CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃

အဲဗာတန်အသင်းဟာ အသင်းလက်မဲ့ဖြစ်နေတဲ့ ယူနိုက်တက်ကစားသမားဟောင်း လင်ဂတ်ကို အခုရာသီ အကုန်ထိ ကာလတိုစာချုပ်ချုပ်ဆိုဖို့ စဉ်းစားနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

အဲဗာတန်အသင်းဟာ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုကြောင့် ပရီးမီးယားလိဂ်ရဲ့ ၁၀ မှတ်လျှော့ ပြစ်ဒဏ် ချမှတ်ခံထားရပြီး နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲဆက်တိုက်ရှုံးနိမ့်ထားခဲ့တာပါ။ အဲဗာတန်အသင်းဟာ ဒီရှုံးပွဲတွေ ကြောင့် တန်းဆင်းဇုန်ထဲက အသင်းနဲ့ ရမှတ်ကွာဟမှုကျဉ်းမြောင်းလာခဲ့တဲ့အတွက် အခုအပြောင်းအရွှေ့မှာ ကစားသမားအင်အားဖြည့်တင်းဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ အဲဒါကြောင့် ပရီးမီးယားလိဂ်ပွဲပေါင်း ၂၀၀ နီးပါး ပါဝင်ကစားထားပြီး အင်္ဂလန်အသင်းအတွက် ၃၂ ပွဲပါဝင်ကစားထားတဲ့ လင်ဂတ်ဟာ အဲဗာတန်အသင်းရဲ့ ပစ်မှတ် ဖြစ်လာခဲ့တာပါ။

လင်ဂတ်ဟာ ပြီးခဲ့တဲ့ရာသီက နော်တင်ဟမ်ဖောရက်စ်အသင်းမှာကစားခဲ့ပြီး ပွဲပေါင်း ၂၀ ပါဝင်ကစားခဲ့တာမှာ ၂ ဂိုးသာသွင်းယူနိုင်ခဲ့တာကြောင့် အသင်းကသူ့ကို စာချုပ်သက်တမ်းမတိုးဘဲ ထွက်ခွာခွင့်ပေးခဲ့တာဖြစ်ပါတယ်။ လင်ဂတ်ဟာ နော်တင်ဟမ်ဖောရက်စ်အသင်းကနေ ထွက်ခွာအပြီးမှာ အသင်းဟောင်း ဝက်စ်ဟမ်းအသင်းနဲ့ လေ့ကျင့်မှုတွေပြုလုပ်ခဲ့ပေမယ့် အပြောင်းအရွှေ့ဖြစ်ခဲ့ခြင်းမရှိပါဘူး။ ယူနိုက်တက်ကစားသမားဟောင်းဟာ စတီဗင်ဂျရတ်ကိုင်တွယ်နေတဲ့ အယ်လ်အက်တီဖတ်အသင်းနဲ့လည်း လေ့ကျင့်မှုတွေပြုလုပ်ခဲ့ပေမယ့် စာချုပ် အကောင်အထည်ဖော်နိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

အဲဒါကြောင့် လင်ဂတ်ဟာ သူ့ရဲ့ ကြံ့ခိုင်မှုပိုင်းကို ဆက်ပြီးထိန်းနိုင်ဖို့အတွက် တစ်ဦးတည်းလေ့ကျင့်မှုတွေ ပြုလုပ်နေတာပါ။ ယူနိုက်တက်အသင်းမှာ ဆယ်စုနှစ် ၂ ခုကြာဖြတ်သန်းခဲ့တဲ့ လင်ဂတ်ဟာ လက်စတာ၊ ဘာမင်ဂမ်၊ ဘရိုက်တန်နဲ့ ဒါဘီအသင်းတွေမှာလည်း အငှားနဲ့ သွားရောက်ကစားဖူးတာ ဖြစ်ပါတယ်။

Source:DailyMail