CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၀ 

ယူနိုက်တက်အသင်းရဲ့ ပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်ဟာ အသင်းရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူပြီး နောက် ပထမဆုံးပွဲစဉ်အဖြစ် ယူနိုက်တက်နဲ့ စပါးအသင်းပွဲစဉ်ကို တက်ရောက်ကြည့်ရှုမယ်လို့ ဗြိတိန်မီဒီယာ တွေက ဖော်ပြထားပါတယ်။

ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ်ရဲ့ INEOS ဟာ ယူနိုက်တက်အသင်းရဲ့ အစုရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ပေါင် ၁.၃ ဘီလီယံနဲ့ ဝယ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တာပါ။ 

INEOS ဟာ ဒီအစုရှယ်ယာကို ဝယ်ယူပြီးနောက်မှာ ယူနိုက်တက်အသင်းရဲ့ အားကစားဆိုင်ရာ ကိစ္စရပ်တွေကို တာဝန်ယူဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

ဆာဂျင်ရက်ကလစ်ဖ်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်နဲ့ နာရီပေါင်း များစွာကြာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာ အပါအဝင် ကလပ်ရဲ့ အဆင့်တိုင်းမှာရှိတဲ့ ဝန်ထမ်းတွေနဲ့လည်း တွေ့ဆုံခဲ့တာပါ။

ဆာဂျင်ရက်ကလစ်ဖ်ဟာ ယူနိုက်တက်အသင်းရဲ့ အစုရှယ်ယာကို ဝယ်ယူပြီးနောက် အသင်းကစားခဲ့တဲ့ ဗီလာ၊ နော်တင်ဟမ်ဖောရက်စ်နဲ့ ဝီဂန်အသင်းတို့ရဲ့ပွဲတွေကို တက်ရောက်ကြည့်ရှုခြင်း မရှိခဲ့ပါဘူး။ 

ဆာဂျင်ရက်ကလစ်ဖ်နဲ့ အဲရစ်တန်ဟတ်ကို တွေ့ရစဉ်

INEOS ရဲ့ အားကစားဒါရိုက်တာ ဆာဒေ့ဗ်ကတော့ ဒီ ၃ ပွဲစလုံးကို ကြည့်ရှုခဲ့ပြီး အမှုဆောင်ချုပ် ဘလန့်စ်ကိုလည်း ဗီလာနဲ့ ဝီဂန်အသင်းတို့ရဲ့ ပွဲတွေမှာ တွေ့ခဲ့ရပါတယ်။ 

ယူနိုက်တက်အသင်းရဲ့ အမာခံပရိသတ်ဖြစ်တဲ့ ဆာဂျင်ရက်ကလစ်ဖ်ကို ဒီပွဲတွေမှာ မတွေ့ရပေမယ့် စပါးအသင်းနဲ အိုးထရက်ဖို့ဒ်မှာ ကစားမယ့် ပွဲစဉ်မှာ ပထမဆုံးအကြိမ် မြင်တွေ့ရမယ်လို့ Daily Mail က ဖော်ပြထားတာပါ။

ယူနိုက်တက်အသင်းရဲ့ ပိုင်ရှင်တွေထဲက တစ်ဦးဖြစ်တဲ့ အေဗရန်ဂလေဇာဟာ ပြီးခဲ့တဲ့နှစ်က နယူးကာဆယ် အသင်းကို အနိုင်ရခဲ့တဲ့ ကာရာဘောင်းလိဂ်ဖလား ဗိုလ်လုပွဲစဉ်ကို တက်ရောက်ကြည့်ရှု ပြီးနောက်ပိုင်း အသင်းရဲ့ ပွဲတွေနဲ့ဝေးကွာနေတာ ဖြစ်ပါတယ်။ 

ဂျိုရယ်လ်ဂလေဇာကိုလည်း လွန်ခဲ့တဲ့ ၅ နှစ်က ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ် နောက်ပိုင်း အိုးထရက်ဖို့ဒ် မှာ မြင်တွေ့ရခြင်း မရှိတော့တာပါ။ 

ဆာဂျင်ရက်ကလစ်ဖ်ကတော့ စပါးအသင်းနဲ့ ပွဲစဉ်ကစတင်ပြီး ယူနိုက်တက်အသင်းရဲ့ ပွဲစဉ်တွေကို မကြာခဏ တက်ရောက် ကြည့်ရှုနိုင်ဖို့ ပြင်ဆင်ထားပြီး ဆာဒေ့ဗ်နဲ့ ဘလန့်စ်တို့ကတော့ အမြဲတမ်းကြည့်ရှုနေမှာ ဖြစ်ပါတယ်။ 

INEOS ရဲ့ ပေါင် ၁.၃ ဘီလီယံ အရောင်းအဝယ်ကို ဂလေဇာမိသားစုဘက်က မီးစိမ်းပြထားပေမယ့် ပရီးမီးယားလိဂ် ရဲ့ အတည်ပြုချက်ကို ရရှိဖို့ စောင့်ဆိုင်းနေရဆဲ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Source: Metro