CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၀

ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက ကာရာဘောင်းလိဂ်ဖလားဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ မယ်ဒယ်ဘရော့အသင်းကို အရေးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့ကစားဖို့ ရှိသေးတာကြောင့် ဗိုလ်လုပွဲတက်ဖို့ အခွင့်အရေးရှိတယ်လို့ ပြောလိုက်ပါတယ်။

ပိုချက်တီနိုက “ပထမပိုင်းမှာပြုလုပ်ခဲ့တဲ့ အမှားအယွင်းတွေကြောင့် ကျနော်တို့ အပြစ်ပေးခံခဲ့ရတာပါ။ ကျနော်တို့ ဂိုးရနိုင်မယ့်အခွင့်အရေးအများအပြားရှိခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒီရလဒ်ကို ကျနော်စိတ်ပျက်မိပါတယ်။ ကျနော်တို့ စတမ်းဖိုဒ့်ဘရစ်ချ်မှာ နောက်ထပ်မိနစ် ၉၀ ကစားဖို့ရှိပါသေးတယ်။ ကျနော်တို့ အပြုသဘောဆောင်ဖို့ လိုပြီး ဒုတိယအကျော့ပွဲကို အနိုင်ရကာ ဗိုလ်လုပွဲကို တက်ဖို့ အခွင့်အရေးရှိတယ်” လို့ Sky Sports ကို ပြောခဲ့တာ ပါ။

ကာရာဘောင်းဖလားဆီမီးဖိုင်နယ်ပထမအကျော့ ပွဲစဉ်အဖြစ်ကစားခဲ့တဲ့ မယ်ဒယ်ဘရော့နဲ့ ချယ်လ်ဆီးအသင်း တို့ပွဲမှာ မယ်ဒယ်ဘရော့အသင်းက ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဒီပွဲမှာ မယ်ဒယ်ဘရော့အသင်းကို ဘောလုံးပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၁၈ ကြိမ်နဲ့ ဂိုးပေါက် တည့်မှု ၅ ကြိမ်ရှိခဲ့ပေမယ့် ဂိုးမသွင်းယူနိုင်ခဲ့တာပါ။ မယ်ဒယ်ဘရော့အသင်းကတော့ ဂိုးပေါက်ကန်သွင်းမှု ၆ ကြိမ် နဲ့ ဂိုးပေါက်တည့်မှု ၂ ကြိမ်သာရှိခဲ့ပေမယ့် ဂိုးရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ အဝေးကွင်းကို လိုက်ပါအားပေးခဲ့တဲ့ ချယ်လ်ဆီးအသင်းပရိသတ်တွေဟာ အသင်းရဲ့ရှုံးနိမ့်မှုကြောင့် ပွဲအပြီးမှာဒေါသတကြီးတုန့်ပြန်ခဲ့တာပါ။ ပိုချက်တီနိုကတော့ စွမ်းဆောင်ရည်နဲ့ အကဲဖြတ်ပြီး တစ်ပွဲလုံးကို ခြုံကြည့်မယ်ဆိုရင် ချယ်လ်ဆီးအသင်းဟာ ပိုကောင်းတဲ့အသင်းဖြစ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ မယ်ဒယ်ဘရော့ အသင်းနည်းပြ မိုက်ကယ်ကာရစ်က သူတို့ဟာ ဒုတိယအကျော့ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောခဲ့တာပါ။

မိုက်ကယ်ကာရစ်က “ဒုတိယအကျော့က လုံးဝကွဲပြားမှာဖြစ်ပြီး ဒါက စိန်ခေါ်မှုအသစ်ပါ။ ဒီအတွက်လည်း ကျနော်တို့အဆင်သင့်ဖြစ်နေပြီး ဒီပွဲကိုစောင့်မျှော်ကာ စိန်ခေါ်မှုတွေကို လက်ခံသွားမှာပါ” လို့ ပြောခဲ့ပါတယ်။

ချယ်လ်ဆီးနဲ့ မယ်ဒယ်ဘရော့အသင်းတို့ရဲ့ ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်ကို ဇန်နဝါရီ ၂၃ ရက်မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

Source:DailyMail