတာဖြစ်ပြီး သူဟာ စံချိန် တိုင်းကို ကျော်ဖြတ်နိုင်မယ်ဆိုတာ သေချာပါတယ်။သူနဲ့ ဒါက ထိုက်တန်တယ်လို့ ထင်ပါတယ်။သူဟာ စံချိန် တွေကို ကျော်ဖြတ်ဖို့အတွက် မယုံနိုင်စရာကောင်းတဲ့အရာတွေကို လုပ်ဆောင်နေတယ်ဆိုတာ သေချာပါတယ်” လို့ သောကြာနေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်ပြောခဲ့တာပါ။
ဟာရီကိန်းဟာ စပါးအသင်းအတွက် ၂၆၅ ဂိုးသွင်းယူထားပြီး အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမား ဖြစ်တဲ့ ဂျင်မီဂရေ့ဗ်ရဲ့ စံချိန်ကို လိုက်မှီဖို့ ၁ ဂိုးသာ လိုတော့တာ ဖြစ်ပါတယ်။ဟာရီကိန်းဟာ အာဆင်နယ်နဲ့ မြောက် လန်ဒန်ဒါဘီပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင် စပါးအသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဂျင်မီဂရေ့ဗ်နဲ့ ပူးတွဲရပ်တည်တော့မှာပါ။ဒါ့အပြင် ဟာရီကိန်းဟာ အင်္ဂလန်အသင်းရဲ့ ဂိုးသွင်းအများဆုံး ဝိန်းရွန်နီနဲ့လည်း ၅၃ ဂိုး စီ တူညီသွားခဲ့ပြီဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ်ရှိ ဟာရီကိန်းဟာ ဒီရာသီမှာလည်း စပါးအသင်းရဲ့ တိုက်စစ်ကို ဦးဆောင်နေရတာဖြစ်ပြီး ၂၆ ပွဲ ကစားအပြီးမှာ ၁၇ ဂိုးသွင်းယူထားတာပါ။စပါးအသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ကူလူဆက်ဗ်စကီးနဲ့ ရစ်ချာလီဆန်တို့ဟာ ဒဏ်ရာတွေကြောင့် အနားယူနေခဲ့ရသလို ဆွန်ဟောင်မင်ကလည်း ခြေစွမ်းပိုင်းကျဆင်းနေ တာကြောင့် အင်္ဂလန်အသင်းခေါင်းဆောင်ဟာ တိုက်စစ်ပိုင်းကို ပိုပြီးတာဝန်ယူနေရတာဖြစ်ပါတယ်။ ဒဏ်ရာ ကြောင့် အနားယူနေရတဲ့ ကူလူဆက်ဗ်စကီးဟာ အာဆင်နယ်နဲ့ ပွဲမှာ ပြန်လည်ပါဝင်နိုင်မယ်လို့ ကွန်တီက ပြောခဲ့တာပါ။
ကွန်တီက “ကူလူဆက်ဗ်စကီးဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်က ကျနော်တို့နဲ့အတူ လေ့ကျင့်ရေးအစီအစဉ်ရှိခဲ့ပါ တယ်။သူကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ထင်ပါတယ်။ရစ်ချာလီဆန်နဲ့ ဘန်တန်ကာတို့လည်း အခြေအနေ တိုးတက်လာပါပြီ။ကျနော်တို့ဘက်က စိတ်ရှည်ဖို့ အရေးကြီးပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။
စပါးအသင်းဟာ လက်ရှိပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၈ ပွဲကစားထားပြီး ရမှတ် ၃၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။
Source:ChannelNewsAsia